ယနေ့ကမ္ဘာတွင် ဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျနေသော နိုင်ငံတိုင်းသည် ကိုလိုနီဘဝသို့ ကျရောက်ခဲ့ဖူးကြသည်။ သို့သော် ကိုလိုနီဘဝကျရောက်ခဲ့သည့် နိုင်ငံတိုင်းဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျသည်မဟုတ်ဟုဆိုသည်။ ဒုတိယကမ္ဘာစစ်အပြီး ကိုလိုနီအင်ပါယာများ တစ်ခုပြီးတစ်ခု ပြိုလဲရာမှ မြန်မာအပါအဝင် နိုင်ငံအမြောက်အမြား လွတ်မြောက်ခဲ့ကြပြီး နိုင်ငံပြန်လည်ထူထောင်ရေးအတွက် ရုန်းကန်ကြိုးပမ်းခဲ့ကြရာတွင် အောင်မြင်သည်လည်းရှိ၊ မအောင်မြင်သည်လည်းရှိခဲ့ကြသည်။ အောင်မြင်ရခြင်း၊ မအောင်မြင်ရခြင်းတို့တွင် အကြောင်းအကျိုး ဆက်စပ်မှုများလည်း ရှိနေသည်။
နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ခြင်းဆိုသည်မှာ ခေတ်မီခြင်း သို့မဟုတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရရှိခြင်း သို့မဟုတ် စုစုပေါင်းအမျိုးသားထုတ်ကုန်တန်ဖိုးတိုးတက်ခြင်း (Increased national output) သို့မဟုတ် အမှန်တကယ်အမျိုးသားဝင်ငွေ (Real national income) ကာလရှည်တိုးတက်မှုရရှိနေခြင်းဖြစ်သည်ဟု ပညာရှင်များက ဖွင့်ဆိုထားကြသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်သည်ဟုဆိုရာတွင်လည်း နိုင်ငံ၏အမျိုးသားဝင်ငွေရော လူတစ်ဦးချင်းဝင်ငွေပါ သိသာထင်ရှားစွာတိုးတက်ခြင်း၊ ၎င်းဝင်ငွေတိုးတက်မှုသည် လုပ်ငန်းလွှာအဆင့်ဆင့်နှင့် ဝင်ငွေအုပ်စုအားလုံးတို့ထံ ပျံ့နှံ့ခြင်း၊ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး ဘက်စုံပြောင်းလဲမှုများကိုအခြေခံ၍ ဝင်ငွေတိုးတက်မှုဖြစ်ပေါ်လာရာတွင် ကာလရှည်စွာတည်မြဲနေခြင်းဆိုသည့် လက္ခဏာရပ်များ စုပေါင်းပါဝင် နေသည်ဟုလည်း ဆိုသည်။
ဖွံ့ဖြိုးမှုနိမ့်ကျပြီး ဆင်းရဲနွမ်းပါးသည့်နိုင်ငံအဖြစ်မှ ရုန်းထွက်ရာတွင် အကြောင်းအကျိုး အဆက်အစပ်များဖြစ်သည့် ရင်းနှီးမြှုပ်နှံမှုလိုအပ်ချက်၊ လူ့စွမ်းအားအရင်းအမြစ်လိုအပ်ချက်၊ ပြည်သူများပူးပေါင်းပါဝင်မှု လိုအပ်ချက်၊ အမျိုးသားစုစည်းမှုနှင့် ပြည်သူတို့၏ လူမှုစည်းကမ်းထိန်းသိမ်းမှုလိုအပ်ချက်များ နက်နက်ရှိုင်းရှိုင်းပါဝင်နေပြီး အဆိုပါလိုအပ်ချက်များကို ဖြည့်ဆည်းခြင်း၊ ပြုပြင်ပြောင်းလဲခြင်း၊ ပယ်ရှားကျော်လွှားခြင်းတို့သည် နိုင်ငံရေးနယ်ပယ်တွင် အခြေစိုက်လျက်ရှိသည်။ နိုင်ငံဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အစိုးရနှင့်ပြည်သူတို့၏ နိုင်ငံရေးရင့်ကျက်မှု (political maturation) သည် မရှိမဖြစ် အခြေအနေတစ်ရပ်ဖြစ်ပြီး အစိုးရနှင့်ပြည်သူတို့အကြား အပြန်အလှန်နားလည်မှုနှင့် တာဝန်ရှိမှု (mutual understanding and responsibility) အမြင်များ တိုးတက်မြင့်မားရန်လိုအပ်သည်ဟု သုတေသီတို့က ဆိုသည်။
မိမိတို့နိုင်ငံသည် နိုင်ငံလွတ်လပ်ရေးသက်တမ်း နှစ်ပေါင်း ၇၀ ကျော် ၈၀ သက်တမ်းသို့ ချင်းနင်းဝင်ရောက်လာသည့်တိုင် ဖွံ့ဖြိုးမှုနိမ့်ကျသည့် ဝဲဩဃထဲမှ ရုန်းမထွက်နိုင်သေး။ ကဗျာစာဆိုတော်ကြီး ဆရာဇော်ဂျီ ၁၉၃၅ ခုနှစ် ကိုလိုနီခေတ်တွင်ရေးသားခဲ့သည့် “ထလော့မြန်မာ၊ အိုမြန်မာတို့၊ တို့ရွာတို့မြေ၊ တို့ရွာမြေဝယ်၊ စေတီစပါး၊ များလည်းများ၏၊ များပါလေလဲ၊ တမွဲမွဲနှင့်၊ ဆင်းရဲကာသာ၊ ကာလကြာလျှင်...” အစချီသည့် “တို့တိုင်းပြည်”ကဗျာ ကလေးပင် နှစ်ပေါင်း ၉၀ ခန့်ရှိပြီဖြစ်သော်လည်း မြန်မာတို့မထနိုင်ကြသေး။ သူများက ခြေတစ်လှမ်းလှမ်းလျှင် မိမိတို့က ခြေလှမ်း လေး၊ ငါး၊ ဆယ်လှမ်း လှမ်းနိုင်မျှ တန်ကာကျမယ်ဟု အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက နှိုးဆော်တိုက်တွန်းခဲ့သော်လည်း သူများကိုမီအောင် မိမိတို့မလှမ်းနိုင်ကြသေး။
“ထလော့မြန်မာ၊ မြန်မာထလော့၊ အားမပျော့နှင့်၊ မလျှော့လုံ့လ၊ သူကစ၍၊ ငါကအားလုံး၊ လက်ရုံးမြားမြောင်၊ ဉာဏ်မြားမြောင်နှင့်၊ စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့၊ ဤမြေဤရွာ၊ ဘယ်သူ့ရွာလဲ၊ ဤယာစပါး၊ ဘယ်သူ့စပါးလဲ၊ ထားလော့တာဝန်၊ ပွန်လော့လုပ်ငန်း၊ ဉာဏ်ရှေ့ပန်း၍၊ တစ်ဝမ်းတစ်စိတ် ညီစေသတည်း”ဟူသည့် တို့တိုင်းပြည်ကဗျာမှ တိုက်တွန်းချက်နှင့်အညီ စိတ်ဝမ်းညီညာ၊ စည်းလုံးညီညွတ်စွာဖြင့် တစ်ယောက်တစ်လက်ကာယအား၊ ဉာဏအားတို့စုစည်းကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်ကြရပါမည့်အကြောင်း။ ။
No comments:
Post a Comment