Tuesday, December 12, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၅) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား

 

နေပြည်တော် ဒီဇင်ဘာ ၁၁

တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၅) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ တပ်မတော်နည်းပညာတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။









အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး၊ ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူများ၊ ကျောင်းဆင်း ဗိုလ်လောင်းများ၏ မိဘအုပ်ထိန်းသူများဖြစ်သည့် တပ်မတော်နည်းပညာတက္ကသိုလ်၊ စာပေဌာနနှင့် လေ့ကျင့်ရေးဌာနတို့မှ နည်းပြအရာရှိများနှင့် ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဗိုလ်လောင်းတပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြ

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး ကျောင်းဆင်းဗိုလ်လောင်း တပ်ခွဲကိုစစ်ဆေးသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်အား ဗိုလ်လောင်းတပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်က တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းအမှတ်စဉ်(၂၅)မှ အောင်စစ်သည်ဆု ရရှိသူဗိုလ်လောင်း အမှတ် ၈၁၉၇၊ ဗိုလ်လောင်း ကောင်းခန့်ဇော်၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၈၂၆၂ ၊ ဗိုလ်လောင်း ဘုန်းမြင့်ကျော်၊ စာပေထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၈၂၂၄ ၊ ဗိုလ်လောင်း စိုင်းမင်းသန့်တို့ကို ဆုများပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်က သင်တန်းဆင်းမိန့်ခွန်းပြောကြားရာတွင် အင်ဂျင်နီယာပညာရပ်သည် သင်္ချာပညာရပ်နှင့် သိပ္ပံပညာရပ်များကို သင်ယူမှု၊ လေ့လာမှု၊ လက်တွေ့ဆောင်ရွက်မှုများမှတစ်ဆင့် သဘာဝပတ်ဝန်းကျင်ကို ပြုပြင်ဖန်တီးခြင်းဖြစ်ပြီး လူမှုအဖွဲ့အစည်း တိုးတက်ဖွံ့ဖြိုးစေရန်အတွက် လိုအပ်သည့် အခြေခံအဆောက်အဦများ၊ စက်ပစ္စည်းနှင့်ယာဉ် ယန္တရားများ၊ အခြားခေတ်မီရုပ်ဝတ္ထုပစ္စည်းများကို တီထွင်ထုတ်လုပ်မှုအတွက် အသုံးချရသည့်ပညာရပ် ဖြစ်ကြောင်း။

အခြေခံကျင့်ဝတ်များကိုတိကျစွာလိုက်နာ

အမိတက္ကသိုလ်ကြီးက အရည်အချင်းပြည့်ဝသည့် အင်ဂျင်နီယာများအဖြစ် မွေးထုတ်ပေးရာတွင် အခြေခံကျသည့် အင်ဂျင်နီယာပညာရပ်များအပြင် သက်ဆိုင်ရာ ပညာရပ်နယ်ပယ်အလိုက် အင်ဂျင်နီယာဒဿနအမြင်နှင့် အင်ဂျင်နီယာကျင့်ဝတ်များကို သိရှိလိုက်နာနိုင်စေရန် ဖြည့်စွက်သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်း၊ အင်ဂျင်နီယာပညာရပ်ဆိုင်ရာ အခြေခံကျင့်ဝတ်များဖြစ်သည့် တိကျခိုင်မာမှု၊ ရိုးသားဖြောင့်မတ်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုစသည့် အခြေခံအုတ်မြစ်ကောင်းများ ရရှိပြီးဖြစ်သဖြင့် လက်တွေ့နယ်ပယ်တွင် အင်ဂျင်နီယာလုပ်ငန်းများ ဆောင်ရွက်သည့်အခါ အင်ဂျင်နီယာပညာရပ်ဆိုင်ရာ အခြေခံကျင့်ဝတ်များကို တိကျစွာလိုက်နာကျင့်ကြံ လုပ်ဆောင်သွားကြရန် မှာကြားလိုကြောင်း။

သင်ယူခဲ့သည့် အထူးပြုဘာသာရပ်များအပေါ်မူတည်ပြီး တပ်မတော် (ကြည်း၊ ရေ၊ လေ) လက်ရုံး တပ်ဖွဲ့အသီးသီးတွင် တာဝန်ထမ်းဆောင်ကြရမည် ဖြစ်သော်လည်း တပ်မတော် နည်းပညာတက္ကသိုလ်က သင်ကြားပေးလိုက်သည့် အခြေခံအင်ဂျင်နီယာ ပညာရပ်များသည် တူညီမှုရှိသည့်အတွက် လက်ရုံးဝန်ထမ်း တပ်ဖွဲ့အချင်းချင်း ညှိနှိုင်းပေါင်းစပ်လုပ်ကိုင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ရာတွင် လက်ရုံးဝန်ထမ်းတပ်ဖွဲ့များသည် ခြေလျင်တပ်ဖွဲ့များနှင့်အတူ စစ်ရေးအသိ၊ စစ်ရေးသတိရှိစွာဖြင့် သက်ဆိုင်ရာ ကျွမ်းကျင်မှုနယ်ပယ်အလိုက် ညှိနှိုင်းပေါင်းစပ် တိုက်ပွဲဝင်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်သားများသည် တိုင်းပြည်ကိုကာကွယ်ရန် မိမိဆန္ဒအလျောက် တပ်မတော်သို့ ဝင်ရောက်လာသူများ ဖြစ်သည့်အတွက် တိုက်ပွဲဝင်ရာတွင် ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်း ဆိုသည့် တိုက်ပွဲဝင်စိတ်ဓာတ်ရှိရမည်ဖြစ်ကြောင်း။

တပ်မတော်သားအင်ဂျင်နီယာ သားကောင်းများဖြစ်အောင် ကြိုးပမ်းအားထုတ်

စစ်မြေပြင်အတွက် မိမိတို့တတ်ကျွမ်းသည့် အင်ဂျင်နီယာအတတ်ပညာများကို အသုံးချရမည် ဖြစ်သကဲ့သို့ သင်ကြားပေးလိုက်သည့် စစ်နည်းဗျူဟာ ဘာသာရပ်များကိုလည်း အသုံးချပြီး ခြေလျင်တပ်ဖွဲ့များကဲ့သို့ တိုက်ပွဲဝင်နိုင်ရေး ကြိုးစားလုပ်ဆောင် သွားကြရန်လိုအပ်ကြောင်း၊ ထိုသို့လုပ်ဆောင်နိုင်ရန်အတွက် ရုပ်ပိုင်းဆိုင်ရာဖြစ်သည့် ကိုယ်ခန္ဓာကြံ့ခိုင် သန်စွမ်းမှုအပြင် စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်ရန်အတွက် တိုက်ပွဲဝင်စိတ်ဓာတ်နှင့် ရဲစွမ်းသတ္တိများ တိုးတက်ကောင်းမွန်အောင် လေ့ကျင့်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် အင်ဂျင်နီယာပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှု၊ စစ်ပညာတတ်ကျွမ်းမှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ စည်းကမ်းကောင်းမွန်မှုတို့ကို အခြေခံပြီး အင်ဂျင်နီယာအတတ်ပညာနှင့် စစ်ပညာများကို လေ့လာ၊ လေ့ကျင့်၊ လိုက်နာဆိုသည့်ဆောင်ပုဒ်နှင့်အညီ စဉ်ဆက်မပြတ် လေ့ကျင့်သင်ယူပြီး ရဲစွမ်းသတ္တိပြည့်ဝသည့် တပ်မတော်သားအင်ဂျင်နီယာ သားကောင်းများဖြစ်အောင် ကြိုးပမ်းအားထုတ်သွားကြရန် အထူးအလေးထားမှာကြားလိုကြောင်း။

ကမ္ဘာပေါ်တွင် ထုထည်အကြီးမားဆုံးနှင့် ဉာဏ်တော်အမြင့်ဆုံး စကျင်ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို နေပြည်တော်တွင် တည်ထား ကိုးကွယ်ခဲ့ရာတွင် တပ်မတော်သားအင်ဂျင်နီယာ ပညာရှင်များအနေဖြင့် အဓိကကျသည့် အခန်းကဏ္ဍက ပါဝင်ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။

ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ထုဆစ်မည့် စကျင်ကျောက်တုံးတော်ကြီးကို ရေကြောင်း၊ ကုန်းကြောင်းတို့ဖြင့် နေပြည်တော်သို့ သယ်ယူပင့်ဆောင်ရာတွင် တူးမြောင်းဖောက်လုပ်ခြင်း၊ လိုအပ်သည့်လမ်းများ ဖောက်လုပ်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်း၊ ပလ္လင်အောက်ခံ Foundation တည်ဆောက်ခြင်း၊ မြေငလျင်ဒဏ်၊ လေပြင်းမုန်တိုင်းနှင့် လျှပ်စစ်မိုးကြိုး ဒဏ်ခံနိုင်ရေးတို့အတွက် အင်ဂျင်နီယာပညာရပ်ဆိုင်ရာ ရှုထောင့်မျိုးစုံက စဉ်းစားသုံးသပ်ပြီး စနစ်တကျ တွက်ချက်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ခေတ်မီအဆင့်မြင့်နည်းပညာသုံး CNC စက်ကြီးများအသုံးပြုပြီး ရုပ်ပွားတော်မြတ်ကြီးကို ထုဆစ်ပုံဖော်ခြင်းအပါအဝင် ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်ရာ၌ သံမဏိမျှော်စင်နှင့် သံမဏိပန်းတောင်း တည်ဆောက်အသုံးပြုခြင်းများကို ပြည်ပမှ အတတ်ပညာရှင်များမပါဘဲ တပ်မတော်သား အင်ဂျင်နီယာများက မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ ပညာရှင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်မှုအပေါ် နိုင်ငံတကာအင်ဂျင်နီယာ အဖွဲ့အစည်းများကပါ အသိအမှတ်ပြုမှုရရှိခဲ့ခြင်းကြောင့် စွမ်းရည်ပြည့်ဝသည့် တပ်မတော်သားအင်ဂျင်နီယာများအတွက် များစွာဂုဏ်ယူဝမ်းမြောက်မိသည်ကို အသိအမှတ်ပြု ပြောကြားလိုကြောင်း။

စစ်ဘက်နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုများကို မျက်ခြည်အပြတ်မခံဘဲ လေ့လာနေ

ခေတ်မီတပ်မတော် တည်ဆောက်ရေးတွင် အဓိကကျသည့် စစ်အသုံးအဆောင်ပစ္စည်း၊ လူ့စွမ်းအားအရင်းအမြစ်နှင့်ကျွမ်းကျင်မှုစသည့် ကဏ္ဍသုံးရပ်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ကြရမည်ဖြစ်သကဲ့သို့ တိုးတက်ပြောင်းလဲနေသည့် စစ်ပွဲဆိုင်ရာ အယူအဆများ၊ ပုံသဏ္ဌာန်များ၊ စစ်လက်နက်အသစ်အဆန်းများနှင့် စစ်ဘက်နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုများကို မျက်ခြည်အပြတ်မခံဘဲ လေ့လာနေရန်လိုအပ်ကြောင်း၊ ကြည်း၊ ရေ၊ လေနှင့် လက်ရုံးဝန်ထမ်း တပ်ဖွဲ့များအားလုံးကို ခေတ်နှင့်လျော်ညီအောင် အဆင့်မြှင့်တင်မှုများ လုပ်ဆောင်နိုင် ရန်အတွက် အင်ဂျင်နီယာတပ်ဖွဲ့ဝင်များအနေနဲ့ ကာကွယ်ရေးဆိုင်ရာကဏ္ဍတွင် လိုအပ်သည့် အသစ်တီထွင်ထုတ်လုပ်မှုနှင့် အဆင့်မြှင့်တင်မှုများကို အင်ဂျင်နီယာ စွမ်းပကား၊ တပ်မတော်အား ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကြိုးပမ်းလုပ်ဆောင်သွားကြရန် မှာကြားလိုကြောင်း။

ယနေ့ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းများကို ကြည့်မယ်ဆိုပါက ခေတ်မီနည်းပညာများနှင့်စစ်မှု သိပ္ပံနည်းပညာများ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ အင်အားကြီးနိုင်ငံအုပ်စုများ၏ ဖွံ့ဖြိုးဆဲ နိုင်ငံငယ်များအပေါ် စစ်ရေးအရလွှမ်းမိုးချုပ်ကိုင်လိုမှု၊ နိုင်ငံရေးအရ မိမိဩဇာခံအဖြစ် ထားရှိလိုမှုများကြောင့် ဖြစ်ပေါ်နေသည့် ခေတ်သစ်စစ်ပွဲများ၏ အသွင်သဏ္ဌာန်များကို ကောင်းစွာသိရှိနားလည် ထားရမည်ဖြစ်ကြောင်း။

ယနေ့နိုင်ငံများအကြား ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများကို လေ့လာကြည့်မည်ဆိုပါက အင်အား ကြီး နိုင်ငံများက နောက်ကွယ်မှ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ဝါဒဖြန့်ချိရေး၊ သံတမန်ရေး စသည့်နည်းလမ်းများနှင့် ဘက်စုံစစ်ပွဲအသွင် ဖော်ဆောင်ပြီး လုပ်ဆောင်နေကြသည်ကိုတွေ့မြင် ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဖြစ်စဉ်ဖြစ်ရပ်တစ်ခုကို အပေါ်ယံမြင်ကွင်းလောက်သာ သုံးသပ်သိရှိခြင်းမျိုးထက် မြင်ကွင်းနောက်ကွယ်က အကြောင်းတရားများကိုပါ စဉ်းစားဖော်ထုတ်နိုင်စွမ်းရှိအောင် လုပ်ဆောင်သွားရန် လိုအပ်ကြောင်း။

စစ်ဘက်ဆိုင်ရာ သိပ္ပံနှင့်နည်းပညာများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် ခေတ်သစ်စစ်ပွဲများတွင် သက်ရှိလူသားများ ဦးဆောင်ကွပ်ကဲထိန်းချုပ် သည့် နည်းပညာအဆင့်မှ AI (Artificial Intelligence) ဟုခေါ်သည့် ဉာဏ်ရည်တုနည်းပညာအသုံးပြုကွပ်ကဲ ထိန်းချုပ်မှုနည်းပညာအဆင့်အထိ တိုးတက်ပြောင်းလဲ လာသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ခေတ်သစ်စစ်ပွဲများတွင် ဖြစ်ပေါ်လျက်ရှိသည့် စစ်မှုရေးရာတော်လှန်ပြောင်းလဲမှု နည်းပညာများနှင့် ဉာဏ်ရည်တုနည်းပညာ(AI) အခန်းကဏ္ဍကိုလည်း စဉ်ဆက်မပြတ် လေ့လာသင်ယူရန် လိုအပ်ကြောင်း။

ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲကမ္ဘာ့နိုင်ငံအများစုအနေဖြင့် ခေတ်သစ်စစ်ပွဲများကို မျှော်မှန်းပြီး ခေတ်မီတပ်မတော်တစ်ရပ် တည်ဆောက်ရာတွင် ဉာဏ်ရည်တုနည်းပညာအပြင် အခြားကာကွယ်ရေးသုတေသနလုပ်ငန်းများတွင်လည်း များစွာရင်းနှီးမြှုပ်နှံလာကြသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ နည်းပညာအခြေပြု ခေတ်မီတပ်မတော်တစ်ရပ် တည်ဆောက်ရေးကို အပြိုင်အဆိုင် လုပ်ဆောင်လာကြသည့်နည်းတူ သတင်းအချက်အလက်စီးဆင်းမှု လွယ်ကူမြန်ဆန်မှုကြောင့် နည်းပညာရပ်များ တစ်ဟုန်ထိုး ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး ကမ္ဘာ့အခင်း အကျင်း ပြောင်းလဲမှုများသည် လျင်လျင်မြန်မြန် ဖြစ်ပေါ်လျက်ရှိသည်ကိုလည်း အမြဲသတိချပ်နေရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထိုသို့ပြောင်းလဲတိုးတက်နေသည့် နည်းပညာများကို အမီလိုက်နိုင်ရန်အတွက် နိုင်ငံတကာတွင် ဖြစ်ပေါ်တိုးတက်နေသည့် စစ်မှုသိပ္ပံ နှင့် နည်းပညာများကို စဉ်ဆက်မပြတ်လေ့လာပြီး မိမိနိုင်ငံအတွက် အကောင်းဆုံးအသုံးချသွားရမည် ဖြစ်ကြောင်း။

တပ်မတော်သည် နိုင်ငံတော်၏အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန် ရှိသည့်အတွက် တိုက်ပွဲစွမ်းရည်နှင့် တိုက်ပွဲစွမ်းအားရှိသည့် ကျစ်လျစ်ခိုင်မာတောင့်တင်းသော တပ်မတော်ဖြစ်စေရေးစစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်နှင့် စည်းရုံးရေးစွမ်းရည်ဆိုသည့် စွမ်းရည် သုံးရပ်ပြည့်စုံနေရန်လိုအပ်ကြောင်း၊ စွမ်းရည်သုံးရပ် ပြည့်စုံရန်အတွက် တပ်တိုင်း ရဲဘော်တိုင်းတွင်ရှိရမည့် အခြေခံအရည်အချင်း ၅ ပါး ဖြစ်သည့် စိတ်ဓာတ်၊ စည်းကမ်း၊ သစ္စာ၊ စည်းလုံးမှုနှင့်စွမ်းရည် သုံးရပ်ပြည့်စုံမှုရှိရန် လိုအပ်မည်ပင်ဖြစ်ကြောင်း၊ စွမ်းရည်သုံးရပ်သည် အပြန်အလှန် ချိတ်ဆက်နေပြီး အုပ်ချုပ်ရေးစွမ်းရည် ပြည့်စုံကောင်းမွန်မှုမှတစ်ဆင့် စစ်ရေးစွမ်းရည်တိုးတက်အောင်မြင်ခြင်းနှင့်စည်းရုံးရေးစွမ်းရည်သည်လည်း ပိုမိုခိုင်မာလာမည်ဖြစ်ကြောင်း။

ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ ဆောင်ရွက်

တပ်မတော်အနေဖြင့် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်နေရသည့် အချိန်အတွင်း၌ နိုင်ငံတော်နှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ ဆောင်ရွက်သွားကြရမည်ပင်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်သည့်နေရာတွင် တပ်တွင်း၊ တပ်ပြင်စည်းရုံးရေးလုပ်ငန်းများကို လက်တွေ့ကျကျ ထိရောက်အောင်မြင်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တပ်တွင်းစည်းလုံးညီညွတ်ရေးကို တည်ဆောက်ရာတွင် ခေါင်းဆောင်ကောင်းအင်္ဂါရပ်များနှင့်အညီ ကွပ်ကဲအုပ်ချုပ်ပြီး စစ်သည်တော်ကျင့်ဝတ်အပါး(၆၀)ကို တိတိကျကျ လိုက်နာကျင့်ကြံ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိလက်အောက်ငယ်သားများအပေါ် မျှတသည့်စိတ်ထား၊ မှန်ကန်သည့် သဘောထား၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ အဆင့်နှင့် လျော်ညီသည့် လုပ်ငန်းကျွမ်းကျင်မှုအပြင် ရဲဘော်ရဲဘက်စိတ်ထားရှိကာ ကွပ်ကဲအုပ်ချုပ်ပြီး တပ်နေပျော်စေရေးနှင့် သက်သာချောင်ချိရေးကောင်းမွန်စေရန် အမြဲစီမံဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။

တပ်ပြင်စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ပြည်သူလူထုအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ်များနှင့်အညီ လိုက်နာကျင့်ကြံနေထိုင်ပြီး ပြည်သူလူထု၏ အကျိုးစီးပွားကို မိမိတို့တတ်စွမ်းသမျှ ကူညီဆောင်ရွက်သွားကြရမည်ပင်ဖြစ်ကြောင်း၊ တပ်မတော်သည် ပြည်သူကြားက ပေါက်ဖွားလာသည့် တိုင်းရင်းသားပေါင်းစုံနှင့် ဖွဲ့စည်းထားသည့် တပ်မတော်ဖြစ်ခြင်းကြောင့် ပြည်သူလူထု၏ နေ့စဉ်ဘဝလုံခြုံရေးကို ဘက်ပေါင်းစုံက တတ်စွမ်းသမျှ ကူညီဆောင်ရွက်ပေးကြရမည်လည်း ဖြစ်ကြောင်း။

ပြည်သူ့အကျိုးပြုလုပ်ငန်းများကို အားသွန်ခွန်စိုက်ဆောင်ရွက်

ထို့ကြောင့် မိမိတို့တာဝန်ကျရာ တပ်ဖွဲ့၊ နယ်မြေဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းအပြင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ ကူညီစောင့်ရှောက်ပေးခြင်းလုပ်ငန်း များတွင်လည်း အားတက်သရော စွမ်းစွမ်းတမံ ဆောင်ရွက်ပေးကြရမည်ပင်ဖြစ်ကြောင်း၊ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည် ဆိုသည့်အတိုင်း နိုင်ငံတစ်ဝန်းလုံးတွင်ရှိသည့် တိုင်းရင်းသားညီအစ်ကိုများ ချစ်ကြည်ရင်းနှီး စည်းလုံးညီညွတ်စွာရပ်တည်ပြီး အမျိုးသားရေးတာဝန်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်နိုင်ရန် တပ်မတော်သည် ပြည်သူများနှင့် တစ်သားတည်းဖြစ်ရန် လိုအပ်ကြောင်း၊ ပြည်သူလူထု၏ အားပေးထောက်ခံမှုသည် နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းများတွင် အရေးကြီးသော အခြေခံအချက်ဖြစ်သည့်အတွက် တာဝန်ကျရာဒေသ အသီးသီးရောက်ရှိချိန်တွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို အားသွန်ခွန်စိုက်ဆောင်ရွက်ပြီး တပ်ပြင်စည်းရုံးရေး အောင်မြင်အောင် ဆောင်ရွက်သွားကြရန် အလေးထားမှာကြားလိုကြောင်း ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီး စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။

စစ်ရေးပြအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်သည် တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းဌာနချုပ် ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်းသုံးဦးကိုတွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။

ဂုဏ်ပြုအမှာစကားပြောကြားရာတွင် သင်တန်း ၆ နှစ်တာကာလအတွင်း မလျှော့သည့် ဇွဲ၊ လုံ့လ၊ ဝီရိယများဖြင့် ကြိုးပမ်းအားထုတ်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ထူးချွန်ဆုများကို ရရှိကြခြင်းဖြစ်ကြောင်း၊ မိမိအနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ဝမ်းမြောက်ဂုဏ်ယူသကဲ့သို့ မိဘများကိုယ်စားလည်း ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ရည်မှန်းချက်များထားရှိ၍ ဆောင်ရွက်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ထူးချွန်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ရှေ့ဆက်၍ အရာရှိများအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ချိန်တွင် ရည်မှန်းချက်တာဝန်များကို ထမ်းဆောင်ရာ၌ သင်တန်းတက်ရောက်စဉ် စည်းကမ်းလိုက်နာမှု၊ ကြိုးပမ်းအားထုတ်ခဲ့မှုများ အတိုင်း ဆက်လက်၍ ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ကျောင်းဆင်းအရာရှိများအနေဖြင့် အနာဂတ်တွင် တပ်မတော်၏ ပခုံးပြောင်းတာဝန်များကို ထိုက်ထိုက်တန်တန် တာဝန်လွှဲပြောင်းထမ်းဆောင်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ လူတိုင်း ပထမဖြစ်ခွင့်ရှိသော်လည်း လူတိုင်းပထမမရနိုင်ကြောင်း၊ ယခုကဲ့သို့ ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ပထမနေရာကို ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ထို့ကြောင့် မိမိကိုယ်ကိုထိန်းသိမ်း၍ မိမိဘဝတိုးတက်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြ စေလိုကြောင်း၊ မိမိတို့၏ ကြိုးပမ်းဆောင်ရွက်မှုကို အများက အသိအမှတ်ပြုအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်အပေါ်၊ တပ်မတော်အပေါ်၊ မိမိအထက်အကြီးအကဲနှင့် လက်အောက်ငယ်သားများအပေါ် သစ္စာရှိစွာဖြင့် ရိုးသားစွာ ဆောင်ရွက်သွားမည်ဆိုပါက မိမိတို့ဘဝတိုးတက်ရေးအတွက် များစွာအထောက်အကူပြုမည် ဖြစ်ကြောင်း၊ အလားတူ မိမိတို့၏ဘဝကို လမ်းညွှန်သွန်သင် ဆုံးမပေးခဲ့သည့် မိဘနှင့်ဆရာသမားများ၏ ကျေးဇူးကိုလည်း မမေ့ရန်လိုကြောင်း၊ အင်ဂျင်နီယာပညာရှင်များဖြစ်သဖြင့် Engineering Philosophy ကိုလည်း အသုံးချရန်လိုကြောင်း၊ နည်းပညာရပ်ဆိုင်ရာများဆောင်ရွက်ရာတွင် မိမိတို့ရှေ့မှ အင်ဂျင်နီယာပညာရှင်များနှင့် အချင်းချင်းတိုင်ပင်ဆွေးနွေး ဆောင်ရွက်ကြရန်လိုကြောင်း၊ နည်းပညာရပ်များ ပိုမိုသင်ကြား တတ်မြောက်ကျွမ်းကျင်သည့် အင်ဂျင်နီယာပညာ ရှင်ကြီးများ၊ နည်းပညာရှင်ကြီးများ ဖြစ်စေရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ တိုင်းပြည်အတွက်၊ တပ်မတော်အတွက်၊ ပြည်သူအတွက် အထောက်အကူပြုသည့် ပညာရှင်ကြီးများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း၊ မိမိတို့ဘဝကိုထိခိုက်စေနိုင်သည့် မူးယစ်သောက်စားပျော်ပါးခြင်းများကိုလည်း တတ်နိုင်သမျှ ရှောင်ကြဉ်ကြရန်လိုကြောင်း၊ လူတိုင်းသည် ဘက်စုံ၌မပြည့်စုံနိုင်သော်လည်း အကောင်းဆုံးဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်ခြင်းဖြင့် လူ့ဘဝ၏တိုးတက်မှုအကျိုးကို ခံစားရမည်ဖြစ်ကြောင်းအမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment