Wednesday, December 13, 2023

နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဦးသန်းထွန်းဦး ၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် နေပြည်တော်ပိုက်ကျော်ခြင်းအသင်းအား နေပြည်တော်ကောင်စီမှ ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားတက်ရောက်

 


နေပြည်တော် ဒီဇင်ဘာ ၁၃

နေပြည်တော်ကောင်စီမှ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် နေပြည်တော်ပိုက်ကျော်ခြင်းအသင်းအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ညနေပိုင်းက GRAND ASTER VILLA HOTEL၌ ကျင်းပရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နေပြည်တော်ကိုယ်စားပြု ပိုက်ကျော်ခြင်းအသင်းအုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများ တက်‌ရောက်ခဲ့ကြသည်။



ရှေးဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဦးသန်းထွန်းဦးက ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲမှာ နေပြည်တော်၏ဂုဏ်ကို ပိုက်ကျော်ခြင်းအားကစားနည်းဖြင့် မြှင့်တင်ပေးနိုင်အောင် စွမ်းစွမ်းတမံ ကြိုးစားအားထုတ်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်နှင့် ငွေတံဆိပ်ဆုများ ဆွတ်ခူးရရှိခဲ့သည့် နေပြည်တော် ကိုယ်စားပြုပိုက်ကျော်ခြင်းအသင်းအား နေပြည်တော်ကောင်စီမှ ပြည်သူလူထုကိုယ်စား ဂုဏ်ပြုချီးမြှင့်ပေးရခြင်းဖြစ်ပါကြောင်း၊ နေပြည်တော်ပိုက်ကျော်ခြင်းအသင်းအနေဖြင့် နှစ်ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့် တက်ရောက်ခဲ့ပြီး၊ လေးယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲမှာ ငွေတံဆိပ်ဆု၊ သုံးယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့သည့်အတွက် နေပြည်တော်ကောင်စီအနေဖြင့် လှိုက်လှိုက်လှဲလှဲ ချီးကျူးဂုဏ်ပြုပါကြောင်း၊ နေပြည်တော်လက်ရွေးစင် အားကစားသမားများအနေဖြင့် ချမှတ်ထားတဲ့ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းဥပဒေဘောင်အတွင်းကနေ အားကစားစိတ်ဓာတ်အပြည့်အဝနဲ့ တရားမျှတစွာ ယှဉ်ပြိုင်အနိုင်ယူပြီး ဆုတံဆိပ်များ ဆွတ်ခူးပေးသည့်အတွက် နေပြည်တော်ကောင်စီမှ ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်းနှင့် အသင်းအောင်နိုင်ရေးအတွက် ပံ့ပိုးဖြည့်ဆည်းကူညီကြသူ တာဝန်ရှိသူများ၊ အုပ်ချုပ်သူ၊ နည်းပြများနှင့် စေတနာရှင်ပြည်သူများကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ အားကစားသည် နိုင်ငံသူ၊ နိုင်ငံသားများ၏ စိတ်နှလုံးကို ဆွဲဆောင်ထိန်းသိမ်းနိုင်ခြင်း၊ နိုင်ငံ့ဂုဏ်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကိုဆောင်ကာ အမျိုးသားရေး စိတ်ဓာတ်ဖြစ်ပေါ်စေနိုင်သည့်အတွက် ကမ္ဘာ့နိုင်ငံအသီးသီးမှာ မိမိတို့နိုင်ငံရဲ့ အားကစားအဆင့်အတန်းကို မြှင့်တင်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အားကစားအဆင့်အတန်း တိုးတက်မြင့်မားခြင်းဟာ နိုင်ငံတစ်နိုင်ငံ၏ အဆင့်အတန်းကို မှတ်ကျောက်တင်နိုင်တာဖြစ်သည့်အတွက် အားကစားကဏ္ဍတိုးတက်ဖွံ့ဖြိုးရေးဟာ အလွန်ပင်အရေးကြီးသဖြင့် ဌာနဆိုင်ရာများ၊ အားကစားနှင့် သက်ဆိုင်သည့် အဆင့်ဆင့်သော အဖွဲ့အစည်းများ၊ စေတနာရှင်/ဝါသနာရှင်/ပြည်သူလူထုမှ အမျိုးသားရေးအသိအမြင်ဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြဖို့လိုကြောင်း၊
  အားကစားအဆင့်အတန်း ပိုမိုတိုးတက်လာစေရေးအတွက် လူငယ်/လူရွယ်များကို အနာဂတ်မှာ ယခုထက်ပိုပြီး ကျန်းမာကြံ့ခိုင်သည့် လူငယ်/လူရွယ်များဖြစ်လာအောင် ပြုစုပျိုးထောင်မွေးထုတ်ပေးရမှာ ဖြစ်ပါကြောင်း အောင်မြင်မှုတွေကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်ကြမည့် မျိုးဆက်သစ်အားကစားသမားများအနေနဲ့လည်း မိမိတို့၏ အောင်မြင်မှုကို တင်းတိမ်ရောင့်ရဲမနေကြဘဲ ခေတ်နှင့်​အညီ တိုးတက်ပြောင်းလဲနေသည့် နည်းစနစ်များကို မပြတ် လေ့လာသင်ယူနေကြဖို့လိုကြောင်း ပြောကြားသည်။

ယင်းနောက် နေပြည်တော်ပိုက်ကျော်ခြင်းအသင်း အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများမှ တစ်ဦးချင်း မိတ်ဆက်ကြသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဦးသန်းထွန်းဦးက သုံးယောက်တွဲအမျိုးသားအဖွဲ့လိုက်ပြိုင်ပွဲ၌ ပထမရွှေတံဆိပ်ဆုရရှိသော အားကစားသမားများအားလည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က အုပ်ချုပ်သူနှင့်နည်းပြများအားလည်းကောင်း၊ နေပြည်​တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန်ဦးမောင်မောင်က အားကစားသမားများအားလည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ​လေးယောက်တွဲ အမျိုးသားအဖွဲ့လိုက်ပြိုင်ပွဲ၌ ဒုတိယငွေတံဆိပ်ဆုရရှိသော အားကစားသမားများအားလည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အားကစားသမားများအားလည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်  ရဲမှူးကြီးကိုကိုလွင်က အားကစားသမားများအားလည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးအောင်ခိုင်ဆွေက အုပ်ချုပ်သူနည်းပြများအားလည်းကောင်း ဆုများအသီးသီး ချီးမြှင့်ပေးအပ်ကြသည်။

ယင်းနောက် ဆုရရှိသူများကိုယ်စား ပိုက်ကျော်ခြင်းအားကစားသမား မောင်ကောင်းဝေသက်က ကျေးဇူးတင်စကား ပြောကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ အုပ်ချုပ်သူများ၊ နည်းပြများနှင့် အားကစားသမားများမှ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)


No comments:

Post a Comment