Tuesday, December 26, 2023

(၇၆) နှစ်ရှိပြီဖြစ်သည့် လွတ်လပ်ရေးနေ့နှင့်အတူ မျှဝေအပ်ရာ အတွေးတစ်စ

မိုး​ကေနိုင်

မြန်မာနိုင်ငံတော်ကြီး လွတ်လပ်ရေးရခဲ့သည်မှာ (၇၆) နှစ်ရှိပါပြီ။ သို့သော် နိုင်ငံကား မငြိမ်းချမ်းနိုင်သေး၊ ဖွံ့ဖြိုးမှုကား နောက်ကျဆဲ၊ တိုးတက်မှုကား တုံ့ဆိုင်းဆဲ၊ တွန်းအားများနှင့် ရွေ့မည်ကြံတိုင်း ခရီးကားမရောက်၊ လှော်ရင်းနစ်နေသည်၊ မာယာများသည့်မြစ်ရေအယဉ်မှာ နစ်သထက်မနစ်အောင် လှေကိုကြိုးစား လှော်နေရသည်။

ခေါင်းဆောင်ကောင်း၊ ပညာနှင့်အ​မြော်အမြင်၊ မျိုးချစ်စိတ်နှင့်ညီညွတ်မှု

သမိုင်းအစဉ်အဆက် မြန်မာတို့ ညီညွတ်ချိန်၊ လက်နက်အင်အား လူအင်အားစုစည်းညီညွတ်ချိန်တွင် နိုင်ငံသည်အဘက်ဘက်မှ အင်အားကောင်းခဲ့ပြီး နိုင်ငံသမိုင်း၊ လူမျိုးသမိုင်း၊ ယဉ်ကျေးမှုသမိုင်း ထည်ထည်ဝါဝါရှိခဲ့သည်ကို အားလုံးအသိ။ မညီမညွတ်၊ အင်အားမကောင်းသည့်အခါ လွတ်လပ်ရေးဆုံးရှုံးခဲ့ရသည်။

ခေါင်းဆောင်မှုကောင်းခြင်း၊ တပ်မတော်အင်အားရှိခြင်း၊ မြန်မာတို့စုစည်းညီညွတ်ခြင်းတို့ ပြည့်စုံချိန်တွင် လွတ်လပ်ရေးပြန်လည်ရခဲ့သည့်သာဓကမှာ အထင်အရှားရှိပြီးဖြစ်သည်။ ခေါင်းဆောင်မှုက အားနည်း၊ အချင်းချင်း မညီညွတ်၊ အဆိုးရွားဆုံးအခြေအနေတွင် နိုင်ငံ၏အချုပ်အခြာနှင့် လွတ်လပ်ရေး အကြိမ်ကြိမ် ယိမ်းယိုင်ခဲ့ရသည်ကို ကြုံရသည်မှာ အခါခါ။ တိုင်းပြည်မပြိုကွဲအောင် ထိန်းသိမ်းစောင့်ရှောက်ခဲ့ရသည်မှာလည်း အကြိမ်ကြိမ်။ ကမ္ဘာ့အလယ်မှာ မြန်မာဆိုတာ ထည်ဝါရှင်သန်ဖို့က ခေါင်းဆောင်ကောင်းတို့ရှိသည့် အချိန်၊ ထိုခေါင်းဆောင်တို့၏ ပညာဉာဏ်အ​မြော် အမြင်ကြီးမှု၊ ထက်သန်သောမျိုးချစ်စိတ်နှင့် ထာဝရ စည်းလုံးညီညွတ်မှုတို့ မျှတသဟဇာတဖြစ်နေမှသာ ရရှိနိုင်မည်ဆိုသည့် သင်ခန်းစာလည်း ရရှိပြီးဖြစ်သည်။

ယာလည်းညက်စေ ကြက်လည်းပန်းစေလိုသည့်လုပ်ရပ်သတိထား

 ယခု (၇၆)နှစ်မြောက် အခါသမယလွတ်လပ်ရေး နေ့ထူးနေ့မြတ်နှင့်တိုက်တိုက်ဆိုင်ဆိုင် မင်္ဂလာယူဖွံ့ဖြိုးဖို့အားယူရမည့် အခြေအနေတွင် အားလုံးသိကြသည့်အတိုင်း နိုင်ငံ၏အချုပ်အခြာကို တစ်စွန်းတစ်စမျှ ပဲ့ပါမသွားအောင် ကြိုးစားနေရသည်။ လွတ်လပ်ရေး ရပြီးကတည်းက တောက်လောင်နေခဲ့သည့် စစ်မီးကား ယခုကာလလေးမှာ အရှိန်အဟုန်နှင့် ထတောက်နေသည်။ ကိုယ့်နိုင်ငံအတွက် ဝမ်းနည်းစရာကောင်းလှသည်က နိုင်ငံကို အစိတ်စိတ်အမြွှာမြွှာပြိုကွဲသည်အထိ ဖဲ့ယူနေကြသည့်မြင်ကွင်းများကို ဒိဋ္ဌဓမ္မတွေ့မြင်ရခြင်း ပင်ဖြစ်သည်။

အိမ်ကြက်ချင်းခွပ်ခိုင်းထားပြီး ယာလည်း ညက်စေ၊ ကြက်လည်းပန်းစေ အချုပ်အခြာအာဏာ ထိပါးစော်ကားခံနေရသည့်အ‌ခြေအနေဖြစ်သည်။ တပ်မတော်ကို စစ်မျက်နှာပေါင်းစုံဖွင့်၍ အခက်အခဲ အကျပ်အတည်းပေါင်းစုံဖြစ်အောင် ထိုးနှက်နေသည်။ ခေတ်အဆက်ဆက် ဘယ်လိုမှ ဦးနှိမ်၍မရသော တပ်မတော်၏ ရေကုန်ရေခန်းအသက်ပေး ကာကွယ်ရမည့် စိတ်ဓာတ်ကြောင့်သာ ခံသာတော့သည်။ ပြိုကွဲမည်ကို မလိုလားသော ပြည်သူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသားနယ်မြေများရှိ ငြိမ်းချမ်းရေးဗိသုကာများကြောင့်သာ အနာဂတ် နိုင်ငံအလင်းရောင် မပျောက်ပြယ်ခြင်းဖြစ်သည်။ အဆုံးအရှုံးများကိုကြည့်၍ ကိုယ့်ပြည်တွင်းရော ပြည်ပမှပါ လက်တွေ့ကျသော သင်ခန်းစာများကို ပညာဉာဏ်ဖြင့် ရယူကြရမည့်အချိန်တန်ပါပြီ။

ယနေ့ခေတ်ပုစ္ဆာတွေက အသစ်ဖြစ်ပြီး မေးခွန်းများက ဆန်းပြားသည်။ သို့သော် အနာသိက ဆေးရှိသည်သာဖြစ်သည်။ အတ္တမာနကြီးလွန်းသည့် တချို့သော လက်နက်ကိုင် ခေါင်းဆောင်များ၏ အ​မြော်အမြင်နည်းပါးလွန်းမှုကြောင့် ညီညွတ်မှုပြိုကွဲနေရခြင်းကို ထင်ထင်ရှားရှားမြင်နေရပြီပဲ။ အစိုးရနှင့်ပြည်သူ၊ တပ်မတော်နှင့် ပြည်သူကို ရန်တိုက်ပေးနေသည့် နိုင်ငံရေးအတ္တသမားများက တိုင်းပြည် စုတ်ပြတ်သတ်‌အောင် လုပ်သလိုဖြစ်နေသည်ကို မျက်ခြည်မပြတ်ရန်လိုသည်။ ဒီလိုအခြေအနေမျိုးတွေ မြန်မာ့မြေပေါ်မှ ပျောက်ကွယ်အောင် ဘယ်လိုလုပ်ကြမလဲ၊၊

ရုန်းကန်ခဲ့ရခြင်းအတူတူ နမူနာပြနိုင်ငံများ

ယနေ့ (၇၆) နှစ်မြောက် မြန်မာတို့၏လွတ်လပ်ရေးနှင့်အတူ နိုင်ငံ၏မပြီးဆုံးနိုင်သော အဆိုးအကျော့သံသရာကို ဆန်းစစ်မိသည်။ အချို့နိုင်ငံများနှင့် ချိန်ထိုးစဉ်းစားမိခြင်းဖြစ်သည်။ အနီးအနားက တရုတ်၊ ထိုင်း၊ က‌​မ္ဘောဒီးယားနှင့် ဗီယက်နမ်၊ မနီးမ‌‌ဝေးက ဂျပန်၊ ကိုရီးယား၊ အဝေးက အာဖရိကနိုင်ငံများ၊ ရုရှား စသည့်နိုင်ငံများ။ ရုန်းကန်ခဲ့ရခြင်းအတူတူ အများအပြား​သောနိုင်ငံများ ဘာကြောင့် မြန်မြန်ဆန်ဆန် တိုးတက်သွားကြရသလဲ။ မြန်မာနိုင်ငံကဲ့သို့ ရောင်စုံသူပုန်ထူပြောပြီး ပြည်တွင်းစစ်မရှိလို့လား၊ ကျင့်သုံးသည့် နိုင်ငံရေးစီးပွားရေးစနစ်တွေကြောင့်လား၊ ခေါင်းဆောင်က အာဏာရှင် မဟုတ်လို့လား၊ သယံဇာတအရင်းအမြစ်ကြောင့်လား စသည်ဖြင့်.. အနည်းနှင့်အများ တူညီတာတော့ရှိသည်။

 ထိုင်းမှလွဲ၍ ကျန်နိုင်ငံအားလုံး ပြည်တွင်းစစ်၊ ပြည်ပစစ်၊ ကိုလိုနီနယ်ချဲ့တွန်းလှန်စစ် စသည် တစ်ခုမဟုတ်တစ်ခု ကြုံခဲ့ကြရသည်ပင်။ မြန်မာက အင်္ဂလိပ်ကိုလိုနီကျွန်ပြုခံဘဝ၊ တရုတ်က အင်္ဂလိပ်နှင့် ဂျပန်လက်‌အောက်ရောက်ဖူးခဲ့၊ ကိုရီးယားက ဂျပန်လက်အောက်ခံဖြစ်ခဲ့ပြီး ကိုရီးယားတောင်- မြောက်စစ်မှာ နိုင်ငံနှစ်ခြမ်းကွဲခဲ့ရ၊ က​မ္ဘောဒီးယားက ပြင်သစ်ကိုလိုနီ၊ ဗီယက်နမ်က ပြင်သစ်ကိုလိုနီနှင့် အမေရိကန်လက်အောက်မှာ တောင်နှင့်မြောက် ဗီယက်နမ် စစ်ဒဏ်ခံခဲ့ရ၊ အာဖရိကနိုင်ငံအားလုံးကတော့ ဥရောပကိုလိုနီမဖြစ်ဖူးခဲ့သည့်နိုင်ငံဟူ၍ မရှိခဲ့ပါ။ ရုရှားကတော့ ဒုတိယကမ္ဘာစစ်မှာ နာဇီ ဂျာမနီတို့၏ ကျူးကျော်တိုက်ခိုက်မှုခံခဲ့ရပြီး စစ်အေး ကာလမှာ ဆိုဗီယက်ပြည်ထောင်စုကြီး အစိတ်စိတ် အမြွှာမြွှာပြိုကွဲခဲ့ရသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ တင်ပြပါနမူနာပုံစံအားလုံးက သူ့အကြောင်းတရားနှင့်သူ၊ သူ့အတွေ့အကြုံနှင့်သူ ရုန်းကန်ကြိုးစား ထူထောင်ခဲ့ရသည့် နိုင်ငံများဖြစ်ကြသည်။ ယခု မျက်မှောက်မှာတော့ မြန်မာနှင့် အာဖရိကနိုင်ငံ အများစုမှလွဲ၍ ကျန်နမူနာ နိုင်ငံအားလုံးက တိုးတက်ဖွံ့ဖြိုးနေသည်ကို တွေ့ရသည်။

ကိုယ်ပိုင်အမျိုးသားရေးစရိုက်နှင့်ညီညွတ်မှုကို မျှတ‌အောင် ထိန်းညှိနိုင်လျှင်

အတိတ်အကြောင်းအရာများ ခပ်ဆင်ဆင်ဖြစ်သော်လည်း တိုးတက်မှု၊ မတိုးတက်မှု၊ ချမ်းသာမှု၊ ဆင်းရဲမှု ဘယ်နေရာတွေမှာ ဘာတွေ‌ကွာခြားသွားခဲ့ကြပါသလဲ.. ။ အကြောင်းတရားကိုယ်စီရှိခဲ့ကြမည်ဖြစ်သော်လည်း အဓိကအရင်းခံအကြောင်းတရားကတော့ တစ်ခုတည်းသာရှိလိမ့်မည်ဟု ဆိုချင်သည်။ လွတ်လပ်ရေးရပြီးစ ပါလီမန်ခေတ်၊ ဆိုရှယ်လစ် ခေတ်မှစပြီး ဒီဘက်ဒီမိုကရေစီခေတ်အထိ ကိုလိုနီနယ်ချဲ့စနစ်၏ဆိုးမွေကြောင့်ဟု တွင်တွင်သမုတ်ခဲ့ကြသည်မှာလည်း အားလုံးအသိ။ ထိုအထဲတွင် ကျွန်တော်တို့လည်း ပါခဲ့သည်။ ကိုလိုနီနယ်ချဲ့ကြောင့်ဆိုသည်ကို အတိတ်မှာရေးရေးလေးထားခဲ့ပြီး ယနေ့ဘဝမှာ လက်တွေ့ကျသော မဖြစ်မနေ လုပ်ကိုလုပ်ရမည့်အလုပ်တစ်ခုကိုတော့ မျက်ခြည်မပြတ် စေချင်ပါ။

ထင်ထင်ရှားရှားပြနေသည့် အကြောင်းတရားတစ်ခုကို ဘယ်လိုရှာဖွေ၊ ဘယ်လိုလုပ်ကြမလဲဆို သည်ကသာ အဓိကဖြစ်မည်ထင်ပါသည်။ ဆိုလိုချင်သည်မှာ “အမျိုးသားရေး စရိုက်လက္ခဏာအပြည့်ရှိ‌သော ညီညွတ်ရေးမျိုး ဖြစ်သည်။ ဘယ်လိုမှမညီညွတ်နိုင်သော မြန်မာများအတွက် စည်းလုံးညီညွတ်မှု မရှိကြခြင်းကိုသာ အကြောင်းတရားတစ်ခုအဖြစ် မြင်မိသည်။

 ဖော်ပြခဲ့သည့် နှိုင်းယှဉ်နိုင်ငံများ၏ တိုးတက်မှု အကြောင်းတရားသည်လည်း သူတို့တစ်မျိုးသားလုံး၏ ညီညွတ်မှုသည်သာ အဓိကဖြစ်မည်ဟု ဆိုချင်ပါ သည်။ နိုင်ငံရေးစနစ်နှင့် ဆိုင်နေသလား၊ ဒီမိုကရေစီကြောင့်လား၊ ကွန်မြူနစ်ဆိုရှယ်လစ်ကြောင့်လား၊ တစ်ပါတီကြောင့်လား၊ ပါတီစုံကြောင့်လား၊နှိုင်းယှဉ်နိုင်သည်။ ပြောရလျှင် ဆိုရှယ်လစ်ကွန်မြူနစ် ကျင့်သုံးသော၊ ပါတီစုံဆိုသော်လည်း တစ်ပါတီလွှမ်းမိုးသော နိုင်ငံများကတောင် ပိုပြီးဖွံ့ဖြိုး တိုးတက်နေသည်ကို တွေ့ရသည်။ မြင်တတ်လျှင် နိုင်ငံတစ်နိုင်ငံ၏ တပ်မတော်အင်အားရှိမှုနှင့်လည်း ဆိုင်သည်။ ဆင်းရဲခြင်း၊ မဆင်းရဲခြင်းက နိုင်ငံရေးမှာ တပ်မတော်ပါဝင်ပတ်သက်မှုနှင့်လည်း ဆိုင်ချင်မှဆိုင်မည်။ ဘယ်လိုအနေအထားမှာပဲဖြစ်ဖြစ် သေချာတာကတော့ သူတို့နိုင်ငံသားများ၏ ညီညွတ်မှုနှင့် ညီညွတ်အောင်လုပ်နိုင်စွမ်းသော ခေါင်းဆောင်တို့၏ အ​မြော်အမြင်ရှိမှုက အရေးပါသောအချက်ဖြစ်ပါမည်။

ဖော်ပြပါနမူနာပြနိုင်ငံများ၏ အတိတ်ကိုကြည့်လျှင် မညီညွတ်ကြခြင်းနှင့် မညီညွတ်ခြင်း၏ ခါးသီးသောအတွေ့အကြုံများ ကိုယ်စီရှိခဲ့ကြသည်ချည်း ဖြစ်ပါသည်။ မညီညွတ်သည်ကို ညီညွတ်အောင် သူတို့ဘယ်လိုလုပ်ခဲ့ကြသလဲ၊ ဘယ်လိုနည်းလမ်းတွေ ကျင့်သုံးခဲ့သလဲ၊ ဘယ်လိုကြိုးစားတည်ဆောက် ခဲ့ကြသလဲ၊ ကျွန်တော်တို့မှာ အမှားထဲမှ သင်ခန်းစာ ယူစရာတွေ များစွာရှိပါလိမ့်မည်။

 မမေ့သင့်သော အချက်တစ်ခုကားရှိနှင့်ပြီး ဖြစ်ပါသည်။ သူတို့၏ ညီညွတ်မှုဆိုသည်ကို နိုင်ငံ၏ အမျိုးသားရေးစရိုက်လက္ခဏာများဖြင့် ထိန်းညှိနိုင်ခြင်းပင်ဖြစ်သည်။ ထိုအချက်ကို ဒီမိုကရေစီကျင့်သုံးသော ထိုင်းနိုင်ငံဥပမာ‌တွင် တွေ့နိုင်သည်။ သူတို့၏ အမျိုးသားရေးလက္ခဏာက ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ခြင်းနှင့် ဘုရင်စနစ်ကို ဦးထိပ်ထားခြင်းဖြစ်သည်။ သူတို့နိုင်ငံသားများက ထိုလက္ခဏာနှစ်ခုကို လုံးဝအထိမခံ၊ ထိုအချက်တွေ‌အောက်မှာ ခေါင်းဆောင်တို့၏ အ​မြော်အမြင်ရှိမှုပါ ပေါင်းစပ်လိုက်သည့်အခါ ရှေးအတိတ်ကာလမှာ အင်္ဂလိပ်နှင့် ပြင်သစ်တို့ကြား ကြားမညပ်ဘဲ ကျွန်ပြုခံရမည့်အရေးမှ လွတ်မြောက်ခဲ့ရသည့် နမူနာကောင်းရှိ ခဲ့ဖူးသည်၊၊ သူတို့၏ အမျိုးသားရေးစရိုက်အခြေခံ ညီညွတ်မှု၊ အ​မြော်အမြင်ရှိမှုတို့ကြောင့် မကြာခဏအာဏာသိမ်း အကြိမ်ကြိမ်ဆူပူဆန္ဒပြမှုများရှိခဲ့ သော်လည်း သူတို့နိုင်ငံသားတွေက သူတို့တိုင်းပြည်ကို ဘယ်တော့မှမဖျက်ဆီး၊ နိုင်ငံကလည်း ဘယ်တော့မှမပျက်စီး၊ တည်ငြိမ်ပြီး တိုးတက်နေခြင်းဖြစ်သည်ဟု ဆိုနိုင်ပါသည်။

မတူညီမှုများထဲမှ တူညီရာများ

 နောက်ထပ်ဥပမာက က​မ္ဘောဒီးယား။ ပြင်သစ်ကိုလိုနီဖြစ်ခဲ့ဖူးပြီး အမေရိကန်တို့၏အပြင်းအထန် ဗုံးကြဲမှုကို နှစ်များစွာ ခံခဲ့ရဖူးသည်၊၊ ၁၉၇၅-၇၉ ခမာနီလူမျိုးတုံးသတ်ဖြတ်မှုက နာမည်ကြီးသည်။ ၁၉၉၇ ခုနှစ်မှ ယနေ့ထိတိုင် က​မ္ဘောဒီးယား ပြည်သူ့ပါတီမှ တစ်ပါတီတည်း ကြီးစိုးအုပ်ချုပ်ပြီး နိုင်ငံမှာ တိုးတက်သောနိုင်ငံတစ်နိုင်ငံအဖြစ် ပုံဖော်ခြင်းခံနေရသည်မှာ နိုင်ငံရေးအရ တည်ငြိမ်မှုနှင့် ပြည်တွင်းငြိမ်းချမ်းမှုကြောင့်ဟုပင် ဆိုနိုင်ပါသည်။ 

 ဗီယက်နမ်နိုင်ငံ၏ ဖွံ့ဖြိုးမှုမှာမူ ပို၍သိသာပါသည်။ ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုအောက်တွင် နိုင်ငံရေးတည်ငြိမ်မှုနှင့်အတူ ဈေးကွက်စီးပွားရေးစနစ်က အားကောင်းလှသည်။ ပြင်သစ်ကိုလိုနီနှင့် အမေရိကန်နယ်ချဲ့မှုအောက်မှာ တောင်နှင့်မြောက် ခက်ခက်ခဲခဲပူးပေါင်းခဲ့ရသည့် ပြင်းထန်ဆိုးရွားလွန်းသော လွတ်လပ်ရေးကြိုးပမ်းမှုများက ဗီယက်နမ် တိုင်းရင်းသားလူမျိုးစုများအား စည်းလုံးညီညွတ်မှုကို ခိုင်ခိုင်မာမာ ရရှိသွားစေသည်။ ကွန်မြူနစ်များဦးဆောင်မှုအောက်တွင် လယ်သမား၊ အလုပ်သမား၊ ဝန်ထမ်း၊ စီးပွားရေးလုပ်ငန်းရှင်၊ နိုင်ငံသားများ၏ ပညာဉာဏ်ပါသော ညီညွတ်မှုအင်အားက တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှုအရှိန်ကို မရပ်တန့်နိုင်လောက်အောင်ပင်ဖြစ်သည်မှာ အားကျစရာ ဖြစ်သည်။

ထို့အတူ အိမ်နီးချင်းအင်အားကြီးနိုင်ငံဖြစ်သော တရုတ်နိုင်ငံ၊ သူတို့၏ အတိတ်သမိုင်းမှာ ခမ်းနား ကြီးကျယ်ခဲ့သလောက် နယ်ချဲ့များ လက်အောက်မှာ အရှက်ရစရာ၊ သိမ်ငယ်စရာအဖြစ်အပျက် များစွာရှိခဲ့ပြီး ကျူးကျော်သူဂျပန်ကို တိုက်ထုတ်ခဲ့ရသည့် ပြည်ပစစ်၊ ကူမင်တန်တို့နှင့် ဆင်နွှဲခဲ့ရသည့် ကာလရှည် ပြည်တွင်းစစ်ကြီးက သူတို့နိုင်ငံသားတွေကို ပို၍ညီညွတ်သွားစေသည်။

ထိုအချက်များကပင် တရုတ်မူပိုင်အမျိုးသားရေး လက္ခဏာများက ပို၍ပီပြင်သွားသည်။ တရုတ် နိုင်ငံသားတို့၏ မျိုးချစ်စိတ်နှင့် အမျိုးသားရေး စိတ်ဓာတ်သည် ပါတီ၏ဦးဆောင်မှုကြောင့်အပြင် သူတို့နိုင်ငံသားတွေကိုယ်တိုင်၏ သွေးထဲမှာကို ပင်ကိုစိမ့်ဝင်နေသည့် စိတ်ဓာတ်မျိုးဖြစ်သည်၊ အလွန်အားကျအတုယူစရာဖြစ်ပါသည်။ ရုရှားနိုင်ငံ၏ အမျိုးသားရေးစိတ်ဓာတ်ကိုရော သင်မည်သို့ ရှူမြင်မည်နည်း။ အားလုံးတွင် သိသာသော ကွဲပြားခြားနားမှုများ မရှိလှပါ။ ဒုတိယကမ္ဘာစစ်အတွင်း ဖက်ဆစ်နာဇီဂျာမနီအား အသက်ခန္ဓာ သန်းနှင့်ချီ ပေးဆပ်ပြီးမှ ရယူထားရသည့် လွတ်လပ်ရေး၊ အမေရိကန်နှင့်အပေါင်းပါတို့နှင့် ရင်ဆိုင်ခဲ့ရသည့် စစ်အေးတိုက်ပွဲ၊ အနောက်အုပ်စု၏ ဖြိုခွဲခံရပြီး အစိတ်စိတ် အမြွှာမြွှာပြိုကွဲအပြီး နိုင်ငံကို ကြီးပွား တိုးတက် အင်အားကြီးမားလာအောင် ကြိုးစားခဲ့ရသည့် ရုရှားခေါင်းဆောင်များနှင့် ရုရှားလူမျိုးတို့၏ ယူရေးရှားစိတ်ဓာတ်ကိုအခြေခံသည့် အမျိုးသားရေး လက္ခဏာရပ်ကိုလည်း ညီညွတ်မှုနှင့် တွဲ၍မြင်လို့ရပါသည်။

ဆိုဗီယက်ယူနီယံပြိုကွဲပြီးနောက် ကျန်ရှိသည့် ရုရှားနယ်မြေများကို ထပ်မံပြိုကွဲရန်ကြိုးပမ်းလာ သည့် ချေချင်းညာကို ရုရှားတပ်မတော်က အပြီးအပိုင်ချေမှုန်းတိုက်ခိုက်ခဲ့အပြီး ရုရှားနိုင်ငံတော် ကြီး၏ တည်ငြိမ်တိုးတက်မှုမှာ အထင်အရှားဖြစ်လာသည်ကို မြင်နိုင်ပါသည်။ အနာဂတ်တွင် ရုရှားနိုင်ငံ၏ အန္တရာယ်မှန်သမျှ၌ အတူလက်တွဲပါဝင်မည့် ချေချင်းတို့ကို ယနေ့တွေ့မြင်ရသည်မှာ ရုရှားနိုင်ငံ၏ နမူနာယူစရာ ညီညွတ်မှုစွမ်းအားကြောင့်ဟု ဆိုနိုင်ပါသည်။

အားလုံးသည် နမူနာယူစရာများဖြစ်သည်ကို တွေ့ရပါမည်။ ထိုနိုင်ငံများသည် လွတ်လပ်ရေးနှင့် အချုပ်အခြာကို ဘယ်လိုကာကွယ်စောင့်ရှောက် ထိန်းသိမ်းနေကြပါသလဲ၊ သေချာတာတစ်ခုကို သတိထားမိသည်။ ယနေ့ပစ္စုပ္ပန်အခြေအနေကို ထင်ဟပ်သည့် အတိတ်အကြောင်းတရားများ အပေါ် အလွန်အမင်း လက်ညှိုးထိုး အပြစ်မပုံချကြခြင်း ပင်ဖြစ်သည်။ အတိတ်ကသင်ခန်းစာကို ယူရုံသာဖြစ်သည်။ ပစ္စုပ္ပန်မှာက မိမိချို့ယွင်းချက်များကို အမှန်မြင်ပြီး မိမိဘာသာ မှန်မှန်ကန်ကန် သုံးသပ်ပြင်ဆင် နိုင်ရန်ပင်ဖြစ်သည်။ ကိုယ်မတိုးတက်တာ၊ ကိုယ်ဆင်းရဲတာအားလုံး ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိသည်ဟုသာခံယူသည်။ အထက်ပါတင်ပြခဲ့သည့်နိုင်ငံများနှင့် အာဖရိကနိုင်ငံအများစု ဘယ်‌နေရာမှာ ဘယ်လိုကွာခြားသွားကြပါသလဲ။ အာဖရိကနိုင်ငံများက သူတို့ဆင်းရဲတာ၊ မတိုးတက်တာ၊ ပြည်တွင်းစစ်နှင့် နပန်းလုံး​နေရတာကို ကိုလိုနီနယ်ချဲ့တွေကြောင့်ဆိုပြီး ယခုထိလက်ညှိုး ထိုးကောင်းတုန်း။ ထို့ကြောင့် ဒီနိုင်ငံတွေသည် အဆိုးသံသရာမှာကျန်ခဲ့သည်ဟု မြင်မိသည်၊၊ ယနေ့ အခြေအနေမှာ ထိုင်း ဘယ်လိုလုပ်နေသလဲ၊ အင်အားကြီး နိုင်ငံများအကြား တည်ငြိမ်စွာ ရပ်တည်နေသည့် ဗီယက်နမ်အခင်းအကျင်း၊ ဒုတိယ ကမ္ဘာစစ်မှာ အဏုမြူဗုံးဒဏ်ခံရပြီး စစ်ရှုံးပြာပုံ ဘဝရောက်ခဲ့ရသည့်ဂျပန် ယခုဘယ်လို အခြေအနေ ရောက်နေပြီလဲ၊ တိုင်းပြည်၏ ရန်ဆူးရန်ငြောင့် မှန်သမျှ အမြစ်ပြတ်ချေမှုန်းပြီးမှ တိုင်းရင်းသားများ၏ညီညွတ်မှုကိုရယူခဲ့သည့် ရုရှားနိုင်ငံသည်လည်း နမူနာယူစရာ၊ လစ်ဘရယ်ဆန်သော အမျိုးသားရေး ဝါဒကျင့်သုံးသည့် တရုတ်စသည်ဖြင့်..မတူညီမှုတွေ အနည်းအများရှိနိုင်သော်လည်း အားလုံးမှာ တူညီမှုတစ်ခုသာရှိပါသည်။

ထိုအချက်ကား နိုင်ငံသားအားလုံး၏ ညီညွတ်မှု၊ အမျိုးသားရေးဇာတိမာန်နှင့် တိုးတက်လိုစိတ်များ ပင်ဖြစ်ပါသည်။ ထိုအချက်များကပင် နိုင်ငံ၏အချုပ်အခြာ၊ နိုင်ငံ၏လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်နိုင်မည့် ပြည်သူအများကောင်းစားရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အာမခံမည့် အာမခံချက်များအဖြစ် အလေးအနက်ထား ယုံကြည်ကြရပါမည်။

No comments:

Post a Comment