Saturday, December 23, 2023

(၂၂) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲ ဒုတိယနေ့ကျင်းပ


 

နေပြည်တော် ဒီဇင်ဘာ ၂၂

(၂၂) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီး‌နှောဖလှယ်ပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ဆက်လက်ကျင်းပသည်။

မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲ ကျင်းပရေးကော်မတီဝင်များ၊ ဆပ်ကော်မတီ ဝင်များနှင့် ဆေးဝါးဆိုင်ရာ နယ်ပယ်အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

စာတမ်းများဖတ်ကြား

မြန်မာ့ တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ ဒုတိယနေ့တွင် ဆေးဝါးတက္ကသိုလ်မှ ပါမောက္ခချုပ် (ငြိမ်း)၊ ပါမောက္ခ ဒေါက်တာစန်းစန်းနွဲ့က သဘာပတိအဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း (ဗဟို) ဥက္က ဦးစိုးဝင်းနှင့် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ ဝင် ပါမောက္ခ ဦးအောင်ကျော်မင်းတို့က သဘာပတိအဖွဲ့ဝင်များအဖြစ်လည်းကောင်း ဆောင်ရွက် ကြပြီး မန္တလေးတိုင်းဒေသကြီးမှ ညီလာခံကိုယ်စားလှယ် ပါမောက္ခ ဦးဝင်းစိုးက “ကိုယ်တွေ့အာယုဗ္ဗေဒ ကုထုံးများလာ လိုတိုင်းရ အပူကျဆေးကို စာပေသုတေသန အမြင်ဖြင့် လေ့လာခြင်း”၊ ရှမ်းပြည်နယ် ကျိုင်းတုံမှ ညီလာခံကိုယ်စားလှယ် ဦးမင်းဟန်နှင့် အဖွဲ့က “အာခါရိုးရာတိုင်းရင်းသားတို့၏ ကျန်းမာရေးဆိုင်ရာ ရိုးရာဓ‌လေ့များနှင့် ကြီးရွှေကုသမှုကို လေ့လာခြင်း”၊ တိုင်းရင်းဆေးတက္ကသိုလ်မှ ညီလာခံကိုယ်စားလှယ် ဒေါ်ကေသီမာက “သတ္တု အကြောင်းသိကောင်းစရာ”၊ မကွေးတိုင်းဒေသကြီးမှ ကိုယ်စားလှယ် ဒေါ်မြင့်မြင့်ကြည်က “ဆီးဖြူနှင့် ရသာယနသတ္တိ”၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဒေါ်နေနေနိုင်ရည်က “ဝိဇ္ဇာဓရ နယ ဆေးပညာရပ်၌ အကျုံးဝင်သည့် နဝရတ်ကိုးပါး၏ ဂုဏ်စွမ်းအားများသည် လူသားတို့၏ လောကီရေးရာနှင့် ကျန်းမာရေးအတွက် တိုက်ရိုက်ဆက်စပ်အကျိုးကျေးဇူးရှိနေခြင်းကို တိုင်းရင်းဆေးပညာနှင့်ယှဉ်တွဲပြီး စာပေအထောက်အထားများအရ လေ့လာတင်ပြခြင်းအား ဖော်ထုတ် လေ့လာခြင်း” ခေါင်းစဉ်တို့ဖြင့် စာတမ်းများ ဖတ်ကြားကြသည်။

ပညာရပ်များ နှီးနှောဖလှယ်

မွန်းလွဲပိုင်းတွင် နှီးနှောဖလှယ်ပွဲဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံ တိုင်းရင်း ဆေးကောင်စီနာယက ဦးမြင့်လွင်က သဘာပတိအဖြစ်လည်းကောင်း၊ တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာ သိန်းဇော်လင်းနှင့် တိုင်းရင်းဆေးပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းညွန့်တို့က သဘာပတိအဖွဲ့ဝင်များအဖြစ်လည်းကောင်း ဆောင်ရွက် ကြပြီး ပဲခူးတိုင်းဒေသကြီးမှ ဒေါ်ခင်မျိုးဆွေနှင့်အဖွဲ့က “ငန်း ဖျားရောဂါအား လေ့လာခြင်း”၊ ရန်ကုန်တိုင်းဒေသကြီးမှ ဒေါ်မေ သန်းမြင့်ထွေးနှင့် အဖွဲ့က “အရေပြားရောဂါ (ဝဲ၊ ယားနာ၊ ပွေး၊ ဒက်၊ အနာစက်) ၌ ဆေးအမှတ် (၆) ၊ ဆေးအမှတ် (၂၁) နှင့် အုန်းဆီတို့ ပေါင်းစပ်လိမ်းကျံစေခြင်းဖြင့် သက်သာ ပျောက်ကင်းမှုအား လေ့လာခြင်း”၊ တိုင်းရင်းဆေးတက္ကသိုလ်မှ ဒေါ်ခိုင်ဇာလင်းနှင့် အဖွဲ့က “အနာပေါက်ရောဂါကုထုံးအစဉ်များမှ အနာတင်ဆေးအဖြစ် အသုံးပြုသော အသားနုတက် ဖယောင်းချက်အား‌လေ့လာခြင်း”၊ ရန်ကုန်တိုင်းဒေသကြီးမှ ညီလာခံကိုယ်စားလှယ် ဒေါ်ဇာဇာဌေး (မှန်ချို) က “တိုးချဲ့စိုက်ပျိုး ထိန်းသိမ်းသင့်သော ဆေးဖက်ဝင် ဇာတိပ္ဖိုလ်ပင်”၊ ကချင်ပြည်နယ်မှ ညီလာခံကိုယ်စားလှယ် ဦးတန်လီက “ကချင်တိုင်းရင်းသားများ မိရိုးဖလာအသုံးပြုခဲ့သည့် ဆေးဖက် ဝင်အပင်များ” ခေါင်းစဉ်တို့ဖြင့် စာတမ်းများ ဖတ်ကြားကြပြီး နှီးနှောဖလှယ်ပွဲ တက်ရောက်လာ ကြသူများက စာတမ်းများနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးအကြံပြုကြကာ ပညာရပ်များ နှီးနှောဖလှယ်ကြသည်။

ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်

ထို့နောက် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ ပိတ်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးက သဘာပတိအဖြစ် ဆောင်ရွက်ပြီး (၂၂) ကြိမ်မြောက် မြန်မာ့ တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်း ဆေးပညာနှီး‌နှောဖလှယ်ပွဲတွင် သဘာပတိနှင့် သဘာပတိအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ပေးခဲ့ကြသူများ၊ စာတမ်းရှင်များ၊ ဝိုင်းဝန်းပံ့ပိုးကူညီဆောင်ရွက်ပေးကြသော တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment