Wednesday, December 27, 2023

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း/အမှုထမ်းများအား တွေ့ဆုံအမှာစကားပြောကြား

 


နေပြည်တော် ဒီဇင်ဘာ ၂၆

ပြည်ပရှိမြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် အရာထမ်း၊ အမှုထမ်းများအား ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံအမှာစကားပြောကြားသည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် ဦးလွင်ဦး၊ သံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် ပြည်ပသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

မိတ်ဆက်တင်ပြ

အခမ်းအနားတွင် သံရုံး၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများတွင် သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများက တစ်ဦးချင်းစီအနေဖြင့် ၎င်းတို့သွားရောက် တာဝန်ထမ်းဆောင်ရမည့် နိုင်ငံများကို မိတ်ဆက်တင်ပြကြသည်။

နိုင်ငံအကျိုးစီးပွားကိုဆောင်ရွက်

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ပြည်ပသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများအားလုံးအတွက် ဝမ်းမြောက်ကြောင်း ဂုဏ်ပြုစကားပြောကြားလိုကြောင်း၊ နိုင်ငံကိုယ်စားပြု သွားရောက်ရခြင်းဖြစ်သဖြင့် နိုင်ငံ့အကျိုးစီးပွားကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ပြည်ပတာဝန်ထမ်းဆောင်ရာတွင် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွား (Natio-nal Interest)ကို ကာကွယ်စောင့်ရှောက်ရန် သံတမန်များအနေဖြင့် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရာတွင် သစ္စာရှိရှိ၊ တာဝန်သိသိ ထမ်းဆောင်ရန်အရေးကြီးကြောင်း၊ သံတမန်အရည်အချင်းဖြစ်သော ကိုယ်စားပြုခြင်း (Representation)ကို အကောင်းဆုံးဖြစ်ရန် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ မိမိနိုင်ငံ၏ ပကတိအခြေအနေများကို ရောက်ရှိနေသည့် နိုင်ငံအနေဖြင့် သိရှိအောင် ကြိုးစားလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ အထင်အမြင်လွဲမှားမှုများမရှိအောင် ရှင်းလင်းပြောကြား ညှိနှိုင်းဆောင်ရွက်ရမည်မှာ သံတမန်များ၏ တာဝန်ဖြစ်ကြောင်း။

ချစ်ခင်ရင်းနှီးအောင်လုပ်ဆောင်

ထို့အပြင် သံတမန်တစ်ဦးလိုက်နာရမည့် စည်းကမ်း၊ စောင့်ထိန်းရမည့်ကျင့်ဝတ်၊ လုပ်ငန်းစဉ်များ အားလုံးလေ့လာသိရှိထားပြီးဖြစ်သည့်အတွက် စွဲစွဲမြဲမြဲလေးစား လိုက်နာကြရန် လိုအပ်ကြောင်း၊ ကမ္ဘာကြီး၏ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုနှင့် မိမိနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုကို အမြဲမပြတ်လေ့လာပြီး သင့်တင့်မျှတသည့် တုံ့ပြန်မှုမျိုးရရှိအောင် ကြိုးစားဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ ရာထူးကြီး ငယ်မခွဲဘဲ မိမိလုပ်ဆောင်နိုင်သည့် စွမ်းရည်ကို အပြည့်အဝဖော်ထုတ်၍ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ သံတမန်များအနေဖြင့် ရန်သူကိုမိတ်ဆွေဖြစ်အောင်၊ မိတ်ဆွေကို ပို၍ချစ်ခင်ရင်းနှီးအောင် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ စေ့စပ်ညှိနှိုင်းခြင်း(Negotiation)တွင် နိုင်ငံတကာဆက်ဆံရေး အတွေ့အကြုံကောင်းများကို ကိုးကားပြီး နှစ်နိုင်ငံအကျိုးစီးပွားဖြစ်ထွန်းအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဝန်ထမ်းတစ်ဦးချင်းစီ၏ အရည်အသွေးတိုးတက်မြင့်မားအောင် လုပ်ဆောင်ရန်လည်း လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးကို အထူးဂရုစိုက်ရန်မှာကြားလိုကြောင်းနှင့် နိုင်ငံ့တာဝန်များကို အောင်မြင်စွာ ထမ်းဆောင်နိုင်ကြပါစေကြောင်း ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

သတင်းစဉ်

No comments:

Post a Comment