Thursday, December 7, 2023

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မော်လမြိုင်ပညာရေးဒီဂရီကောလိပ်မှ ဆရာ ဆရာမများ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ၍ သတင်းတု သတင်းမှား တိုက်ဖျက်ရေးကိစ္စရပ်များ ဆွေးနွေး

 


မော်လမြိုင် ဒီဇင်ဘာ ၆

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းက မော်လမြိုင် ပညာရေးဒီဂရီကောလိပ် ပညာညီလာခန်းမ၌ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ သတင်းတု၊ သတင်းမှား တိုက်ဖျက်ရေးကိစ္စရပ်များ ဆွေးနွေးပြောကြားသည်။

 


တွေ့ဆုံပွဲ အခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မော်လမြိုင်တက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ်မှ ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများ၊ နည်းပညာတက္ကသိုလ်မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ ၊ စာပေယဉ်ကျေးမှုအဖွဲ့မှ တိုင်းရင်းသားများ တက်ရောက်ကြသည်။

ဦးစွာ မော်လမြိုင်ပညာရေး ဒီဂရီကောလိပ်မှ ကျောင်းသား ကျောင်းသူများက သာစွဌာနေ ရာမညမြေ တေးသီချင်းဖြင့် ကပြဖျော်ဖြေ၍ အခမ်းအနားဖွင့်လှစ်ပြီး ရှေ့သို့ချီမည် ပန်းတိုင်ဆီ၊ နိုင်ငံတော်တည်ဆောက်ရေးနှင့် နိုင်ငံတော်မီဒီယာ၏ အခန်းကဏ္ဍ၊ တားဆီးကာကွယ်မီဒီယာ အဆိပ်သင့်မှုအန္တရာယ် စသည့် video clip များကို ပြသသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး က အမှာစကားပြောကြားရာတွင် ယနေ့အချိန်တွင် မသမာသူ အဖျက်သမားများက မီဒီယာလုပ်ငန်းများကို အသုံးချ၍ သတင်းတု၊ သတင်းမှားများ ထုတ်လွှင့်ကာ ပြည်သူများအား အသိအမြင် လွဲမှားစေရန် သတင်းအဆိပ်ခတ် ဆောင်ရွက်နေကြပါကြောင်း၊ မိမိတို့နိုင်ငံတွင် ၁၉၈၈ ခုနှစ်၌ မင်းမဲ့စရိုက်ဆန်သည့် လုပ်ဆောင်ခဲ့မှုများကြောင့် မြန်မာနိုင်ငံနှင့် နိုင်ငံသားများ၏ ဂုဏ်သိက္ခာကျဆင်းကာ ကမ္ဘာတွင် အရှက်ရစေခဲ့ပါကြောင်း၊ ယခုအခါ အကြမ်းဖက်သမားများက အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့ သတ်ဖြတ်ခြင်း၊ ဒုစရိုက်မှု အမျိုးမျိုးကို ကျူးလွန်ခြင်းများကို တွေ့မြင်နေကြရမည်ဖြစ်ကြောင်း။

တိုင်းဒေသကြီး၊ ပြည်နယ်များတွင် နိုင်ငံတော်အစိုးရက လမ်း၊ တံတား၊ အဆောက်အအုံ စသည့် အခြေခံအဆောက်အအုံများကို တည်ဆောက်ပေးခဲ့သော်လည်း မိမိတို့ဒေသရှိ ပြည်သူများ၏ မျက်နှာကို မထောက်ထားဘဲ အကြောင်းမဲ့ ဖျက်ဆီးတိုက်ခိုက်မှုများသည် လွန်စွာလွဲမှားသော လုပ်ရပ်ပင်ဖြစ်ကြောင်း၊ အားလုံးကိုခြုံကြည့်ပါက အဖျက်လုပ်ရပ်များ လုပ်ဆောင်ရာတွင် လွယ်ကူသော်လည်း ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်မည်ဆိုပါက ငွေကြေး အရင်းအနှီးများရော အချိန်ကာလများပါပေး၍ တည်ဆောက်ရမည်ဖြစ်သဖြင့် ဒေသခံပြည်သူများအတွက် လွန်စွာနစ်နာနိုင်သည်ကို သိမြင်ကြရန်လိုပါကြောင်း၊ ထို့ကြောင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဒေသခံပြည်သူများက ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်စောင့်ရှောက်ပေးရန် ဖြစ်ပါကြောင်း။

ယနေ့အချိန်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဖြစ်ပွားနေသော စစ်ပွဲများကို အကြောင်းပြု၍ မသမာသူများက တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ ချစ်ကြည်ရင်းနှီးမှုကို ထိခိုက်ပျက်ပြားအောင် သတင်းအမှားများ ထုတ်လွှင့်သွေးခွဲနေကြပါကြောင်း၊ ထို့ကြောင့် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် သတင်းတု၊ သတင်းမှားတိုက်ဖျက်ရေးနှင့် ပြည်သူလူထုထံ သတင်းမှန်များ မှန်ကန်စွာ စီးဆင်းရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်နေပါကြောင်း၊ ထို့နည်းတူ စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်တည်ဆောက်ရေးကဏ္ဍတွင် မီဒီယာ၏အခန်းကဏ္ဍကို စနစ်တကျ စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အချို့သော နိုင်ငံကြီးများသည် မီဒီယာနည်းလမ်းများကို အသုံးချ၍ မိမိတို့နိုင်ငံအား ဘက်ပေါင်းစုံမှ ဝေဖန်ပုတ်ခတ်တိုက်ခိုက်ကာ နိုင်ငံ၏ ပုံရိပ်ကျဆင်းအောင် ဆောင်ရွက်နေကြသည်ကို အသိတရားဖြင့် ရှုမြင်သုံးသပ်ပေးကြစေလိုကြောင်း။

ယနေ့ တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများသည် အနာဂတ်နိုင်ငံတော်၏ သားကောင်းများဖြစ်၍ မိမိတို့ တန်ဖိုးထားပါကြောင်း၊ နောင်တစ်ချိန်တွင် တိုင်းပြည်က အားကိုး အားထားပြုရသည့် ခေါင်းဆောင်များဖြစ်အောင် ကြိုးစားကြပါဟု အလေးထား ပြောကြားလိုပါကြောင်း၊ မကြာသေးခင်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် အကြမ်းဖက်တိုက်ခိုက်မှု အညွှန်းကိန်း အစီရင်ခံစာ၌ မြန်မာနိုင်ငံကို အကြမ်းဖက်တိုက်ခိုက်မှု အများဆုံး (၁၀) နိုင်ငံစာရင်းတွင် ထည့်သွင်းဖော်ပြထားသည့်အတွက် မြန်မာနိုင်ငံကို ချစ်သည့် ပြည်သူများ၊ အကြမ်းဖက်မှု မလိုလားသည့် ပြည်သူများ၊ နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးကို လိုလားသည့် ပြည်သူများအနေဖြင့် အကြမ်းဖက်လုပ်ရပ်များကို ဝိုင်းဝန်းဆန့်ကျင်တိုက်ဖျက်ပေးကြပါဟု ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မွန်ပြည်နယ်အတွင်းရှိ မြို့နယ်၊ ကျေးရွာများအတွက် DVB T 2 Set Top Box အလုံး ၆၀၀ ကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့် အားလည်းကောင်း၊ မွန်ပြည်နယ် တပ်နယ်မိသားစုများအတွက် DVB T2 Set Top Box အလုံး ၄၀၀ ကို အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဗိုလ်မှူးကြီး စိုးမိုးကျော် အားလည်းကောင်း ပေးအပ်လှူဒါန်းသည်။

မွန်လွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မော်လမြိုင် (ခရိုင်ရုံး)ကို လည်းကောင်း၊ ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီဌာနရုံး၌ Community Centre ဆောက်လုပ်မည့် မြေနေရာကိုလည်းကောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံ (မော်လမြိုင်) ကိုလည်းကောင်း၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ကိုယ်ပွားသတင်းစာတိုက် (မော်လမြိုင်) ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ချောင်းဆုံမြို့နယ် မုဒွန်းကျေးရွာရှိ ကျောက်သင်ပုန်းနှင့် အမှတ်တရပစ္စည်းလုပ်ငန်း အရောင်းဆိုင်ကိုလည်းကောင်း၊ ရွာလွန်ကျေးရွာရှိ ဆေးတံနှင့် သစ်သား ပန်းပုလုပ်ငန်းအရောင်းဆိုင်များကို လည်းကောင်း လှည့်လည်ကြည့်ရှုလေ့လာ၍ အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလုပ်ငန်း (MSME) များ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်အစိုးရက ကူညီပံ့ပိုးဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်

No comments:

Post a Comment