Saturday, December 23, 2023

(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော် အောင်မြင်စွာ ကျင်းပ ပြီးစီး ကျောင်းသားလူငယ်များနှင့် ပြည်သူများ တစ်ခဲနက် ပါဝင်ဆင်နွှဲခဲ့ကြ


 

နေပြည်တော် ဒီဇင်ဘာ ၂၂

(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော် တတိယနေ့ကို ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပလျက်ရှိရာ ဝန်ကြီးဌာနအသီးသီးမှ ဌာနဆိုင်ရာဝန်ထမ်းများ၊ အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများနှင့် ပညာရေးဒီဂရီကောလိပ်တို့မှ ဆရာဆရာမများ၊ ကျောင်းသားလူငယ်များနှင့် ပြည်သူများ စိတ်ပါဝင်စားစွာဖြင့် တစ်ခဲနက် လာရောက်လေ့လာကြည့်ရှုကြသည်။

ယနေ့သည် ပွဲတော်နောက်ဆုံးရက်ဖြစ်သည့်အတွက် ဝန်ကြီးဌာနအလိုက် စိတ်ဝင်စားဖွယ်ရာ ပြသထားသည့် ပြခန်းများအားလုံးတွင် အနယ်နယ်အရပ်ရပ်မှ စိတ်ပါဝင်စားစွာ လာရောက် လေ့လာကြသူများဖြင့် အထူးစည်ကားလျက်ရှိသည့်အပြင် တိုင်းရင်းသားရိုးရာစားသောက် ဆိုင်များတွင်လည်း ရိုးရာအစားအသောက်များအား စိတ်အားထက်သန်စွာ လာရောက်မြည်းစမ်း ကြသူများဖြင့်လည်း ကြိတ်ကြိတ်တိုးစည်ကားလျက်ရှိသည်။

ပြန်ကြားရေးဝန်ကြီးဌာန၏ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ပြခန်း၌လည်း “အသံအလှူ ကုသိုလ်ယူ” ဆောင်ပုဒ်ဖြင့် မျက်မမြင်သင်တန်းကျောင်းများမှ အမြင်အာရုံချို့တဲ့သူများ စိတ်ဓာတ် ခွန်အားမြင့်တက်စေရန်အတွက် ဗဟုသုတဖြစ်ထွန်းစေမည့် စာအုပ်၊ စာပေမျိုးစုံကို ဖတ်ကြား အသံသွင်း၍ အသံဖြင့်ကုသိုလ်ယူလှူဒါန်းနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိရာ ပွဲတော်ကျင်းပခဲ့သည့် သုံးရက်တာကာလအတွင်း နိုင်ငံ့ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် ပြည်သူ စုစုပေါင်း ၂၂၇ ဦးတို့က စာအုပ်ပေါင်း ၅၆ အုပ်ကို ဖတ်ကြားပြီး အသံကုသိုလ်အဖြစ် ပါဝင်လှူဒါန်းခဲ့ကြ ကြောင်း သိရှိရသည်။

ယင်းပြခန်း၌ပင် ပြည်သူများ တီဗွီဖန်သားပြင်မှသာ တွေ့မြင်နိုင်သည့် သတင်းစတူဒီယိုအတွင်း သတင်းကြေညာသည့်ပုံစံများကို ပြပွဲသို့ လာရောက်လေ့လာကြသူများ ကိုယ်တိုင်ဝင်ရောက်သတင်း ကြေညာဟန် သရုပ်ဆောင်နိုင်ပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထား သည့်အတွက် လူကြိုက်များသည့် ပြခန်းတစ်ခုလည်းဖြစ်ခဲ့သည်။

ထို့ပြင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ရေကြောင်းပြခန်းတွင် ရေယာဉ် မောင်းနှင်မှုသရုပ်ပြကွက်၊ သင်္ဘော Model ပုံစံငယ်များပြကွက်၊ ရေယာဉ်တည်ဆောက်သည့်အချိန် တွင် အသုံးပြုသည့် ဂဟေဆက်ခြင်းသရုပ်ပြကွက်၊ မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ် ကျောင်း ပုံစံငယ်ပြကွက်၊ လေကြောင်းပြခန်းတွင် စိတ်ဝင်စားဖွယ်ရာ လေယာဉ်ပုံစံငယ်များ ပြကွက်၊ မြန်မာ့မီးရထားပြခန်းတွင် ရန်ကုန်မြို့ပတ်ရထားလမ်းပြေးဆွဲမှုပုံစံငယ်ပြကွက်နှင့် ရထားပုံစံအမျိုးမျိုးတို့ကို ပြကွက်မျိုးစုံဖြင့် ခင်းကျင်းပြသထားရာ ရေကြောင်းနှင့် လေကြောင်းပညာ ရပ်တို့ကို စိတ်ဝင်စားကြသည့် ကျောင်းသားလူငယ်များအတွက် စိတ်အားထက်သန်ဖွယ်ရာ ပြကွင်း ပြကွက်များဖြစ်ခဲ့ပြီး လာရောက်လေ့လာကြသူများဖြင့် တစ်ခဲနက်စည်ကားခဲ့သည်။

အလားတူ ဝန်ကြီးဌာနအလိုက် စိတ်ဝင်စားဖွယ်ရာ စီစဉ်ပြုလုပ်ထားသည့် ကစားနည်းများနှင့် ဉာဏ်ရည်ဉာဏ်သွေး၊ အသိပညာဗဟုသုတများနှင့် ပေါင်းစပ်ဖြေဆိုရသည့် ဉာဏ်စမ်းပဟေဠိကစား နည်းများတွင်လည်း လာရောက်ပါဝင်ဖြေဆိုကြသည့် ကျောင်းသား၊ လူငယ်များဖြင့် အထူးစည်ကား လျက်ရှိသည့်အပြင် ကစားနည်းများနှင့် ပဟေဠိမေးခွန်းများကို ဖြေဆို အောင်မြင်ကြသူများကို လည်း အမှတ်တရလက်ဆောင်များ ပြန်လည်ချီးမြှင့်သည့် အစီအစဉ်ကြောင့်လည်း ပိုမိုပျော်ရွှင်ဖွယ်ရာဖြစ်စေခဲ့သည်။

ပညာရေးဝန်ကြီးဌာန၏ ဆရာအတတ်ပညာရေးပြခန်း၊ ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးပြခန်း၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးပြခန်း၊ မြန်မာနိုင်ငံ တိုင်းရင်းသားဘာသာစကားပြခန်း၊ အဆင့်မြင့်ပညာနှင့် အခြေခံပညာပြခန်းတို့တွင် ပညာရေးနှင့်ပတ်သက်သည့် ဗဟုသုတစာပေ များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဂေဟစနစ်ဆိုင်ရာပြကွက်များ၊ ဓာတုဗေဒ၊ ရူပဗေဒနှင့် ဇီဝဗေဒဘာသာရပ်များဆိုင်ရာ လက်တွေ့စမ်းသပ်ဆောင်ရွက်နေမှုများကို စာတွေ့၊ လက်တွေ့ ရှင်းလင်းဆောင်ရွက်ပေးခဲ့ရာ စိတ်ဝင်တစားလာရောက်လေ့လာကြသည့် အခြေခံပညာအထက် တန်းကျောင်းနှင့် ပုဂ္ဂလိကကျောင်းများမှ ကျောင်းသား ကျောင်းသူများဖြင့် အထူးစည်ကားခဲ့သည်။

လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့်လည်း ပွဲတော်လာ အသက် ၁၀ နှစ်အထက်ရှိ နိုင်ငံသားများအား စမတ်ကတ်များ ထုတ်ပေးနိုင်ရေးအတွက် ကိုယ်ရေးအချက် အလက်များ ကောက်ယူစိစစ်ပြီး ဂဏန်း ၁၀ လုံးပါဝင်သည့် UID နံပါတ်များ တစ်ချိန်တည်း ထုတ်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ လာရောက်ဆောင်ရွက်ကြသည့် ကျောင်းသား ကျောင်းသူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည်။

ဆိုင်ဘာလုံခြုံရေးပြခန်းတွင်လည်း ဆိုင်ဘာလုံခြုံရေးနှင့်ပတ်သက်သည့် အသိပညာပေး ပိုစတာများပြသခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခြင်း၊ ဆိုင်ဘာလုံခြုံရေးနှင့်ပတ်သက်သည့် အခြေခံပညာ၊ တက္ကသိုလ်နှင့် ပညာရှင်အဆင့် ဉာဏ်စမ်းပဟေဠိမေးခွန်းများကို ဖြေဆိုနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားခြင်းတို့ကြောင့်လည်း စိတ်ဝင်စားဖွယ်ရာပြခန်းတစ်ခုဖြစ်ခဲ့သည်။

မွန်းလွဲပိုင်းတွင် “လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး”ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့ရာ ကျောင်းသား ကျောင်းသူများနှင့် လူငယ်များ တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့ကြသည်။ အဆိုပါ ဆွေးနွေးပွဲတွင် MRTV – 4 ရုပ်သံလိုင်းမှ အစီအစဉ်တင်ဆက်သူများနှင့် ဇာတ်လမ်း တွဲသရုပ်ဆောင်များက ဦးဆောင်၍ လူငယ်နှင့် စာပေ၊ အနုပညာဆက်စပ်မှုရှိပုံ၊ အသက်အရွယ် အပိုင်းအခြားအလိုက် စာပေလေ့လာဖတ်ရှုခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ၊ လူငယ်ဘဝမှ စတင်၍ လူတိုင်းအပေါ်တွင် စိတ်ကောင်း စေတနာကောင်း အရင်းခံကာ ပေါင်းသင်းဆက်ဆံပါက အောင်မြင်မှုရရှိနိုင်မည့် နည်းလမ်းများ၊ လူငယ်ဘဝတွင် နေထိုင်ပြုမူရမည့် အမူအကျင့်များနှင့် တွေ့ကြုံရမည့်အခက်အခဲများ၊ ဝါသနာပါရာ အတတ်ပညာ တစ်ခုခုကို တစိုက်မတ်မတ် ဇွဲရှိရှိ ကြိုးစားပါက ထူးချွန်သည့် လူတော်၊ လူကောင်းများဖြစ်လာနိုင်ကြောင်းတို့ကို ဆွေးနွေးပြော ကြားခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ လူငယ်များကလည်း မိမိတို့သိရှိလိုသည်များ ကို စိတ်ပါဝင်စားစွာ မေးမြန်းဆွေးနွေးခဲ့ကြသည်။

 ဆွေးနွေးပွဲ အပြီးတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က လူငယ်စကား ဝိုင်းများတွင် ဦးဆောင်ပါဝင် ဆွေးနွေးခဲ့ကြသည့် MRTV–4 ရုပ်သံလိုင်းမှ အစီအစဉ်တင်ဆက်သူ များနှင့် ဇာတ်လမ်းတွဲသရုပ်ဆောင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။

ထို့ပြင် ပွဲတော်အတွင်း၌  (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် “လှပသာယာ ပြည်မြန်မာ”ရောင်စုံဓာတ်ပုံပြပွဲနှင့် ၂၀ ရာစု မြန်မာစာရေးဆရာ၊ ဆရာမကြီးတို့၏ ဓာတ်ပုံများ၊ တိုင်းဒေသကြီး / ပြည်နယ်များအတွင်းရှိ တန်ခိုးကြီးဘုရားစေတီများ၊ သဘာဝအလှရှုခင်းများ၊ ရိုးရာ ဓလေ့ပွဲတော်များနှင့် အထင်ကရနေရာများ၏ မှတ်တမ်းဓာတ်ပုံများ ခင်းကျင်းပြသထားရှိရာ ဓာတ်ပုံ အနုပညာကို ချစ်မြတ်နိုးကြသည့် ပညာရှင်များနှင့် ဝါသနာရှင်များက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှု လေ့လာကြသည်။

ထိုသို့ အသိပညာဗဟုသုတရရှိစေမည့် အစီအစဉ်ကောင်းများ အပြင် စိတ်ပျော်ရွှင်ချမ်းမြေ့စေ မည့် ဖျော်ဖြေရေးအစီအစဉ်များအဖြစ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ မြဝတီရုပ်မြင်သံကြားတို့မှဝန်ထမ်းများနှင့် နိုင်ငံကျော်အနုပညာရှင်များ၏ သီဆိုဖျော်ဖြေမှုများကြောင့်လည်း ပြပွဲကြီးကို ပိုမိုအသက်ဝင်စေခဲ့ကာ ပြပွဲ လာရောက်ကြသူများကလည်း စိတ်လက်ပေါ့ပါးစွာ ကြည့်ရှုအားပေးကြသည်။

ပွဲတော်သို့ လာရောက်ကြသည့် ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများနှင့် မိဘပြည်သူများအနေဖြင့် စိတ်ဝင်စားဖွယ်ရာပြသထားသည့် အစီ အစဉ်များကို လှည့်လည်ကြည့်ရှု လေ့လာရင်း အမောပြေတိုင်းရင်း သားများ၏ ရိုးရာအစားအသောက်များအား နှစ်သက်စွာဖြင့် အလွယ်တကူစားသုံးနိုင်ရန်အတွက် တိုင်းရင်းသားရိုးရာစားသောက်ဆိုင်များကို ဈေးနှုန်းချိုသာစွာဖြင့် ဖွင့်လှစ်ရောင်းချပေးခဲ့ရာ အစားအသောက်များ ပြတ်လပ်သည်အထိ လာရောက်စားသုံးဝယ်ယူသူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည်။

ထို့ပြင် ပွဲတော်သို့ လာရောက်ကြသူများ တစ်စုံတစ်ရာကျန်းမာရေးချို့ယွင်းမှုဖြစ်ပေါ်ပါကလည်း အရေးအပေါ်ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်များနှင့် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲနိုင်ရေးအတွက်လည်း လုံခြုံရေးအစီအမံများကိုလည်း စနစ်တကျ ဆောင်ရွက်ထားသည်။

ညနေပိုင်းတွင် ပွဲတော်အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီးမှုအထိမ်းအမှတ်အဖြစ် မြန်မာ့အသံ နှင့်ရုပ်မြင်သံကြားမှ အနုပညာရှင်များ၏ “မနောမြေမှတေးသံသာ” သီချင်းဖြင့် မြူးမြူးကြွကြွသီဆိုဖျော်ဖြေမှုများနှင့်အတူ တိုင်းရင်းသားအကအဖွဲ့များ၊ ပွဲတော်လာ ကျောင်းသား ကျောင်းသူများ၊ လူငယ်များနှင့် ပြည်သူများ တပျော်တပါး စုပေါင်းကပြဆင်နွှဲမှုများကြောင့်လည်း မြိုင်မြိုင်ဆိုင်ဆိုင်ဖြင့် ပျော်ရွှင်ဖွယ်ရာ ပွဲတော်ကြီးအဖြစ် ကျင်းပပြီးစီးခဲ့သည်။

လူငယ်နှင့် စာပေအနုပညာ ပွဲတော်ကျင်းပပေးခဲ့သည့် သုံးရက်တာကာလအတွင်း နိုင်ငံသားတိုင်း က အထွတ်အမြတ်ထားရသည့် လွတ်လပ်ရေးနေ့နှင့် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းများ၊ လူငယ်များအတွက် နိုင်ငံချစ်စိတ် မျိုးချစ်စိတ်ဓာတ်များမြင့်မားလာစေမည့် အကြောင်းအရာများ၊ စာပေနှင့် အနုပညာစွမ်းအားဖြင့် အသိပညာဗဟုသုတကြွယ်ဝပြီး မှန်ကန်သည့် အတွေးအခေါ် အယူ အဆများနှင့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ပူးပေါင်းဆောင်ရွက်လာနိုင်စေမည့် အကြောင်းအရာများကို စာတွေ့၊ လက်တွေ့ပြသပေးနိုင်ခဲ့သည့်အတွက် နိုင်ငံ့တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် အနာဂတ်နိုင်ငံ့ခေါင်းဆောင် ကျောင်းသားလူငယ်များ အသိအမြင် ဗဟုသုတကြွယ်ဝစေရန် ဆည်းပူးလေ့လာနိုင်ခဲ့သည့် ပွဲတော်ကြီးတစ်ခုလည်း ဖြစ်ကြောင်း သိရှိရသည်။

အောင်ရဲသွင်၊ အေးအေးသန့်

ဓာတ်ပုံ - ကိုကိုအေး၊ ဖိုးပြည့်စုံ

No comments:

Post a Comment