Tuesday, December 26, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၄) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့်ဖြင့် ပါဝင်တက်ရောက်ဆွေးနွေး


နေပြည်တော် ဒီဇင်ဘာ ၂၅

(၄) ကြိမ်မြောက် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်ဆွေးနွေးသည်။

 

 

 

တက်ရောက်

အစည်းအဝေးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာလီချန်းတို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ကြပြီး ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဆမ်ဒက် မဟာ ပဝရ ဓိပတိ ဟွန်မာနိုက်၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဆုံဆိုင်း ဆီဖန်ဒုံ၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဆရက်ထာ ထာဗီဆင်နှင့် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဖန်မင်ချင်းတို့ တက်ရောက်ကြသည်။

အမြင်ချင်းဖလှယ်ဆွေးနွေး

ဦးစွာ ပူးတွဲဥက္ကဋ္ဌများက အဖွင့်အမှာစကားများ ပြောကြားကြပြီး မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များက မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများအပေါ်သုံးသပ်ကာ အနာဂတ် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ဘက်စုံဖွံ့ဖြိုးတိုးတက်သည့်အဆင့်သို့ရောက်ရှိ

အစည်းအဝေး၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆွေးနွေးပြောကြားရာတွင် ၂၀၁၆ ခုနှစ်၌ စတင်တည်ထောင်ခဲ့သည့် မဲခေါင် -လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် ခုနစ်နှစ်တာကာလအတွင်း အခြေခံအဆင့်ကိုကျော်ဖြတ်၍ ဘက်စုံဖွံ့ဖြိုးတိုးတက်သည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၇ ခုနှစ်မှစ၍ ၂၀၂၃ ခုနှစ်အထိကာလအတွင်း အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၆ သန်း တန်ဖိုးရှိသည့် အထူးရန်ပုံငွေစီမံကိန်း ၁၀၆ ခုရရှိထားပြီး နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကို အထောက်အကူပြုလျက်ရှိပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မဲခေါင် - လန်ချန်း နိုင်ငံများအား အထောက်အပံ့နှင့် အကူအညီများ ဆက်လက်ပေးအပ်နေမှုအပေါ် ကျေးဇူးတင်ရှိပါကြောင်း။

အရှိန်အဟုန်မြှင့်ဆောင်ရွက်

ယနေ့အစည်းအဝေး၏ဆောင်ပုဒ်မှာ “မဲခေါင် - လန်ချန်းနိုင်ငံများအကြား အားလုံးနှင့်သက်ဆိုင်သောအနာဂတ်နှင့် ခေတ်မီဖွံ့ဖြိုးမှုတည်ဆောက်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့” ဖြစ်သည့်အတွက် လက်ရှိအခြေအနေများနှင့် ကိုက်ညီမှုရှိပါကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးခေတ်မီတိုးတက်လာစေရေးတို့အတွက် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်အောက်တွင် အချင်းချင်းအပြန်အလှန် အကူအညီပေးသင့်ပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်နိုင်ရေးအတွက် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းနှင့် မဲခေါင် - လန်ချန်း ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းများမှတစ်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါကြောင်း၊ “မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ဆန်းသစ်တီထွင်မှု စင်္ကြံ” ဖော်ဆောင်မှုနှင့် “အဖွဲ့ဝင်နိုင်ငံများအကြား ပေါင်းစည်းဆက်နွှယ်မှု တိုးမြှင့်ရေးဆိုင်ရာစီမံချက်” ရေးဆွဲမှုများကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးအခြေပြု စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းများအတွက် လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေးကဏ္ဍကို ဦးစားပေးဆောင်ရွက်သွားသင့်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါသည် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ထိရောက်စွာဆောင်ရွက်သွားသင့်ကြောင်းပြသသည့် သင်ခန်းစာတစ်ရပ်ဖြစ်ပါကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ပြည်သူ့ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နည်းပညာနှင့်ကျွမ်းကျင်မှုများမျှဝေခြင်းနှင့် အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆောင်ရွက်သွားသင့်ပါကြောင်း၊ နေပြည်တော်တွင် “အမျိုးသား ကူးစက်ရောဂါကာကွယ်ရေးနှင့် လေ့ကျင့်ရေးစင်တာ” တည်ဆောက်ရန်အတွက် အကူအညီများ ပေးအပ်ခဲ့သည့် တရုတ်နိုင်ငံကို ကျေးဇူးတင်ရှိပါကြောင်း၊ အဆိုပါစင်တာသည် ၂၀၂၄ ခုနှစ် နှစ်ဦးပိုင်းတွင် ပြီးစီးမည်ဖြစ်ပါကြောင်း။

အရေးပါမှုကိုလည်း အသိအမှတ်ပြု

“မဲခေါင် - လန်ချန်း ခရီးသွားလာရေး မြို့တော်များ တည်ထောင်ခြင်း”၊ “မဲခေါင် - လန်ချန်း လေကြောင်းခရီးသွားလာမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် မိတ်ဖက်ထူထောင်ခြင်း” လုပ်ငန်းစဉ်များကို ကြိုဆိုပါကြောင်း၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ၊ မူးယစ်ဆေးဝါး တရားမဝင်ထုတ်လုပ်ရောင်းဝယ်မှုများ၊ လူကုန်ကူးမှုများ၊ အကြမ်းဖက်မှုများ၊ ဆိုက်ဘာရာဇဝတ်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ စသည့်ရာဇဝတ်မှုများသည် ဒေသတွင်းလုံခြုံရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည့်အတွက် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ “မဲခေါင် - လန်ချန်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန” က ဆောင်ရွက်လျက်ရှိသည့် ဒေသတွင်းပူးပေါင်းညှိနှိုင်းရေးအခန်းကဏ္ဍ၏ အရေးပါမှုကိုလည်း အသိအမှတ်ပြုပါကြောင်း။

အတူတကွလက်တွဲဆောင်ရွက်

ပတ်ဝန်းကျင်ထိခိုက်မှုသည် ရာသီဥတုပြောင်းလဲမှုအပေါ်သက်ရောက်မှုရှိပြီး ဂေဟစနစ်ကို ယိုယွင်းပျက်စီးစေပါကြောင်း၊ သို့ဖြစ်၍ အေးချမ်းသာယာပြီး ကြံ့ကြံ့ခံနိုင်သည့် လူမှုအသိုက်အဝန်း တည်ဆောက်နိုင်ရေးအတွက် ရာသီဥတုဖောက်ပြန်မှုများကိုလျှော့ချရန် အတူတကွ လက်တွဲဆောင်ရွက်ကြရမည်ဖြစ်သည်ကို အလေးထားပြောကြားလိုပါကြောင်း။

ကတိကဝတ်ပြုပြောကြား

မြန်မာနိုင်ငံသည် ပူးတွဲဥက္ကဋ္ဌအနေဖြင့်လည်းကောင်း၊ တာဝန်သိအဖွဲ့ဝင်အနေဖြင့်လည်းကောင်း မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှုကို အစဉ်တန်ဖိုးထားပြီး မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ မူဝါဒများ၊ စိတ်ဓာတ်များနှင့်အညီ တက်ကြွစွာ ဆက်လက်ပါဝင်ဆောင်ရွက်သွားမည်ဖြစ်သည်ကို ကတိကဝတ်ပြု ပြောကြားပါကြောင်း ပြောကြားသည်။

အစည်းအဝေးတွင် အနာဂတ်လုပ်ငန်း အစီအစဉ်များအတွက် မူဝါဒလမ်းညွှန်တစ်ရပ်အဖြစ် “နေပြည်တော် ကြေညာစာတမ်း” နှင့် အဖွဲ့ဝင်နိုင်ငံများအကြား အိမ်နီးချင်းကောင်းပီသမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ “မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်း အစီအစဉ် (၂၀၂၃-၂၀၂၇)” နှင့် “မဲခေါင် - လန်ချန်း တီထွင်ဆန်းသစ်မှုစင်္ကြံ ဖွံ့ဖြိုးတိုးတက်ရေး ပူးတွဲအစီအစဉ်” တို့ကို အတည်ပြု ထုတ်ပြန်ခဲ့သည်။

ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးအပ်

အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အလှည့်ကျပူးတွဲဥက္ကဋ္ဌတာဝန်ကို ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးအပ်သည်။

အောင်မြင်စွာပူးတွဲထမ်းဆောင်

(၄) ကြိမ်မြောက် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ကြသည်။

မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးတို့ကို ဖော်ဆောင်သွားရန်၊ ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်များကိုလျှော့ချရန်နှင့် ဒေသတွင်းနိုင်ငံများ၏ အလုံးစုံပါဝင်သော စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေး ကြိုးပမ်းမှုများကို အထောက်အကူပြုရန်ရည်ရွယ်၍ ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအဖြစ် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ပါဝင်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်၏ အလှည့်ကျပူးတွဲဥက္ကဋ္ဌတာဝန်ကို အမြဲတမ်းပူးတွဲဥက္ကဋ္ဌဖြစ်သည့် တရုတ်နိုင်ငံနှင့်အတူ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လမှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ အောင်မြင်စွာ ပူးတွဲထမ်းဆောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment