မန္တလေး ဒီဇင်ဘာ ၆
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို အောင်မြင်အောင် ဆောင်ရွက်ရာတွင် တစ်တပ်တစ်အားအနေဖြင့် အထောက်အကူပြုနိုင်မည့် မျိုးဆက်သစ် အင်ဂျင်နီယာကောင်းများကို စံနှုန်းများနှင့်အညီ မွေးထုတ်ဆောင်ရွက်လျက်ရှိရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နည်းပညာတက္ကသိုလ်များတွင် လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဒီဇင်ဘာ ၄ ရက် မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် နည်းပညာတက္ကသိုလ်(ကျောက်ဆည်)သို့ ရောက်ရှိခဲ့ပြီး စာသင်ခန်းများနှင့် လက်တွေ့ခန်းများ၌ အေးချမ်းပျော်ရွှင်စွာ သင်ကြားနေကြသော ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ မိမိတို့၏ ရည်မှန်းချက်များအလိုက် အင်ဂျင်နီယာများ ဖြစ်မြောက်အောင် ဆောင်ရွက်ကြရာတွင် အရည်အသွေးပြည့်မီရေး ကြိုးပမ်းရန်အပြင် အထူးပြုလေ့လာမှုများသည် ပြည်သူများ၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်ရေး ဦးတည်ဆောင်ရွက်ကြရန် လိုအပ်ကြောင်းမှာကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့သည်။
ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် မန္တလေးနည်းပညာတက္ကသိုလ်သို့ ရောက်ရှိခဲ့ပြီး စာသင်ခန်းများနှင့် လက်တွေ့ခန်းများ၌ သင်ကြားနေကြသော ကျောင်းသား ကျောင်းသူများကို ကြည့်ရှုအားပေးပြီး အင်ဂျင်နီယာဌာနများရှိ သုတေသနလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် နည်းပညာတက္ကသိုလ်(မန္တလေး)သို့ ရောက်ရှိခဲ့ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ကာ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆)ချက်ကို လေးစားလိုက်နာကြရင်း ပြည်သူများအတွက် အမှန်တကယ် အကျိုးပြုနိုင်သည့် စွမ်းရည်မြင့် နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်စေရေးတို့အတွက် အလေးထားဆောင်ရွက်ရန် မှာကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် စာသင်ခန်းများတွင် အေးချမ်းပျော်ရွှင်စွာ သင်ကြားနေကြသော ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ဒုတိယဝန်ကြီးသည် လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာနရှိ လေအားနှင့် လေအားလျှပ်စစ် သုတေသနပုံစံငယ်များ၊ နေရောင်ခြည်စွမ်းအင်သုံး လက်ကိုင်ဖုန်းအားသွင်းစနစ်၊ အခြား အင်ဂျင်နီယာဌာနများရှိ လက်တွေ့ခန်းများနှင့် တည်ဆောက်ရေးလုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment