Tuesday, December 12, 2023

ဗလငါးတန်နှင့်ပြည့်စုံပြီး ထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

 

နေပြည်တော် ဒီဇင်ဘာ ၁၁

နိုင်ငံတော်မှ အားထားရသည့် လူငယ်များဖြစ်လာစေရန်၊ ပညာရေးကိုအခြေခံပြီး ကျန်းမာကြံ့ခိုင်သည့် လူငယ်များဖြစ်လာစေရန်နှင့် အတွေးအခေါ်မှန်ကန်၍ ဗလငါးတန်နှင့်ပြည့်စုံပြီး ထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီမှ ကြီးမှူးကျင်းပသည့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးမင်းညွန့်နှင့် လူငယ်ရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဇေယျာသီရိမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

နိုင်ငံ့သားကောင်းများဖြစ်စေရေး

ဦးစွာ ဒုတိယဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လူငယ်များကို အတွေးအခေါ်မှန်ကန်ပြီး နိုင်ငံတော်ကို အကျိုးပြုနိုင်မည့် နိုင်ငံ့သားကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် လူငယ်ရေးရာဦးစီးဌာနကို ဖွဲ့စည်းပေးခဲ့ကြောင်း၊ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များ ဖြစ်လာစေရေးအတွက် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးရန်နှင့် အကျင့်စာရိတ္တကောင်းမွန်ပြီး အသိဉာဏ်ဖွံ့ဖြိုးသူများ ဖြစ်လာစေရေးအတွက် စနစ်တကျလေ့ကျင့်ပျိုးထောင်လာရန်လိုကြောင်း၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလေးထား၍ ကျရာအခန်းကဏ္ဍမှ အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်ရေးရာမူဝါဒတွင် ပါဝင်သည့် အဓိကကဏ္ဍ ၁၆ ရပ်ကို အကောင် အထည်ဖော်ဆောင်ရာတွင် ဦးဆောင် ဝန်ကြီးဌာနအနေဖြင့် ဆက်စပ်ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ပြီးလူငယ်များ၏ ပူးပေါင်းပါဝင်မှုဖြင့် ပြည်သူလူထုနှင့်လက်တွဲကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ဉာဏ်စမ်းမေးခွန်းများမေးမြန်း

ဆက်လက်၍ စာရေးဆရာမ သက်သက်နွယ်(ရန်ကုန် တက္ကသိုလ်)က “လူငယ်နှင့်ပညာရေး” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပို့ချပြီး ဗဟုသုတဉာဏ်စမ်းမေးခွန်းများ မေးမြန်း၍ ဆုလက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးအပ်ကာ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှ ဝန်ထမ်းအားကစားသမား လူငယ်များက ဂျူဒို၊ မြန်မာ့ရိုးရာခြင်းလုံး အားကစားနည်းများနှင့် Fitness Dance တို့ဖြင့် သရုပ်ပြ ကပြဖျော်ဖြေကြသည်။

ထို့နောက် ဒုတိယဝန်ကြီးက ဇေယျာသီရိမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်အေးထံ အားကစားပစ္စည်းများကို လည်းကောင်း၊ စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)ထံ ဂုဏ်ပြုလက်ဆောင်ပစ္စည်းကိုလည်းကောင်း၊ သရုပ်ပြအားကစားအဖွဲ့များထံ ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်အေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်

No comments:

Post a Comment