နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ့စီးပွားမြင့်မားစေရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝတိုးတက်စေရေးအတွက် “သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်ကဏ္ဍမြှင့်တင်နိုင်ရန်” ရည်ရွယ်၍ ဒေသထွက်ကုန်ကြမ်းများကို အသုံးပြုကာ တစ်ပိုင်တစ်နိုင်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းဖြင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း(MSME)များကို အားပေးကူညီပြီး အလုပ်အကိုင်အခွင့်အလမ်းများကို အဓိကထား ဖန်တီးဖော်ဆောင်ပေးလျက်ရှိသည်။
ယင်းသို့ဆောင်ရွက်ပေးရာတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ်(၁၅)ရပ်ကွက်ရှိ Jowar ပေါင်မုန့်လုပ်ငန်း၏ ထုတ်လုပ်ဖြန့်ဖြူးနေမှုနှင့် ဒေသခံများအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှုအခြေအနေကို ပြည်သူများသိရှိစေရန် မုန့်တိုက်လုပ်ငန်းမှ မဖြိုးမမဝင်းအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ပါသည်။
မေး။ ။ Jowar တံဆိပ်ပေါင်မုန့်လုပ်ငန်း စတင်တည်ထောင်ဖြစ်ပုံနဲ့ လက်ရှိဈေးကွက်မှာ ဝယ်ယူရရှိနိုင်အောင် ထုတ်လုပ်ထားတဲ့ အမျိုးအစားတွေကိုသိပါရစေ။
ဖြေ။ ။ Jowar ပေါင်မုန့်၊ ကိတ်မုန့်လုပ်ငန်းကို ၂၀၁၂ ခုနှစ်က စတင်တည်ထောင်ခဲ့ပါတယ်။ ပေါင်မုန့် ထုတ်လုပ်မှုအနေနဲ့ အမျိုးအစားအားဖြင့် ၁၂ မျိုး ထုတ်လုပ်ပါတယ်။ ပေါင်မုန့်တွေကို ကျန်းမာရေးနဲ့ညီညွတ်အောင် ထုတ်လုပ်ထားပါတယ်။
မေး။ ။ မုန့်တိုက်မှ တစ်နေ့ထုတ်လုပ်ဖြန့်ဖြူးမှုအခြေအနေကို သိချင်ပါတယ်။
ဖြေ။ ။ ထုတ်လုပ်မှုပမာဏကတော့များပါတယ်။ အဓိကအားဖြင့် မြို့နယ်စုံ ဖြန့်ဖြူးရောင်းချပေးပါတယ်။ မှော်ဘီ၊ မင်္ဂလာဒုံ၊ လှိုင်သာယာမြို့နယ်တွေကလွဲရင် တခြားမြို့နယ်စုံကို လက်လီလက်ကားရောင်းချပေးပါတယ်။
မေး။ ။ မုန့်တိုက်လုပ်ငန်း လည်ပတ်မှုအတွက် ဝန်ထမ်းဦးရေ ဘယ်လောက်ရှိပါသလဲ။
ဖြေ။ ။ မုန့်တိုက်လုပ်ငန်းမှာတော့ ဝန်ထမ်းဦးရေ ကျွန်မအပါအဝင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၁၂ ဦး ရှိပါတယ်။
မေး။ ။စားသုံးသူတွေအတွက် မုန့်တိုက်အနေနဲ့ ဘယ်လိုနည်းလမ်းတွေနဲ့ ဝန်ဆောင်မှုပေးပါသလဲ။ နောက်တစ်ချက်အနေနဲ့ ထောက်ခံချက်ရရှိထားပါသလား သိချင်ပါတယ်။
ဖြေ။ ။စားသုံးတဲ့ ပြည်သူတွေအတွက် ကျန်းမာရေးနဲ့အညီ အာဟာရပြည့်ဝအရသာရှိပြီး သန့်ရှင်းလတ်ဆတ်ဖို့ အဓိကထားပါတယ်။ ထုတ်လုပ်ရက်၊ ကုန်ဆုံးရက်ကိုလည်း သတ်မှတ်ဖော်ပြပေးထားပါတယ်။ ကျန်းမာရေးအသိအမှတ်ပြုထောက်ခံချက်ရရှိထားပါတယ်။
မေး။ ။ မုန့်တိုက်အနေနဲ့ နေ့စဉ်ထွက်ရှိတဲ့ ပေါင်မုန့်ထုတ်လုပ်မှုပုံစံအဆင့်ဆင့်ကို ပြည်သူတွေသိရှိစေဖို့ မျှဝေပေးစေချင်ပါတယ်။
ဖြေ။ ။ ပေါင်မုန့်ထုတ်လုပ်ဖို့အတွက် ဂျူံကိုအဓိကထားဆောင်ရွက်ရတာဖြစ်ပါတယ်။ ပထမအဆင့်မှာ ဂျုံကို မွှေစက်နဲ့ကြိတ်ရပါတယ်။ မွှေစက်ကရလာတဲ့ဂျုံကို မုန့်ပြုလုပ်တဲ့ စားပွဲပေါ်တင်ပြီး အဆင့်ဆင့် ရိုလာနဲ့လှိမ့်ပြီးဖြတ်ရမယ့် အရွယ်အစားပေါ်မူတည်ပြီး စက်တွေနဲ့ အဆင့်ဆင့်ဖြတ်ပါတယ်။ ရလာတဲ့မုန့်တွေကို ပေါင်းခံပါတယ်။ ညနေလောက်ကျရင် ကင်စက်နဲ့ကင်ပါတယ်။
မေး။ ။အခုဆိုရင် ဈေးကွက်ထဲမှာ မုန့်တိုက်လုပ်ငန်းတွေ နာမည်များစွာ ရပ်တည်နေကြတာတွေ့ရပါတယ်။ အဲဒီအပေါ်မှာ Jowar မုန့်တိုက်အနေနဲ့ ထုတ်လုပ်ဖြန့်ဖြူးမှု တိုးမြှင့်ဆောင်ရွက်ဖို့ရှိပါသလား။ လက်လီ၊ လက်ကား ရောင်းချပေးတဲ့ ပေါင်မုန့်ဈေးနှုန်း သိချင်ပါတယ်။
ဖြေ။ ။ လက်ရှိအနေအထားထက် လုပ်ငန်းတိုးချဲ့ဆောင်ရွက်ဖို့ အစီအစဉ်ရှိပါတယ်။ ထုတ်လုပ်ဖြန့်ဖြူးနိုင်မှုအပေါ်မှာ မူတည်ပြီး တိုးချဲ့သွားဖို့ရှိပါတယ်။ နို့ပေါင်မုန့်တစ်ထုပ်ကို ကျပ် ၂၅၀၀ မှ ကျပ် ၃၃၀၀၊ ကျပ် ၃၈၀၀၊ ကျပ် ၄၂၀၀ ဈေးနှုန်းတွေနဲ့ ရောင်းချနေပါတယ်။
မေး။ ။ဒေသခံပြည်သူတွေ လူမှုစီးပွားဘဝမြင့်မားဖို့အတွက် ခွန်အားဖြစ်စေမယ့် အားပေးစကားတစ်ခု ပြောပေးစေချင်ပါတယ်။
ဖြေ ။ ။ လူငယ်တွေအနေနဲ့ မိမိလုပ်ကိုင်ဆောင်ရွက်တဲ့ အလုပ်ပေါ်မှာ စေတနာထား လုပ်ကိုင်ဆောင်ရွက်ရင် စေတနာအကျိုးပြန်လည်ခံစားရမှာဖြစ်ပါတယ်။ အားပေးစကား အနေနဲ့ကတော့ မည်သည့်လုပ်ငန်းမှာမဆို လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေအားလုံး ကြိုးစားအားထုတ် လုပ်ကိုင်ရင် အလုပ်လက်မဲ့ဖြစ်သူမရှိနိုင်ပါဘူး၊ မိသားစုဝင်ငွေအတွက် တစ်ဖက်တစ်လမ်းက ကူညီနိုင်မှာဖြစ်ပါတယ်။ စားဝတ်နေရေး အဆင်ပြေလာရင် လူမှုစီးပွားဘဝလှပသာယာလာမှာ ဖြစ်ပါတယ်။
မြို့နယ် (ပြန်/ဆက်)
No comments:
Post a Comment