မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများကို အဓိကဦးစားပေးလုပ်ကိုင်သောနိုင်ငံဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်စွာလုပ်ကိုင်နိုင်သည့် ရေခံမြေခံကောင်းများ နိုင်ငံတစ်ဝန်းတွင်ရှိသည်။ ယင်းကိုအခြေခံ၍ အားကြိုးမာန်တက် မဖြစ်မနေလုပ်ကိုင်ဆောင်ရွက်ကြပါက ပြည်သူများ၏ လူမှုစီးပွားဘဝနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
သို့သော် မြန်မာနိုင်ငံအတွင်းရှိ
ကုန်ထုတ်လုပ်မှုလုပ်ကိုင်ဆောင်ရွက်ကြသော တိုင်းရင်းသားလုပ်ငန်းရှင်များအနေဖြင့်
ကိုယ့်နည်းကိုယ့်ဟန် တီထွင်ကြံဆရင်းနှီးမှုဖြင့် လုပ်ကိုင်ဆောင်ရွက်ခဲ့ကြသည်။
ခေတ်အဆက်ဆက်တွင် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများကို အားပေးမှုအားနည်းခဲ့သည်။ ပို့ကုန်နည်းပါးခြင်းနှင့်
သွင်းကုန်များပြားခြင်းကြောင့် နှစ်စဉ် ကုန်သွယ်မှု လိုငွေပြခဲ့သည်။ ဥပမာအားဖြင့်
လောင်စာဆီနှင့် စားသုံးဆီအမြောက်အမြားကို နှစ်စဉ် ပြည်ပမှဝယ်ယူတင်သွင်းနေရသောကြောင့်
နိုင်ငံခြားငွေလိုအပ်ချက် ကြီးမားလာသည်။
စားသုံးဆီအမျိုးမျိုးအတွက် ပြည်တွင်း၌ ဆီထွက်သီးနှံအမျိုးမျိုး
စိုက်ပျိုးထုတ်လုပ်နိုင်သော်လည်း လုံလောက်အောင် စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းမရှိသဖြင့်
ပြည်ပမှ နှစ်စဉ်အမြောက်အမြားတင်သွင်းနေရသည်။ နို့နှင့် နို့ထွက်ပစ္စည်းအမျိုးမျိုး
လိုအပ်ချက်အတွက်လည်း ပြည်တွင်း၌ နွားမွေးမြူရေးကို ကျယ်ပြန့်စွာလုပ်ကိုင်
ထုတ်လုပ်နိုင်သော်လည်း ပြည်ပမှ နှစ်စဉ်အမြောက်အမြား တင်သွင်းနေရသည်ကို
တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် ဆီထွက်သီးနှံစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို
အားပေးကူညီဆောင်ရွက်ပေးလျက်ရှိပြီး ပြည်ပသွင်းကုန်လျှော့ချနိုင်ရေးနှင့်
ပို့ကုန်ကဏ္ဍမြှင့်တင်ရေးကို နိုင်ငံတော်က ကြိုးပမ်းဆောင်ရွက်နေသည်။
အလားတူ
ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေးတွင်လည်း လွန်ခဲ့သည့်ဆယ်စုနှစ်ကျော်ကာလကတည်းက
ပြင်ဦးလွင်ကော်ဖီစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ သို့သော်
ကော်ဖီလုပ်ငန်းကို အားပေးဆောင်ရွက်မှုအားနည်းသောကြောင့် မျှော်မှန်းထားသလောက်
အောင်မြင်မှုမရခဲ့ပေ။ ယခင်ကတည်းက ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေးကို အမှန်တကယ်အားပေး လက်တွေ့စိုက်ပျိုး
ထုတ်လုပ်မည်ဆိုပါက ထုတ်လုပ်မှုများ ပိုမိုတိုးတက်ကောင်းမွန်နေမည်ဖြစ်သည်။
ထို့ကြောင့် နိုင်ငံတော်အကြီးအကဲက ပြင်ဦးလွင်ဒေသမှ ကော်ဖီလုပ်ငန်းရှင်များအား
မကြာခဏတွေ့ဆုံအားပေးဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်း
ဆောင်ရွက်ပေးခဲ့သောကြောင့် ကော်ဖီလုပ်ငန်းများ အထိုက်အလျောက်တိုးတက်လာသည်ကို
တွေ့ရသည်။
ပြင်ဦးလွင်မြို့ကို
ကော်ဖီမြို့တော်ဖြစ်စေရေး ရည်မှန်းဆောင်ရွက်လျက်ရှိပြီး
အရည်အသွေးကောင်းမွန်သည့်ကော်ဖီများကို ပြည်တွင်း၊ ပြည်ပသို့ ကျယ်ကျယ်ပြန့်ပြန့်
တင်ပို့ရောင်းချနိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ယခုကဲ့သို့ နိုင်ငံတော်က
အားပေးမြှင့်တင်ဆောင်ရွက်ပေးနေချိန်တွင် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများကို
စနစ်တကျဆောင်ရွက်သွားလျှင် နောင်လာမည့်နှစ်များ၌ ကော်ဖီထုတ်လုပ်မှု
တိုးတက်လာမည်ဖြစ်သည်။ အစိုးရတာဝန်ရှိသူများအနေဖြင့် လုပ်ဆောင်နိုင်ရန်
အခွင့်အလမ်းများဖော်ဆောင်ပေးနေချိန်တွင် စီးပွားရေးလုပ်ငန်းရှင်များကလည်း အမှန်တကယ်အလုပ်လုပ်ရန်လိုအပ်သည်။
ကော်ဖီစီမံကိန်းဆောင်ရွက်ရန် မြေနေရာများ၌ အမှန်တကယ်အင်ပြည့်အားပြည့်
လုပ်ဆောင်ခြင်းမရှိသူများကိုလည်း စိစစ်ဖော်ထုတ်ရမည်ဖြစ်သည်။
နိုင်ငံတော်အစိုးရက
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိသည့်နည်းတူ
ကုန်ထုတ်လုပ်မှု မြင့်မားတိုးတက်စေရန်အတွက် MSME လုပ်ငန်းများကိုလည်း အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းအဆင့်သာမကဘဲ
ဒေသအဆင့်၊ နိုင်ငံအဆင့်၊ နိုင်ငံတကာအဆင့်ထုတ်လုပ်သည့် ထုတ်ကုန်များဖြစ်စေရေး
ထုပ်ပိုးမှုနှင့် အရည်အသွေးမြှင့်တင်မှုတို့ ဆောင်ရွက်ရန်လိုအပ်သည်။
ကော်ဖီသည် မြန်မာနိုင်ငံတွင်သာမက
ကမ္ဘာ့နိုင်ငံများအားလုံး နှစ်သက်စွာသုံးစွဲသည့် အစားအသောက်ပစ္စည်းတစ်မျိုးဖြစ်သည်။
အရည်အသွေးမီသောကော်ဖီ အလုံအလောက်ထုတ်လုပ်နိုင်ပါက ပြည်တွင်း၌သာမက နိုင်ငံတကာသို့ပါ
ကျယ်ကျယ်ပြန့်ပြန့်တင်ပို့ရောင်းချနိုင်ကာ နိုင်ငံ့စီးပွားရေးကောင်းမွန်ပြီး
နိုင်ငံခြား ငွေများ တိုးတက်ရရှိလာမည်ဖြစ်သည်။ အားနည်းမှုများရှိခဲ့သည့်
ကော်ဖီလုပ်ငန်းကို ပြန်လည်မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ဒီဇင်ဘာလ ၉ ရက်နေ့တွင်
နိုင်ငံတော်အကြီးအကဲက ပြင်ဦးလွင်မြို့၌ လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ်
ကော်ဖီစိုက်ပျိုးမှုနှင့်ပတ်သက်၍ အမှန်တကယ်စိုက်ပျိုးနိုင်သည့်
တိုင်းရင်းသားလုပ်ငန်းရှင်များကို ဖိတ်ခေါ်ခဲ့ကာ စိုက်ပျိုးမှုအပေါ်မူတည်၍ ငါးဧကမှ
ဧက ၅၀ အထိ ခွင့်ပြုပေးခြင်း၊ ကော်ဖီတိုးချဲ့စိုက်ပျိုးရန်အတွက် နိုင်ငံတော်အစိုးရက
လိုအပ်သည်များ ကူညီဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း
ပြောကြားခဲ့သည်။
သို့ဖြစ်ရာ
နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် ပြည်တွင်းထုတ်ကုန်များ တိုးတက်ထုတ်လုပ်ပြီး
ပြည်ပပို့ကုန်များ တိုးတက်တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ
နိုင်ငံတော်အစိုးရ၏ ပံ့ပိုးကူညီမှုများဖြင့် နိုင်ငံအတွင်းရှိ ရေခံမြေခံကောင်းများကို
ထိရောက်စွာအသုံးချကာ ကုန်ထုတ်စွမ်းအားမြင့်မားတိုးတက်ရေး အားသွန်ခွန်စိုက်
ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

No comments:
Post a Comment