နေပြည်တော် ဒီဇင်ဘာ ၂၁
တိုင်းရင်းဆေးပညာ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ပြည်တွင်းပြည်ပရှိ ဆက်စပ်နှီးနွှယ်ပညာရှင်များ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးမြင့်မားသည့် အစွမ်းထက်တိုင်းရင်းဆေးဝါးများ ပေါ်ထွက်လာစေရန်၊ ပြည်သူလူထု၏ ကျန်းမာရေးကို ပိုမိုထိရောက်စွာ စောင့်ရှောက်မှုပေးနိုင်ရန်အတွက် အရည်အသွေးပြည့်ဝသည့် တိုင်းရင်းဆေးပညာရှင်များဖြစ်လာစေရေး လေ့ကျင့်သင်ကြားပေးရန်နှင့် ပြည်သူလူထု၏ကျန်းမာရေးကို မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ပိုမိုထိရောက်စွာ စောင့်ရှောက်မှုပေးရန်ရည်ရွယ်၍ (၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲအခမ်းအနားကို ယနေ့ဒီဇင်ဘာ (၂၁) ရက်နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာနမှ တာဝန်ရှိသူ၊ တိုင်းရင်းဆေးထုတ်လုပ်သူ၊ စာတမ်းဖတ်ကြားသူနှင့် မြန်မာ့တိုင်းရင်းဆေးတက္ကသိုလ်မှ ကျောင်းသူတို့၏ စကားသံများကို ဖော်ပြလိုက်ရပါသည်။
ဒေါ်စုစုဒွေး (ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန)
အခုကျင်းပတဲ့ မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနဲ့ မြန်မာ့တိုင်းရင်းဆေးပညာနှီးနှော ဖလှယ်ပွဲကတော့ (၂၂)ကြိမ်မြောက် ဖြစ်ပါတယ်။ ဒီညီလာခံကိုကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ တိုင်းရင်းဆေးပညာတွေ ဖွံ့ဖြိုးတိုးတက်ဖို့ တိုင်းရင်းဆေးပညာဦးစီးဌာနနဲ့ ပြည်တွင်း၊ ပြည်ပနှီးနွှယ်ပညာရှင်တွေ၊ အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့၊ ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးမြင့်မားတဲ့ အစွမ်းထက်တိုင်းရင်းဆေးဝါးအသစ် တွေပေါ်ထွက်လာစေဖို့၊ တိုင်းရင်းဆေးပညာရှင်တွေက ပြည်သူလူတွေရဲ့ကျန်းမာရေးကို ပိုမိုထိရောက်စွာ စောင့်ရှောက်မှုပေးနိုင်ဖို့အတွက် အရည်အသွေးပြည့်ဝတဲ့ တိုင်းရင်းဆေးပညာရှင်တွေ ဖြစ်လာအောင် ပြုစုလေ့ကျင့်သင်ကြားပေးဖို့နဲ့ ပြည်သူလူထုတွေကိုတိုင်းရင်းဆေးပညာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးတာတွေ၊ အသိပညာပေးတာတွေကို ပိုမိုပြီး ထဲထဲဝင်ဝင်ထိထိရောက်ရောက် ဆောင်ရွက်သွားဖို့ဖြစ်ပါတယ်။ ညီလာခံမှာ အဆိုပြုချက် ၄ ချက်ကို တင်သွင်းသွားမှာ ဖြစ်ပါတယ်။
နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်မှုနဲ့အညီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဦးဆောင်မှုနဲ့အတူ တိုင်းရင်းဆေးပညာဦးစီးဌာနအနေနဲ့ တိုင်းရင်းဆေးကောင်စီ၊ တိုင်းရင်းဆေးပညာအသင်း၊ တိုင်းရင်းဆေးအကြံပေးအဖွဲ့၊ တိုင်းရင်းဆေးလုပ်ငန်းရှင်များအသင်း၊ တိုင်းရင်းဆေးတက္ကသိုလ်တို့နဲ့ ပူးပေါင်းပြီး တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။ ညီလာခံက တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ဖို့ဆောင်ရွက်တာဖြစ်တယ်။ နှီးနှောဖလှယ်ပွဲမှာ တိုင်းရင်းဆေးရဲ့ ရိုးရာအမွေအနှစ်တွေကို ဆက်လက်ထိန်းသိမ်းဖို့ဖြစ်ပြီး တိုင်းရင်းဆေးတွေကို တိုင်းရင်းဆေးရဲ့ ရိုးရာအမွေမပျောက်ဘဲ ပိုမိုအရည်အသွေးကောင်းအောင်လုပ်ဖို့ ဖော်ထုတ်တင်ပြသွားမှာဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးတွေရဲ့ ရိုးရာတိုင်းရင်းဆေးပညာတွေနဲ့ ရှေးစဉ်ဆက် မိရိုးဖလာသုံးစွဲခဲ့တဲ့ ဆေးနည်းတွေကို နှီးနှောဖလှယ်ပွဲမှာတင်ပြပြီး ရိုးရာအမွေကို ဆက်လက်ထိန်းသိမ်းသွား မှာဖြစ်ပါတယ်။ နှီးနှောဖလှယ်ပွဲကနေ ရိုးရာအမွေကို ထိန်းသိမ်းပြီးရလာတဲ့ တိုင်းရင်းဆေးတွေကို အစွမ်းထက်မှုရှိလား၊ ဘယ်လိုရောဂါတွေကို ကုသလို့ရသလဲဆိုတာ တိုင်းရင်းဆေးပညာဦးစီးဌာနနဲ့ တိုင်းရင်းဆေးတက္ကသိုလ်ကနေ ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ (၂၁) ကြိမ်မြောက်ကျင်းပခဲ့တဲ့ မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနဲ့ မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲမှာ ပတ္တမြား သွေးဆေးနီ တင်ပြခဲ့တာရှိပါတယ်။ ဒီဆေးကို သုတေသနဆောင်ရွက်တဲ့အခါမှာ တကယ်သုံးစွဲလို့ ကောင်းတဲ့ဆေးဆိုတာ တွေ့ရှိခဲ့ပါတယ်။ မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနဲ့ မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ ကျင်းပတဲ့အခါမှာ တိုင်းရင်းဆေးရဲ့ ရိုးရာအမွေအနှစ်တွေကို ဖော်ထုတ်ရရှိသလို တိုင်းရင်းဆေးပညာရှင်ကြီးတွေနဲ့ တွေ့ဆုံခွင့်ရပြီးဌာနအတွက် အကြံဉာဏ်ကောင်းတွေ လည်းရရှိတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ပါတယ်။
ဒေါ်ကေသီမာ (ဒုတိယပါမောက္ခ၊ ကလေးရောဂါပညာဌာန၊ တိုင်းရင်းဆေးတက္ကသိုလ်)
ကျွန်မအနေနဲ့ တင်ပြသွားမယ့် စာတမ်းခေါင်းစဉ်က သတ္တုအကြောင်းသိကောင်းစရာ ခေါင်းစဉ်ဖြစ်ပါတယ်။ သတ္တုလို့ပြောတဲ့အတွက် ကြေးသတ္တု၊ သံသတ္တုအကြောင်း မဟုတ်ပါဘူး။ အပင်ထွက်ပစ္စည်းတွေရဲ့ သတ္တုအကြောင်းဖြစ်ပါတယ်။ သတ္တုအကြောင်း သိကောင်းစရာ စာတမ်းခေါင်းစဉ်နဲ့ တင်ပြရတဲ့ရယ်ရွယ်ချက်က အပင်ထွက်ပစ္စည်းတွေရဲ့ သတ္တုတွေကို သိရှိစေဖို့၊ သတ္တုပြုလုပ်ပုံကို သိရှိစေဖို့၊ သတ္တုရဲ့အရသာတွေကို သိရှိစေဖို့နဲ့ အသုံးပြုရမယ့် ရောဂါတွေအကြောင်းကိုသိရှိစေဖို့ ဖြစ်ပါတယ်။ အပင်မှာရှိတဲ့အဆီအနှစ်တွေကို ထုတ်ယူတာကိုသတ္တုလို့ခေါ်ပါတယ်။ အရည်သတ္တု၊ အဖတ်သတ္တု၊ ဆားသတ္တုနဲ့ ဓာတ်သတ္တုဆိုပြီး သတ္တုလေးမျိုးရှိပါတယ်။ အဲဒီထဲကမှ ဆားသတ္တုတစ်ခုဖြစ်တဲ့ ရုက္ခမူဆားသတ္တုကို ဆီးလမ်းကြောင်းနဲ့ အစာအိမ်အချဉ် ပေါက်ရောဂါတွေမှာ အသုံးပြုပါတယ်။ အခုစာတမ်း တင်သွင်းထားတာက ရုက္ခမူဆားသတ္တုကို အစာအိမ်အချဉ်ပေါက်ရောဂါ ကုသရာမှာ အာနိသင်ရှိကြောင်း တင်ထားတာပါ။ တောကြက်မောက်ဆူးပြန်ဆား၊ ထန်းနို့ဆား၊ ဟင်းနုနွယ် ဆူးပေါက်ဆားနဲ့ ကန့်ဂလာ ဆားကို ရုက္ခမူဆားသတ္တုချက်ပြီး ပျားရည်၊ သံပရာရည်တို့နဲ့ ရောပြီးတိုက်ရင် အစာအိမ်အချဉ်ပေါက်ရောဂါ ပျောက်ကင်းပါတယ်။ ရုက္ခမူဆားသတ္တုကို ကိုယ်ဝန်ဆောင်မိခင်၊ သွေးအားနည်းတဲ့ရောဂါ၊ လေပူပန်းနှင့် သလိပ်ပန်းရောဂါတွေကို ကုသနိုင်ပြီး နှလုံးရောဂါရှိတဲ့သူတွေကတော့ အသုံးပြုလို့မရပါဘူး။
ဦးစိန်လွင် (ရွှေရောင်စဉ်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)
ကျွန်တော်က တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းရှင်အနေနဲ့ မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနဲ့ မြန်မာ့တိုင်းရင်းဆေး ပညာနှီးနှောဖလှယ်ပွဲကို တက်ရောက်တာပါ။ ရွှေရောင်စဉ် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးက ထုတ်တဲ့ဆေးတွေကိုပြခန်းအဖြစ် ခင်းကျင်းပြသတာ ဒီနှစ်နဲ့ဆို နှစ်ကြိမ်ရှိပါပြီ။ ပြခန်းမှာရွှေရောင်စဉ်တိုင်းရင်း ဆေးဝါးထုတ်လုပ်ရေးက ထုတ်တဲ့အပူငြိမ်းသွေးဆေး၊ ဝမ်းမှန်ဆေး၊ ရှူလိမ်းဆေး၊ ပရုတ်ဆီနဲ့ ဆေးမြစ်စုံဒဏ်ကျေလိမ်းဆေးဆိုပြီး ဆေးငါးမျိုးကို ခင်းကျင်းပြသထားပါတယ်။ ဆေးငါးမျိုးထဲကမှ ဆေးမြစ်စုံဒဏ်ကျေလိမ်းဆေးဆိုရင် တောင်တန်ကြီ၊ သက်ရင်းကြီးမြစ်၊ ပရုတ်၊ နလင်ကျော်၊ တောရှောက်မြစ်၊ ထင်းရှူးတုံး၊ ရင်းပြား၊ နံ့သာနီ၊ မိဿလင်စတဲ့ ဆေးတွေကို အချိုးကျကျဖော်စပ်ထားတဲ့အတွက် အာနိသင်ကောင်းပြီး အနံ့ကလည်း နံ့သာအနံ့သင်း ပျံ့စေပါတယ်။ ဒီဆေးကို အသုံးပြုတဲ့သူအတွက် ရောဂါပျောက်ကင်းပြီး ခံစားမှုကိုလည်းကောင်းစေပါတယ်။ ရွှေရောင်စဉ်တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးက ထုတ်တဲ့ဆေးတွေထဲမှာ ဆေးမြစ်စုံဒဏ်ကျေ လိမ်းဆေးဟာဆိုရင် အခုဈေးကွက်ထဲမှာ ရောင်းအားအကောင်းဆုံး ဖြစ်ပါတယ်။
တိုင်းရင်းဆေးက ပြည်သူလူထုရဲ့ ကျန်းမာရေးအတွက် အဓိကအခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ဆေးနယ်ပယ်မှာဆိုရင် တိုင်းရင်းဆေးကို ၈၅ ရာခိုင်နှုန်းလောက် လူတွေအသုံးပြုတယ်လို့ မှတ်တမ်းများအရ သိရပါတယ်။ ညီလာခံကျင်းပတဲ့အတွက် ရှေးရိုးသမားစဉ်ဆေးနည်းတွေနဲ့ စာတမ်းတွေကနေ အလားအလာကောင်းတဲ့ တိုင်းရင်းဆေးတွေပေါ်ထွက်လာပြီး တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်လာမယ်လို့ ပြောချင်ပါတယ်။ ဆေးဝါးထုပ်ပိုးမှုအပိုင်းမှာ သာမန်အားဖြင့် ဆေးတော်တော်များက ရှေးနည်းအတိုင်းပဲ သမားရိုးကျလုပ်ကြတယ်။ ကျွန်တော်တို့က နောက်ပိုင်းမှထုတ်လုပ်တဲ့ လုပ်ငန်းရှင်ဖြစ်တာကြောင့် ထုပ်ပိုးမှုအပိုင်းကို နိုင်ငံတကာကိုလေ့လာတယ်။ ဆေးတွေကိုနိုင်ငံတကာကို ထိုးဖောက်ပြီး ရောင်းချလို့ရအောင် ဆေးအညွှန်းတွေကို မြန်မာလိုရော အင်္ဂလိပ်လိုပါ သေချာရိုက်နှိပ် ပြီး ထုပ်ပိုးမှုအပိုင်းကို ခေတ်မီအောင် ထုတ်လုပ်ထားပါတယ်။ အခမ်းအနားမှာ နိုင်ငံတော်ဝန်ကြီးချုပ် Video Message မိန့်ခွန်းထဲမှာပြောကြားသွားတဲ့ ဝိသမဆေးဆိုရင် ဟိုအရင်ကတည်းကရှိနေတဲ့ တိုင်းရင်းဆေးကိုဖော်ထုတ်ပြီး ကိုဗစ်-၁၉ ရောဂါ ကို ပျောက်ကင်းအောင် ကုသလို့ရတဲ့ဆေးဆိုတာ သိရတယ်။
မနော်ဟေဇလ်ညီညီထွန်း (ဒုတိယနှစ်၊ မန္တလေးမြန်မာ့တိုင်းရင်းဆေးတက္ကသိုလ်)
ဒီနေ့ကျင်းပတဲ့ပွဲကို လေ့လာသူကိုယ်စားလှယ် တစ်ဦးအနေနဲ့ လာရောက်လေ့လာတာပါ။ လေ့လာတဲ့အခါ နာမည်ကြီး တိုင်းရင်းဆေးဝါးတွေရဲ့ ထုတ်လုပ်ပုံနဲ့ တိုင်းရင်းဆေး ရှေးသုံးနည်းအစဉ်အလာတွေကို တွေ့ရပါတယ်။ တိုင်းရင်းဆေး ပညာရှင်ကြီးတွေနဲ့လည်း ညီလာခံမှာ မိသားစုတွေလို တွေ့ဆုံခွင့်ရတယ်။ အခုလိုလာရောက်လေ့လာပြီး ရရှိလာတဲ့ အတွေ့အကြုံတွေကို သူငယ်ချင်းတွေနဲ့ကျောင်းမှာ ပြန်လည်ဝေမျှသွားမှာပါ။ နိုင်ငံတော်ဝန်ကြီးချုပ်က မိန့်ခွန်းထဲမှာ မြန်မာ့တိုင်းရင်းဆေးပညာကို အရင်ခေတ်အဆက်ဆက်ကတည်းက သုံးစွဲလာတဲ့အတိုင်း ရှေးမူမပျက်ဘဲဆက်လက်အသုံးပြုသွားဖို့နဲ့ မြန်မာ့တိုင်းရင်းဆေးနည်းတွေကို ပျောက်ပျက်မသွားအောင် ထိန်းသိမ်းသွားကြဖို့ သတိပေးပြောကြားပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
တွေ့ဆုံမေးမြန်း-ဟိန်းမင်းစိုး
ဓာတ်ပုံ-HMS
No comments:
Post a Comment