Monday, December 11, 2023

ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ရွှေပြည်သာစက်မှုဇုန်ရှိ လူမှုဖူလုံရေး-ဘေးမခ အထွေထွေရောဂါကုဆေးခန်းဖွင့်ပွဲ တက်ရောက်

 

ရန်ကုန် ဒီဇင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် ရွှေပြည်သာစက်မှုဇုန်ရှိ လူမှုဖူလုံရေး-ဘေးမခ အထွေထွေရောဂါကုဆေးခန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အကျုံးဝင်အလုပ်ဌာနများမှ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ၊ ဘေးမခဆေးခန်းမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ဆေးခန်းကို လှည့်လည်ကြည့်ရှုကြသည်။







ရန်ကုန်တိုင်းဒေသကြီးတွင် အကျုံးဝင်အာမခံအလုပ်သမား ၉၀၄,၀၀၀ ကျော်ရှိပြီး အဆိုပါ အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ရန်ကုန်အလုပ်သမားဆေးရုံကြီး (၂)ရုံ၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း (၂၂) ခန်း၊ ဌာနကြီးဆေးခန်း(၁၈) ခန်း၊ စာချုပ်ဆေးခန်း (၃၅)ခန်း၊ တိုင်းရင်းဆေးကုခန်း(၁)ခန်းတို့ဖွင့်လှစ်၍ ဝန်ဆောင်မှုပေးလျက်ရှိရာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ အာမခံအလုပ်သမား လူနာ ၆၃၃,၃၆၇ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ပြီး လူနာဦးရေ ၁၀၃,၀၇၃ ဦးအတွက် ဆေးဖိုးကုန်ကျငွေကျပ် ၇,၈၅၅ ဒသမ ၇၇၈ သန်းရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ရန်ကင်း)သို့ သွားရောက်၍ ဂဟေဆက်သင်တန်း၊ လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်း၊ မော်တော်ယာဉ် စက်ပြင်သင်တန်းများ စာတွေ့၊ လက်တွေ့သင်ကြားနေမှုများကို ကြည့်ရှုအားပေးပြီး သင်တန်းကျောင်းတွင် ကျင်းပသည့် မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA)၏ အမျိုးသားအဆင့်အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ၂၀၁၄ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့သည့် NSSA မှ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်းလုပ်ငန်းစဉ်များကို အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန(၂၅၆)ခုမှ အလုပ်အကိုင် အမျိုးအစား(၄၀)အတွက် ကျွမ်းကျင်လုပ်သား (၂၄,၄၂၃)ဦးကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ NSSA အနေဖြင့် ပြည်တွင်းရှိ ကျွမ်းကျင်လုပ်သားများကို ကျွမ်းကျင်မှုအလိုက် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးနေရုံသာမက အာဆီယံဒေသတွင်းရှိ နိုင်ငံများသို့ သွားရောက်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားများအတွက် နိုင်ငံအချင်းချင်း ကျွမ်းကျင်မှုများအပြန် အလှန်အသိအမှတ်ပြုနိုင်ရေး (Mutual Recognition of Skills - MRS) ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားပြီး တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးက အမှာစကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီး၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ UMFCC အထွေထွေအတွင်းရေးမှူးချုပ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌတို့မှ ကိုယ်စားလှယ်များက အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

သတင်းစဉ်

No comments:

Post a Comment