“ပြည်ထောင်စုအကျိုးသယ်ပိုးဖို့ အသိပညာမြှင့်တင်စို့” ဟူသော ဆောင်ပုဒ်ဖြင့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့် စာပေအနုပညာပွဲတော်ကို ဒီဇင်ဘာ ၂၀ ရက်တွင် စတင်ဖွင့်လှစ်ကျင်းပခဲ့သည်။ ယနေ့လူငယ်နောင်ဝယ်လူကြီးဆိုသည့် ဆိုရိုးစကားနှင့်အညီ အနာဂတ်ကာလတွင် နိုင်ငံတော်တာဝန်အရပ်ရပ်ကို လွှဲပြောင်းထမ်းဆောင်ကြရမည့်လူငယ်များ၏ အသိပညာအတတ်ပညာများ မြင့်မားနေစေရေး ဘက်စုံဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံသော နိုင်ငံသားကောင်းလူငယ်မောင်မယ်များ ပေါ်ထွန်းလာစေရေးအတွက် ရည်ရွယ်ကျင်းပသော (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့် စာပေအနုပညာပွဲတော်သို့ တက်ရောက်လာကြသော ကျောင်းသား ကျောင်းသူ လူငယ်မောင်မယ်များ၊ လူငယ်များလေ့လာ၍ ဗဟုသုတရယူနိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ထားသော ဝန်ကြီးဌာနပေါင်းစုံမှ ပြခန်းများနှင့် တာဝန်ရှိသူများ၊ အနုပညာရှင်၊ အတတ်ပညာရှင်တို့၏ စေတနာစကားသံများကို တွေ့ဆုံမေးမြန်း၍ ပြန်လည်ဖော်ပြပေးလိုက်ပါသည်-
ဒေါက်တာဇင်သူအောင်
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊
ပြခန်းတာဝန်ခံ
လူငယ်နှင့် စာပေအနုပညာပွဲတော်မှာ
ကျွန်တော်တို့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအောက်မှာရှိတဲ့ TIVET Teacher Training Center မှာ ကျောင်းသူ
ကျောင်းသားတွေနဲ့ ဆရာ ဆရာမတွေကို လျှပ်စစ် ကားနဲ့ပတ်သက်ပြီး အသိပညာဗဟုသုတတွေ ရစေချင်တဲ့
Training ပေးနေတာရှိပါတယ်။
ဒီလို Training ပေးတဲ့အခါမှာ
အသုံးပြုတဲ့ပစ္စည်းတွေကို ပြသခြင်းဖြစ်ပါတယ်။ ဗဟုသုတအနေနဲ့ ပြောရမယ်ဆိုရင်တော့
လူငယ်နှင့် စာပေအနုပညာပွဲတော်ဆိုတာနဲ့အညီ လူငယ်တွေကို အဓိကရည်ရွယ်ခြင်း
ဖြစ်ပါတယ်။ လျှပ်စစ်ကားတွေကို ပြသတာဖြစ်တဲ့အတွက် မတူညီတဲ့ လျှပ်စစ်ကားတွေ၊ ပြီးတော့
လျှပ်စစ်ကားတွေ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို လေ့လာရင်း လူငယ်နှင့် စာပေပွဲတော်ကို လာရောက်တဲ့
ကျောင်းသား ကျောင်းသူတွေအားလုံး ဗဟုသုတရရှိစေမှာဖြစ်ပါတယ်။ အခုလက်ရှိ သိပ္ပံနှင့် နည်းပညာ
ဝန်ကြီးဌာန လက်အောက်မှာ လူငယ်တွေ လူ့စွမ်းအားအရင်းအမြစ်တွေ တိုးတက်လာဖို့အတွက် နည်းပညာတက္ကသိုလ်၊
နည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံနဲ့ အစိုးရနည်းပညာအထက်တန်းကျောင်းတွေ ရှိပါတယ်။
လက်ရှိအချိန်မှာ လျှပ်စစ်ကားတွေနဲ့ပတ်သက်ပြီး အသိပညာဗဟုသုတရစေဖို့ လေ့ကျင့်ရေးစင်တာနှစ်ခု
ဖွင့်လှစ်ထားပါတယ်။ ပထမလေ့ကျင့်ရေးစင်တာကတော့ ကျောက်ဆည် ခရိုင်
စဉ့်ကိုင်မြို့နယ်မှာရှိတဲ့ TIVET Teacher Training Center မှာရှိတဲ့ ဆရာ ဆရာမတွေကို
လျှပ်စစ်ကားနဲ့ပတ်သက်တဲ့ အသိပညာဗဟုသုတရအောင် လေ့ကျင့်ပေးနေပါတယ်။ အဲဒီကမှတစ်ဆင့် ကျောင်းသားတွေကို
ပြန်လည်သင်ကြားမှာဖြစ်ပါတယ်။ နောက်ထပ် လေ့ကျင့်ရေးစင်တာတစ်ခုကတော့ ရန်ကုန်မြို့
အင်းစိန်မှာရှိတဲ့ GTI မှာ
ပြင်ပ လုပ်ငန်းရှင်တွေအတွက် လျှပ်စစ်ကားနဲ့ပတ်သက်တဲ့ သင်တန်းတွေ ပေးနေတာရှိပါတယ်။
အကယ်ဒမီရန်အောင်
အနုပညာရှင်
ကျွန်တော်ကတော့ အနုပညာရှင်တစ်ယောက်ဖြစ်တာနဲ့အညီ
အနုပညာဘက်ကနေ အခုကျင်းပ နေတဲ့ လူငယ်နှင့် စာပေအနုပညာပွဲတော်ကို တက်ရောက်ဖြစ်တာပါ။ အနုပညာရှင်ဆိုတာကတော့
ပြည်သူတွေရဲ့ စံပြထားရတဲ့ အနုပညာသည်တစ်ဦးဖြစ်တယ်ဆိုတော့ အနုပညာရှင်မဖြစ်ခင်ကတည်းက
အနုပညာရှင်တွေရဲ့ သရုပ်ဆောင်မှုတွေ၊ လှုပ်ရှားမှုတွေ၊ ပညာပေးမှုတွေကို ကြည့်ပြီးမှ
ရပ်တည်လာခဲ့ရတာဖြစ်ပါတယ်။ မိဘနဲ့ ဆရာသမားတွေရဲ့ သွန်သင် ဆုံးမမှုနဲ့ထပ်တူ
စာပေနဲ့ ယဉ်ကျေးမှုကလည်း အထောက်အကူပေးပါတယ်။ အနုပညာရပ်ဝန်းက လူငယ်တွေအပေါ်မှာ ပညာပေးခဲ့တာတွေကလည်း
အများကြီးအထောက်အကူရပါတယ်။ အဲဒါတွေကို အားကျအတုယူပြီး ကျင့်သုံးလာခဲ့ရတာဖြစ်ပါတယ်။
အခုပွဲတော်မှာ လူငယ်နဲ့ အနုပညာရပ်ဆိုင်ရာတွေ အများကြီးတွေ့ရတဲ့အတွက် အများကြီးဝမ်းသာပါတယ်။
ကျွန်တော်တို့ ငယ်ငယ်တုန်းကဆိုရင် ယဉ်ကျေးမှုဆိုင်ရာနဲ့ပတ်သက်ပြီး ဗုဒ္ဓဝင်တွေ သိရအောင်၊
လူမှုဆက်ဆံရေးတွေ နားလည်အောင်၊ မြန်မာစကားပုံလေးတွေလည်း ကျွမ်းကျင်သွားအောင်
သင်ယူခဲ့ရတယ်။ အဲဒါတွေကျွမ်းဝင်ယဉ်ပါးသွားတယ်ဆိုရင် မြန်မာပြည်မှာ
ဖြတ်သန်းရမယ်ဆိုတဲ့ အတိုင်း အတာတစ်ခုမှာ အများကြီးအထောက်အကူပြုပါတယ်။ ယဉ်ကျေးမှုအရရော၊
ဘာသာရေးအရရော၊ နိုင်ငံရဲ့အစဉ်အလာအရရော မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ အားလုံးဟာ
သိသင့်သိထိုက်တဲ့၊ လိုက်နာသင့် လိုက်နာထိုက်တဲ့ အခြေခံအပြုအမူတွေလို့
ကျွန်တော်မြင်ပါတယ်။
ဦးအောင်စိုး
ပညာရေးဝန်ကြီးဌာန ပြခန်းတာဝန်ခံ
အခုလက်ရှိပြခန်းမှာ
ရှေးဟောင်းပေပုရပိုက်တွေ ပါတယ်။ ကလေးတွေကို ဗဟုသုတအနေနဲ့ မြင်ဖူး တွေ့ဖူးအောင်ရယ်၊
နောက်တစ်ခုက ရှေးဟောင်းပေပုရပိုက်တွေနဲ့ပတ်သက်ပြီး တန်ဖိုးထားတတ် လာအောင်ရယ်ဆိုတဲ့
ရည်ရွယ်ချက်နဲ့ ရှေးဟောင်းစာပေအမွေအနှစ်တွေကို ဦးစားပေးခင်းကျင်းပြသ ထားပါတယ်။
နောက်ပြီး ဝိဇ္ဇာ၊ သိပ္ပံပညာရှင် ဆရာတွေရဲ့ သင်ကြားမှုတွေထဲက အခြေခံ ကျောင်းသား
ကျောင်းသူအားလုံး သိသင့်သိထိုက်တဲ့ပြကွက်လေးတွေလည်း ပါဝင်ပါတယ်။ အခြားပြကွက်ကတော့
ဇီဝဗေဒနဲ့ပတ်သက်ပြီး ခရုလေးတွေကမှ ဓာတ်ခွဲခန်းမှာ အသုံးကျတဲ့ သားလောင်းလေးတွေ
မွေးမြူရေး ဆိုင်ရာ ဗဟုသုတဖြစ်ဖွယ်လေးတွေကိုလည်း ပြသထားပါတယ်။
သင်ရိုးညွှန်းတမ်းထဲမှာ မပါပေမယ့် ဆက်စပ်မှုတော့ရှိတယ်လို့ ပြောရမှာပါ။ အဓိကကတော့ ကျွန်တော်တို့မြန်မာတွေရဲ့
ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေကို ကလေးတွေသိပြီး တန်ဖိုးထားတတ်အောင် ပြသထားတာဖြစ်ပါတယ်။
မောင်ချမ်းမြေ့မောင်
အထက(၁)၊ ဇေယျာသီရိမြို့နယ်
ကျွန်တော်ကတော့ Grade-11 မှာ တက်ရောက်ပညာသင်ယူနေတာဖြစ်ပါတယ်။
လက်ရှိကျင်းပ ပြုလုပ်နေတဲ့ လူငယ်နှင့် စာပေအနုပညာပွဲတော်မှာ ဘင်ခရာအဖွဲ့
ခေါင်းဆောင်အနေနဲ့ ပါဝင်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။ စာပေနဲ့ပတ်သက်ရင်တော့
ခေတ်နှောင်းပိုင်းစာပေတွေကို ပိုပြီးဖတ်ဖြစ်ပါတယ်။ ဖတ်တဲ့ စာတွေကို ပြောရရင်တော့ ရသထက်
သုတက ပိုများပါတယ်။ အခုခေတ်က သတင်းအချက်အလက်နဲ့ နည်းပညာခေတ်ဖြစ်နေတာကြောင့်
နိုင်ငံတကာမှာ အင်တာနက်ကို အကျွမ်းတဝင်ရင်းရင်းနှီးနှီး အသုံးပြုနေပြီဆိုတော့
ကိုယ်ပိုင်စာအုပ်စာစောင် မရှိတဲ့အခါ အင်တာနက်ကနေတစ်ဆင့် ဖတ်ဖို့လိုမယ်လို့ ထင်ပါတယ်။
အခုလိုမျိုးပွဲတွေ ကျင်းပပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
မောင်အောင်ပိုင်ဖြိုး
သရုပ်ပြအဖွဲ့ဝင်
အခုကျင်းပနေတဲ့ လူငယ်နှင့် စာပေအနုပညာ
ပွဲတော်မှာ သရုပ်ပြဖြစ်တာကြောင့် ကျတဲ့အခန်းကဏ္ဍ ကနေ သရုပ်ဖော်ပေးရတာ ဖြစ်ပါတယ်။ အခြားကျောင်းသား၊
ဆရာဝန်၊ ဆရာမ၊ အင်ဂျင်နီယာအစုံ ပါပါတယ်။ ဒီလူငယ်နှင့် စာပေအနုပညာပွဲတော်မှာ
ကျောင်းသား ကျောင်းသူတွေလည်း အများကြီးတွေ့ရ ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့
ပညာရေးနဲ့ စာပေနယ်ပယ်မှာ စိတ်ဝင်စားလာအောင် အများကြီးလုပ်ပေးနေပြီး အနာဂတ်လူငယ်တွေ
ထက်မြက်တဲ့ အရည်အချင်းတွေနဲ့ ပြည့်ဝစေအောင် ပျိုးထောင် ပေးနေတယ်လို့ မြင်ပါတယ်။
မလွင်မာအေး
လေကြောင်းဆိုင်ရာပြခန်းအဖွဲ့ဝင်
အခုလောလောဆယ် ဒီပြခန်းကို လာရောက်ခဲ့ရ
တာကတော့ လေယာဉ်မယ်တစ်ယောက်အနေနဲ့ပါ။ မြန်မာ့လေကြောင်းမှာ လေယာဉ်ဆိုရင် အေတီအာရ်ရယ်၊
ဘိုးရင်းရယ်ဆိုပြီးရှိပါတယ်။ အဲဒီလေယာဉ်တွေမှာ လေယာဉ်မယ်တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
အနာဂတ်လူငယ်တွေဖြစ်တဲ့ ကလေးတွေအားလုံးဟာ လေယာဉ်မှူးနဲ့ လေယာဉ်
မောင်မယ်တွေဖြစ်ချင်ကြတယ်။ ဒီလေယာဉ်ကြီးတွေကြည့်ပြီး အနာဂတ်ကျရင်
ဒီလေယာဉ်အမျိုးအစားတွေနဲ့ ဒီထက်အဆင့်မြင့်တဲ့ လေယာဉ်အမျိုးအစားတွေ
မောင်းနိုင်အောင်ဆိုတဲ့ ရည်မှန်းချက်တွေ ထားနိုင်အောင်နဲ့၊ ဒီလိုလေယာဉ်တွေဟာ
ကိုယ်ပိုင်နဲ့ နိုင်ငံပိုင်တွေရှိသလို ငှားထားတဲ့ ယာဉ်တွေလည်းရှိတယ်ဆိုတာ
သိအောင်ပြသထားတာဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံမှာ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်တဲ့
လေယာဉ်တွေရှိတယ်ဆိုတာသိအောင် ဒီပြခန်းကို ကလေးတွေလာကြည့်တဲ့အခါကျရင် စိတ်ဓာတ်ခွန်အားတွေ
တက်ပြီးတော့ အနာဂတ်အတွက် မျှော်မှန်းချက်ထားနိုင်အောင်လို့ ပြသထားတာ ဖြစ်ပါတယ်။
သုတစာပေတို့သည် မြင့်မားသောအတွေးအခေါ်နှင့်
အတတ်ပညာဗဟုသုတတို့ လေ့လာသင်ယူ နိုင်သော နယ်ပယ်ဖြစ်သည်။ ရသစာပေတို့သည်
ယဉ်ကျေးမှုနှင့် လူမှုဆက်ဆံရေးနယ်ပယ်တွင် အဓိကကျသော စိတ်ဓာတ်အခြေခံကောင်းများ
ဖြစ်ပေါ်စေသည်။ အမြင့်သို့ တက်လှမ်းရန် ရည်ရွယ် သော လူငယ်မောင်မယ်များသည်လည်း
စာပေနှင့်ဝေးကွာ၍ မရနိုင်ပေ။ နိုင်ငံတော်နှင့် အမျိုးဘာသာ သာသနာ၊ ရိုးရာယဉ်ကျေးမှုတို့ကို
ချစ်မြတ်နိုးသော လူငယ်များ၊ ဗလငါးတန်နှင့် ပြည့်စုံသော ထူးချွန် ထက်မြက်သည့် လူငယ်များ
ပေါ်ထွန်းလာစေရန် ရည်ရွယ်သော လူငယ်နှင့် စာပေအနုပညာပွဲတော်လာ ပရိသတ်တို့၏
စကားသံများကို စုစည်းတင်ပြအပ်ပါကြောင်း။
တွေ့ဆုံမေးမြန်းနှင့် ဓာတ်ပုံ
အလင်းသစ်၊ နေမျိုး
No comments:
Post a Comment