အဂတိလိုက်စားမှုက ကမ္ဘာလုံးဆိုင်ရာ ပြဿာနာဖြစ်သည်။ အဂတိလိုက်စားမှုသည် ရာဇဝတ်မှုကျူးလွန်ခြင်းနှင့် အကြမ်းဖက်တိုက်ခိုက်ခြင်းတို့ကိုအားပေးပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေကာ တရားဥပဒေစိုးမိုးမှုနှင့် ဒီမိုကရေစီစနစ်ကို ထိခိုက်နိုင်စေသည်ဟု ကမ္ဘာ့နိုင်ငံကြီးတစ်နိုင်ငံကဆိုသည်။ ကမ္ဘာတစ်ဝန်းဖြစ်ပေါ်လျက်ရှိသည့်အဂတိလိုက်စားမှု၊ အကျင့်ပျက်ခြစားမှုပြဿနာကို ကမ္ဘာသူ ကမ္ဘာသားတို့အလေးအနက် ဂရုပြုလာကြစေရန်နှင့် တားဆီးနှိမ်နင်းနိုင်ကြစေရန်ရည်ရွယ်၍ ကုလသမဂ္ဂက နှစ်စဉ်ဒီဇင်ဘာလ ၉ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ထားသည်။
အဂတိလိုက်စားမှု၏အဓိပ္ပာယ်သည်
လာဘ်ပေးလာဘ်ယူခြင်းထက် ပိုမို၍ကျယ်ဝန်းပြီး ခြိမ်းခြောက်ငွေညှစ်ခြင်း၊ လိမ်လည်ခြင်း၊
နိုင်ငံတော်ပိုင်ဘဏ္ဍာနှင့် ပစ္စည်းများကို အလွဲသုံးစားပြုခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို
ကိုယ်ပိုင်ပစ္စည်းအဖြစ် သုံးစွဲခြင်း၊ မလျော်ဩဇာသုံး၍ မဲဆွယ်ခြင်း၊ မိမိမိသားစုနှင့်
ဆွေမျိုးကောင်း စားရေးဝါဒအသုံးပြုခြင်း၊ မိမိနှင့်နီးစပ်အဆင်ပြေသူ ကောင်းစားရေးဝါဒရှိခြင်းတို့သည်လည်း
အဂတိလိုက်စားမှုများပင်ဖြစ်သည်။ လက်ရှိကာလ မိမိတို့နိုင်ငံတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက
နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်နေချိန်ဖြစ်ပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊
တိုင်းရင်းသားပြည်သူအားလုံးစည်းလုံး ညီညွတ်ရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့ကို ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိရာ
အဂတိလိုက်စားမှုများ လျော့နည်းကျဆင်းစေရေးသည် နိုင်ငံတော်အတွက် လွန်စွာအရေးကြီးသည်။
အကျင့်စာရိတ္တနှင့် စိတ်ဓာတ်ကိုပျက်စီးစေပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးမှုနှင့် တည်ငြိမ်အေးချမ်းမှုတို့ကို
ထိခိုက်စေသည့် အဂတိလိုက်စားမှုများက နိုင်ငံအတွက် အန္တရာယ်ကြီးမားသည်ကို အလေးအနက်ရှုမြင်ကြရန်လိုသည်။
မြန်မာနိုင်ငံတွင်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ၂၀၁၃ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့တွင် ပြဋ္ဌာန်းထားပြီး
ခေတ်နှင့်အညီ လိုက်ပါပြောင်းလဲလာသည့် အဂတိလိုက်စားမှုပုံစံ အမျိုး မျိုးတို့ကို ထိထိရောက်ရောက်
တားဆီးကာကွယ်အရေးယူနိုင်ရန်အတွက် အဆိုပါဥပဒေကို စတုတ္ထအကြိမ်အထိ ပြင်ဆင်ပြဋ္ဌာန်း ထားပြီးလည်းဖြစ်သည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာ ဗျူဟာစီမံချက်(၂၀၂၂-၂၀၂၅) ကို ရေးဆွဲချမှတ်ထားပြီး
ယင်းစီမံချက်အောက်တွင် ၂၀၂၃ ခုနှစ် လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်လျက်ရှိသည်။
တားဆီးကာကွယ်ခြင်း၊ အသိပညာပေးခြင်းနှင့် စုံစမ်းစစ်ဆေးအရေးယူခြင်းဟူသည့် လုပ်ငန်းစဉ်သုံးရပ်တို့ကို
ဟန်ချက်ညီညီ ပေါင်းစပ်လုပ်ဆောင်လျက်ရှိရာတွင် ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/
ပြည်နယ််အစိုးရအဖွဲ့များတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption
Prevention Unit-CPU)များ တိုးချဲ့ဖွဲ့စည်းခြင်း၊ အသေးစားအဂတိလိုက်စားမှုများကို ထိရောက်စွာဟန့်တားနိုင်ရန်“အများပြည်သူထံမှ
တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme-PFP)” အကောင်အထည်ဖော်ခြင်းတို့
ဆောင်ရွက်လျက်ရှိပြီး အထက်တန်းနှင့်တက္ကသိုလ်အဆင့်များတွင် အဂတိလိုက်စားမှုကင်းဝေးရေး၊
ဂုဏ်သိက္ခာ၊ လူ့ကျင့်ဝတ် ဆိုင်ရာသင်ရိုးများထည့်သွင်းခြင်း၊ အသိပညာပေးဆွေးနွေးခြင်း
များဆောင်ရွက်လျက်ရှိသည်။
အဂတိလိုက်စားမှုသည်
ကျင့်ဝတ်ဆိုင်ရာ ကျူးလွန်မှုအပါအဝင် အခြားအခြေခံအကြောင်းများကြောင့်ဖြစ်ပြီး အလွှာပေါင်းစုံ၊
နေရာဌာနပေါင်းစုံတို့တွင် ဖြစ်ပေါ်နေခြင်းဖြစ်ရာ အဂတိကင်းစင်သည့်လူ့ဘောင်အဖွဲ့အစည်းဖြစ်ပေါ်လာရေးတွင်
ပြည်သူ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ စီးပွားရေးအဖွဲ့အစည်းများ၊ အများပြည်သူ အားလုံးတို့၏
တက်ကြွစွာပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည် ဖော်တည်ဆောက်ကြရမည်ဖြစ်ပါကြောင်း။ ။

No comments:
Post a Comment