ရန်ကုန် ဒီဇင်ဘာ ၆
ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် (အရှေ့ပိုင်း) ရွာသာကြီးရှိ ကုန်းတွင်းဆိပ် (DRY PORT) များဖြစ်သော KM DRY PORT နှင့် Resources Group DRY PORT များ၌ လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် KM DRY PORT နှင့် RG DRY PORT တာဝန်ရှိသူများက ကုန်းတွင်းဆိပ်များတွင် ကုန်ပစ္စည်း တင်သွင်း/တင်ပို့ခြင်း၊ အကောက်ခွန်ကုန်လှောင်ရုံအတွင်းသို့ ကုန်ပစ္စည်းများ ထည့်သွင်းခြင်း/ ထုတ်ပေးခြင်း စသည့်လုပ်ငန်းဆောင်ရွက်နေမှု၊ တင်သွင်း/ တင်ပို့မည့် ကုန်ပစ္စည်းများကို ကုန်လှောင်ရုံစီမံ ခန့်ခွဲသည့်စနစ်များ အသုံးပြု၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများကို ရှင်းလင်းတင်ပြ သည်။
ထို့နောက် အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူက ကုန်းတွင်းဆိပ်တွင် ကုန်သေတ္တာများ တင်သွင်း/ တင်ပို့မှုအခြေအနေများ၊ အကောက်ခွန်ကုန်လှောင်ရုံ (BONDED WAREHOUSE) ၌ တင်သွင်း ကုန်ပစ္စည်းများနှင့် လျှပ်စစ်သုံးမော်တော်ယာဉ်များ ထုတ်ပေးနေမှုနှင့် တင်ပို့မည့်ကုန် သေတ္တာများ စစ်ဆေးဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြပြီး အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေက ကုန်းတွင်းဆိပ်နှင့် အကောက်ခွန် ကုန်လှောင်ရုံလုပ်ငန်း ဆောင်ရွက်နေမှုများအပေါ် ဖြည့်စွက်ရှင်းလင်း တင်ပြသည်။
ယင်းနောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များနှင့် စပ်လျဉ်း၍ ၂၀၂၀ ပြည့်နှစ်က စတင်ခဲ့သည့် ကုန်းတွင်းဆိပ်နှင့် အကောက်ခွန် ကုန်လှောင်ရုံ လုပ်ငန်းများကို ကုန်သွယ်ရေးဦးစီးဌာန၊ မြန်မာ့မီးရထား၊ အကောက်ခွန်ဦးစီးဌာနတို့ လုပ်ငန်းဆက်စပ်ဆောင်ရွက် နေကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ကုန်းတွင်းဆိပ်လုပ်ငန်းသည် ပြည်တွင်းအတွက်သာ ရည်ရွယ် ဆောင်ရွက်ခြင်းမဟုတ်ဘဲ နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်သည်အထိ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့တွင် ကုန်းတွင်းဆိပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် နေပြီဖြစ်သည့်အတွက် ဆက်စပ်လုပ်ဆောင်နိုင်ရန် လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံသည် ပထဝီအနေ အထားအရ အရှေ့တောင်အာရှ၏ သယ်ယူပို့ဆောင်မှုလမ်းကြောင်းတွင် အချက်အချာကျသဖြင့် ရရှိနိုင်သည့် အခွင့်အလမ်းများကို ရယူအသုံးချနိုင်ရန် လိုအပ်ကြောင်း။
ယခု ကုန်းတွင်းဆိပ်နေရာသည် ကုန်ထုတ်လုပ်မှုဇုန်အနီးဝန်းကျင်တွင် ရှိနေသည့်အတွက် အခွင့်အလမ်းများစွာရှိပါကြောင်း၊ တင်ပြချက်တွင်လည်း မန္တလေး (မြစ်ငယ်) မှ ရန်ကုန်(သီလဝါ) ဆိပ်ကမ်းသို့ ပို့ကုန်များ ရထားဖြင့် တိုက်ရိုက်တင်ပို့ရန် စီစဉ်ဆောင်ရွက်နေပြီဟု သိရှိရပါကြောင်း၊ ထိုသို့တင်ပို့နိုင်ပါက ပို့ကုန်အခွင့်အလမ်းများစွာရရှိနိုင်မည် ဖြစ်ပါကြောင်း၊ သယ်ယူပို့ဆောင်ရာတွင်လည်း ကုန်သေတ္တာအသုံးပြု၍ ဆောင်ရွက်ပါက ပိုမိုအဆင်ပြေ မည်ဖြစ်ပါကြောင်း၊ လက်ရှိအသုံးပြုနေသည့် E-Lock စနစ်ကိုလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုစေလိုကြောင်း၊ အနာဂတ်တွင် ကုန်းတွင်းဆိပ်၌ ကုန်ပစ္စည်းများ စစ်ဆေးနိုင်ရန်အတွက် X-Ray စက်များကို အသုံးပြုရန်လိုအပ်ကြောင်း၊ ပုဂ္ဂလိကဘက်ကလည်း အကောက်ခွန် ကုန်လှောင်ရုံလုပ်ငန်းများနှင့် ပတ်သက်၍ ရိုးရိုးသားသား၊ မှန်မှန်ကန်ကန်၊ စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် လုပ်ငန်းအခက် အခဲများရှိပါက ပြန်လည်ဖြေရှင်းပေးမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း နှစ်ဦးနှစ်ဖက် အကျိုးရှိအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အနာဂတ်ကို မှန်းဆပြီး လုပ်ငန်းများ စနစ်တကျ ပြင်ဆင်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ကုန်းတွင်းဆိပ်များတွင် လုပ်ငန်း ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုလေ့လာပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment