Tuesday, December 12, 2023

လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 

နေပြည်တော် ဒီဇင်ဘာ ၁၁

လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(/၂၀၂၃)ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးကြည်၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံမိခင် နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ကိုယ်စားလှယ် ၂၁ ဦးတို့ တက်ရောက်ကြသည်။

ဦးစွာ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ၏ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ စတုတ္ထငါးနှစ်စီမံကိန်း(၂၀၂၂ -၂၀၂၆)(၂၀၂၃)ခုနှစ် လုပ်ငန်းစီမံချက်တွင် မိမိတို့လုပ်ငန်းကော်မတီက အဓိကအကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းရပ် ၃၆ ခုတွင် ၂၃ ခုကို အကောင်အထည်ဖော်ဆောင်ရွက် နိုင်ခဲ့သည့်အတွက် ရာခိုင်နှုန်းအားဖြင့် ၆၄ ရာခိုင်နှုန်းပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် လုပ်ငန်း စီမံချက်ရေးဆွဲရာတွင် ပြောင်းလဲဖြစ်ပေါ်နေသော လူကုန်ကူးမှုလမ်းကြောင်းများ၊ လူကုန်ကူးမှုပုံစံ အသစ်များနှင့် အသုံးပြုသည့်နည်းလမ်းများကိုအထူး ဂရုပြုတားဆီးကာကွယ်ရေး၊ လူကုန်ကူးခံရသူအဖြစ် စိစစ်ဖော်ထုတ်သတ်မှတ်နိုင်ရေး၊ လူကုန်ကူးခံရသူများကို ကာကွယ်စောင့်ရှောက်ရေးစသည့် လုပ်ငန်းနယ်ပယ်များကို ထည့်သွင်းစဉ်းစားရေးဆွဲကြရမည် ဖြစ်ကြောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ၏ အားသာချက်၊ အားနည်းချက် များကိုဖော်ထုတ်၍ ရှေ့လုပ်ငန်းစဉ်များအတွက် အကြံပြုဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသူများက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို ဆွေးနွေးတင်ပြကြပြီး အစည်းအဝေးဆုံးဖြတ်ချက် ၁၀ ချက် ချမှတ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment