သူရဲကောင်းစစ်သည်များအတွက် ဒသမအကြိမ်မြောက် (၁၀) ကြိမ်မြောက်ပေါ့ အောက်မေ့ဖွယ် ဂါရဝပြုအလေးပြုခြင်းအခမ်းအနားကို မနေ့က နေပြည်တော် သူရဲကောင်းစစ်သည်များဗိမာန်မှာ ပြုလုပ်ခဲ့တယ်။ နိုင်ငံတော်နဲ့ တပ်မတော်ကို ချစ်မြတ်နိုးတဲ့ အဖွဲ့အစည်းတွေ၊ ပြည်သူတွေ၊ စစ်မှုထမ်းဟောင်းတွေ အင်အားများပြားစွာ တက်ရောက်ခဲ့ပါတယ်။ တက်ရောက်ခဲ့တဲ့သူတွေအနေနဲ့ နိုင်ငံတော်ရဲ့တည်တံ့ခိုင်မြဲရေးကို အစဉ်တစိုက်ကာကွယ်ပေးနေတဲ့ တပ်မတော်နဲ့ပတ်သက်ပြီး လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ တပ်မတော်ကို ကိုယ်ရောစိတ်ပါ အားပေးထောက်ခံ မှုပြုတာတွေ၊ လိုအပ်လာရင် သူတို့ကိုယ်တိုင် နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်ကို ထမ်းဆောင်မယ်ဆိုတဲ့ ဆန္ဒပြုချက်တွေ၊ ပြီးရင် တပ်မတော်ဆေးရုံတွေနဲ့ တပ်မတော်နဲ့သက်ဆိုင်တဲ့နေရာတွေမှာ သွားရောက်အမှုထမ်းတာတွေကို စိတ်အားတက်ကြွဖွယ် မြင်ကွင်းအဖြစ် ကျွန်တော်တို့မြင်ခဲ့ရပါတယ်။ အလားတူပါပဲ ကျွန်တော်တို့ စစ်သားဆိုတာကလည်း တစ်ခါစစ်သားဖြစ်ဖူးရင် အမြဲတမ်းစစ်သားဆိုတဲ့ စိတ်ဓာတ်မျိုး ခံယူထားတဲ့သူတွေဖြစ်ပါတယ်။ ဒါကြောင့်ဒီနေ့ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး စစ်မှုထမ်းဟောင်းတွေ၊ ကျန်းမာရေးအခြေအနေအရ တပ်မတော်က ထွက်ခွင့်ရထားတဲ့ စစ်သည်တော်ဟောင်းတွေ၊ ခွင့်မဲ့၊ စစ်ပြေးဖြစ်နေတဲ့ စစ်သည်တွေစတဲ့သူတွေက နိုင်ငံတော်တာဝန်ကို ထမ်းဆောင်လိုတယ်ဆိုပြီး သူတို့တတ်နိုင်တဲ့ဘက်ကပေါ့ စစ်ဆင်ရေးတာဝန်၊ လုံခြုံရေးတာဝန်တွေ ထမ်းဆောင်ချင်ပါတယ်ဆိုပြီး စာရေးပြီးဆန္ဒပြုလာတာတွေ၊ တပ်မှူးတွေနဲ့ လူကိုယ်တိုင်တွေ့ပြီး ဆန္ဒပြုလာတာတွေကို အများအပြားပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် တပ်မတော်အနေနဲ့လည်း နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကာကွယ်ရေးအတွက် အကြမ်းဖက်လက်နက်ကိုင်နေတဲ့ PDF တွေကို ချေမှုန်းနေတယ်။ ဒါကြောင့် နိုင်ငံတော်ကာကွယ် ရေးအတွက် ခွင့်ပြုရင် တပ်မတော်မှာ ပြန်လည်တာဝန်ထမ်းဆောင်လိုကြောင်း၊ ခွင့်မဲ့စစ်ပြေးစစ်သည်တွေအနေနဲ့လည်း ဆက်သွယ်တင်ပြလာမှုတွေရှိပါတယ်။ ဒါကြောင့် သတ်မှတ်ကာလနဲ့ အကျုံးဝင်တဲ့ စစ်သည်တွေကို သက်ဆိုင်ရာ ဒါမှမဟုတ် နီးစပ်ရာတပ်တွေမှာ ပြန်လည်လက်ခံပေးမှာဖြစ်ကြောင်းနဲ့ စစ်မှုထမ်းရန်ဆန္ဒပြုတဲ့ သာမန်ပြစ်မှုကျူးလွန်တဲ့ တပ်မတော်သားတွေကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးမယ်ဆိုပြီး မနေ့ကကျွန်တော်တို့ ကြေညာချက်ထုတ်ခဲ့ပါတယ်။ ဒီလိုကြေညာချက်ထုတ်တဲ့အခါမှာတော့ ထုံးစံအတိုင်းပါပဲ ပြည်ဖျက် မီဒီယာတွေအနေနဲ့ရော တချို့သောဟန်ဆောင်ထားတဲ့ မီဒီယာတွေပေါ့။ ဟန်ဆောင်ထားတဲ့ မီဒီယာတွေဆိုတာကတော့ ကျွန်တော်ဆိုလိုတာက တပ်မတော်ကို ချစ်သယောင်၊ နိုင်ငံတော်ကို ချစ်သယောင်နဲ့ ဟန်ဆောင်ထားတဲ့ မီဒီယာတွေလည်းရှိပါတယ်။ သို့သော် သူကသိတော့သိသာပါတယ်။ အခြေအနေအခွင့်အရေးပေးလာတာနဲ့တစ်ပြိုင်နက် သူက တပ်မတော်ကို ထိုးနှက်တာပေါ့။ အဲဒီမှာ ဝေဖန်မှုတွေရှိပါတယ်။ ဒီနေရာမှာ ကျွန်တော်နှစ်ပိုင်းခွဲပြီး ပြောဖို့ရှိတယ်။ နံပါတ် (၁) ကတော့ စကားလုံးရှင်းရှင်းလင်းလင်းနဲ့ ပြောရရင် စာအုပ်ကြီးအတိုင်း ကျွန်တော်ပြောမှာပေါ့ဗျာ။ ဥပဒေအတိုင်းပြောမှာပေါ့။ ဒါကတော့ စစ်စည်းကမ်းဆိုင်ရာ လုပ်ထုံး လုပ်နည်းများ လက်စွဲစာစောင်အမှတ် (၂) မှာ စစ်ပြေးမှုဆိုတာနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုထားတာရှိတယ်။ စစ်ပြေးမှုဆိုတာက ယေဘုယျအားဖြင့် တပ်သို့ပြန်လာရန် ရည်ရွယ်ချက်မရှိသော ခွင့်မဲ့ပျက်ကွက်ခြင်း၊ ထပ်ပြောရမယ်ဆိုရင် တပ်သို့ပြန်လာရန် ရည်ရွယ် ချက်မရှိတဲ့ ခွင့်မဲ့ပျက်ကွက်ဖြစ်ခြင်းကို ဆိုလိုတာဖြစ်တယ်။ တပ်ကို ပြန်လာဖို့၊ စစ်မှုထမ်းဖို့ ရည်ရွယ်ချက်ရှိတယ်ဆိုရင် ဒါကိုစစ်ပြေးမှု မမြောက်ဘူးလို့ ဆိုလိုနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ မနေ့က ဒီဇင်ဘာလ (၃) ရက်နေ့ရဲ့ အရှေ့ပိုင်းမှာ ခွင့်မဲ့ ပျက်ကွက်ကြေညာခံထားရသူများ တပ်မှာစစ်မှုထမ်းရန် ရည်ရွယ်ချက်နဲ့ ပြန်လာမယ်ဆိုရင် စစ်ပြေးမှုအဖြစ်မသတ်မှတ်ဘဲ ခွင့်မဲ့ပျက်ကွက်မှုအဖြစ်သာ သတ်မှတ်ပြီး စစ်သည်တွေကို စစ်မှုထမ်းရန် လက်ခံဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နံပါတ် (၂) ကတော့ စိတ်ဓာတ်ရေးရာအပိုင်းပေါ့။ စိတ်ဓာတ်ရေးရာအပိုင်းအနေနဲ့ ဒီကြေညာချက်မထွက်ခင်ကတည်းက ဒီလိုလာပြီး စာနဲ့ဆန္ဒပြုတာတွေ လူကိုယ်တိုင်တွေ့ပြီး ဆန္ဒပြုတဲ့လူတွေ ၅၀၀ ကျော်လောက်ရှိတယ်။ လက်ရှိအခြေအနေကိုကြည့်ပြီး ကျွန်တော်အစောပိုင်းက ပြောသလို တစ်ခါစစ်သားဖြစ်ခဲ့ဖူးရင် တစ်သက်လုံး စစ်သားဆိုတဲ့ Once A Soldier Always A Soldier ဆိုတဲ့စိတ်ဓာတ်၊ ရဲဘော်စိတ် Esprit de Corps ပေါ့။ ရဲဘော်အချင်းချင်းအပေါ်မှာ ထားရှိတဲ့ သံယောဇဉ် တရား၊ မေတ္တာတရား၊ သစ္စာစောင့်သိမှုတရားတွေ အဲဒီစိတ်ဓာတ်တွေ ကျွန်တော်တို့စစ်သည်တိုင်း စစ်သည်တော်အသစ်တွေရော၊ စစ်သည်တော်အဟောင်းတွေမှာရော ရှိပါတယ်။ ပြီးရင် မြန်မာစကားပုံအရ လက်သည်းဆိတ် လက်ထိပ်နာပေါ့။ ဒါတွေအရ ခွင့်မဲ့စစ်ပြေး တွေ၊ စစ်မှုထမ်းဟောင်းတွေ၊ ဆေးကျန်းမာရေးအခြေအနေကြောင့် ထွက်ခွင့်ကျထားတဲ့သူတွေက ဆက်သွယ်လာကြပါတယ်။ ဒီနေ့နေ့လယ်ပိုင်းအထိ တပ်မတော်မှာ စစ်မှုထမ်းဆောင်နိုင်ဖို့ ဆက်သွယ် လာတဲ့ လူပေါင်းထောင်နဲ့ချီပြီးရှိသွားပြီဖြစ်ပါတယ်။ ဒီအထဲမှာ တချို့ စိတ်ဓာတ်ပြင်းထန်တဲ့သူတွေဆိုရင် အသက်ကြီးနေပေမယ့်လည်း သူ့ကိုစစ်ဆင်ရေး တာဝန်ပဲပေးပါ၊ ကျန်တဲ့တာဝန် မထမ်းဆောင်ချင်ဘူးလို့ ပြောပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ အသက်အရွယ်နဲ့ ကျန်းမာရေးအခြေအနေအရ လုံခြုံရေးတာဝန်ပဲ ပေးအပ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်ပြောလိုတာကတော့ စစ်သည်များ၊ စစ်သည်တော်ဟောင်းများအနေနဲ့ နိုင်ငံရဲ့ဒီလိုအခြေအနေမျိုးမှာ ရဲဘော်စိတ် Esprit de Corps နဲ့ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ဖို့၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ရွပ်ရွပ်ချွံချွံထမ်းဆောင်ဖို့ ဒီလိုမျိုး ဆက်သွယ်လာတာတွေကို အလေးအနက်ထားပါတယ်။ ဂုဏ်ယူပါတယ်၊ ဂုဏ်ပြုပါတယ်လို့ ပြောကြားလိုပါတယ်။ နောက်တစ်ခု ကတော့ ထူးထူးခြားခြား ဒီနေ့အမေရိကန်ရဲ့ US Department State Website ရဲ့ Country Reports On Terrorism 2022 ဆိုပြီး စာတမ်းတစ်ခု ထွက်လာတာရှိတယ်။ နိုင်ငံအလိုက်အကြမ်းဖက်မှုအစီရင်ခံစာပေါ့ဗျာ။ အဲဒီမှာ PDF တွေအနေနဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရဲ့ ၅၇ ရာခိုင်နှုန်းကို ကျူးလွန်နေတယ်၊ KNLA, KNDF အနေနဲ့ ၁၄ ရာခိုင်နှုန်း ကျူးလွန်နေတယ်ဆိုပြီး ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ ဒီအပေါ်မှာတော့ ဘာမှတ်ချက်မှမပေးလို ပါဘူး။ ဒါကတော့ မြေပြင်မှာ ဒီထက်ပိုဆိုးပါတယ်။ မြန်မာနိုင်ငံကို အလုံးစုံပျက်သုဉ်းရေးအတွက် လုပ်ဆောင်နေတဲ့ အကြမ်းဖက်အဖွဲ့တွေ ဖြစ်ပါတယ်။ လူအပေါ်မှာတင် ပြစ်မှုကျူးလွန်တာ မဟုတ်ဘူး။ ပြည်သူလူထုပိုင်တဲ့ အဆောက်အအုံတွေ၊ ပြည်သူပိုင်အဆောက်အအုံတွေ၊ ပြည်သူလူထု ပုဂ္ဂလိက၊ တစ်ဦးချင်းပိုင်တဲ့ ပိုင်ဆိုင်မှုတွေအပေါ်မှာ အကြမ်းဖက်မှု ကျူးလွန်နေတဲ့အဖွဲ့တွေ ဖြစ်ပါတယ်။ ဒါတွေကို နိုင်ငံတကာအသိုင်းအဝိုင်းကသိရှိပြီး မြန်မာနိုင်ငံမှာ အကြမ်းဖက် မှုများ အမြန်ဆုံးချုပ်ငြိမ်းနိုင်အောင် ဆောင်ရွက်ပေးကြဖို့၊ ဝိုင်းဝန်းပေးကြဖို့ ပြောကြားလိုပါတယ်။
ဒီနေ့မှာတော့ ကျွန်တော်တို့နယ်စပ်ဒေသတွေမှာ
တရားမဝင် ဝင်ရောက်နေထိုင်တဲ့ အမျိုးသား ၁၁၅ ဦး၊ အမျိုးသမီး ၁၂ ဦး၊ ပေါင်း ၁၂၇
ဦးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ တာဝန်ရှိသူများထံ ပြန်လည်အပ်နှံခဲ့ပါတယ်။
စုစုပေါင်း ၁၁၀၇၉ ဦးရှိပြီ ဖြစ်ပါတယ်။ တရုတ်-မြန်မာ နှစ်နိုင်ငံအနေနဲ့
နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးကိစ္စများကို ရင်းနှီးချစ်ကြည်စွာ
လက်တွဲဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုအခြေအနေမျိုးမှာပဲ တရုတ်စစ်ရေယာဉ်တွေ မြန်မာနိုင်ငံကို
ချစ်ကြည်ရေးခရီး လာရောက်လည်ပတ်တာကို နေမထိထိုင်မသာဖြစ်နေတဲ့ အနောက်နိုင်ငံ အားပေးနေတဲ့၊
အနောက်နိုင်ငံရဲ့ ထောက်ပံ့မှုပေးနေတဲ့ မီဒီယာများလည်း ရှိပါတယ်။
အမျိုးမျိုးဝေဖန်မှုတွေရှိပါတယ်။ မည်သို့ပင်ဝေဖန်မှုတွေ ရှိပါစေ
ကျွန်တော်တို့နှစ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံတွေ ဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ
အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်ကို နှစ်ပေါင်းများစွာ အစဉ်တစိုက် စောင့်ထိန်းလာခဲ့တဲ့
နိုင်ငံတွေဖြစ်ပါတယ်။ ပြည်သူ လူထုချင်း၊ အစိုးရချင်း၊ တပ်မတော်ချင်း
ရင်းနှီးစွာဆက်ဆံမှုရှိနေတဲ့ နိုင်ငံတွေဖြစ်တယ်ဆိုတာပဲ ပြောကြားလိုပါတယ်။
ဒီနေ့မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေအနေနဲ့
ရှမ်းပြည်နယ် (မြောက်) ဘက်ပိုင်း နမ့်ခမ်းမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ရှိပါတယ်။
လောက်ကိုင်မှာတော့ လောက်ကိုင်ရဲ့အရှေ့ဘက်နဲ့ တောင်ဘက် မှာတော့
ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာတွေ ရှိပါတယ်။ ကရင်ပြည်နယ်ဘက်မှာတော့ ကော့ကရိတ်ကို
အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်နိုင်ဖို့ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက
ဆောင်ရွက်ခဲ့တာရှိပါတယ်။ ဒီနေ့မှာတော့ ကော့ကရိတ်အနားက နေရာတစ်နေရာမှာပဲ
အဝေးကနေပစ်ခတ်မှုရှိခဲ့ပါတယ်။ ရခိုင်ပြည်နယ်ဘက်မှာတော့ ပေါက်တောရဲစခန်းကို အဝေးကနေ
နှစ်ကြိမ်လာရောက်ပစ်ခတ်ခဲ့တာ ရှိပါတယ်။ ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်အနီးမှာတော့ မုန်းဘက်မှာ
ဖြစ်နေတဲ့ဖြစ်စဉ်ရှိပါတယ်။ အဲဒီမှာလည်းမျိုးစုံပေါ့လေ၊ မုန်းမြို့ကိုတိုက်ခိုက်သိမ်းပိုက်ပြီးပြီတို့
ဘာတို့ပေါ့။ မုန်းဆိုတာ တိုက်နယ်အဆင့်ရှိတဲ့ မြို့ငယ်တစ်ခုပဲဖြစ်ပါတယ်။
အဲဒီမှာရှိတဲ့ တပ်ရင်းနှစ်ရင်းစလုံးကို သိမ်းပိုက်ပြီးပြီလို့၊
ပြီးရင်မြို့ရဲ့အဝင်ဘက်ပေါ့၊ ဟိုဘက်ဖြူးဘက်ကနေ ဝင်တဲ့ အဝင်ဘက်မှာရှိတဲ့ သံတံတားစခန်းကို
သိမ်းပိုက်ပြီးပြီဆိုပြီး သတင်းလွှင့်နေတာတွေရှိပါတယ်။ မနေ့ကလည်း ကျွန်တော်ပြောခဲ့ပြီးပါပြီ၊
ဒါနဲ့ပတ်သက်ပြီး နောက်ကွယ်ကနေပြီးတော့ နောက်ကွယ်က NUG ၊ NUG ရဲ့ နောက်ကွယ်မှာရှိနေတဲ့ အဖွဲ့လည်းရှိပါသေးတယ်၊
နိုင်ငံလည်း ရှိပါသေးတယ်။ နောက်ကွယ်ကနေပြီး အတင်းဖိအားပေးမှုကြောင့် သူတို့အနေနဲ့
မုန်းမြို့ကို အင်အားအလုံးအရင်းနဲ့ တိုက်ခိုက် တာဖြစ်တယ်။ တိုက်ခိုက်တဲ့နေရာမှာ မနေ့ညကတည်းက
ရန်သူ့ဘက်က အကျအဆုံးများစွာရှိပါတယ်။ ဒီနေ့မှာလည်း ကျွန်တော်တို့ မနက်ကတည်းကစပြီး ဆောင်ရွက်
နေတာရှိပါတယ်။ လာရောက်တိုက်ခိုက်နေတာရှိတယ်။ မုန်းမြို့ရဲ့ အရှေ့ဘက်အစွန်မှာရှိတဲ့
တပ်ရင်းတစ်ရင်းရှိပါတယ်။ ဒီတပ်ရင်းမှာတော့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ပါတယ်။
ဒီနေ့ညနေပိုင်း အထိ အပြန်အလှန်ထိတွေ့ တိုက်ပွဲဖြစ်ပွားမှု ရှိနေပါတယ်။
အစောပိုင်းကပြောခဲ့တဲ့ သံတံတားစခန်းနဲ့ နောက်ထပ်တပ်ရင်း တစ်ရင်းမှာတော့ အဝေးကနေ ပစ်ခတ်မှုလောက်ပဲရှိပါတယ်။
ဒီနေ့ကျွန်တော်ပြောချင်တာကတော့ နိုင်ငံတော်ရဲ့ဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ ယခင်တုန်းက
တပ်မတော်သားဖြစ်ခဲ့ဖူးတဲ့ တပ်မတော်သားများရဲ့၊ တပ်မတော်သားဟောင်းများရဲ့ စိတ်ဓာတ်၊
တပ်မတော်ကို ချစ်ခင်မြတ်နိုးသူတွေရဲ့ စိတ်ဓာတ်တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့
များစွာဂုဏ်ယူမိပါတယ်၊ များစွာအသိအမှတ်ပြုပါတယ်။ နိုင်ငံတော်အကြီးအကဲ၊ တပ်မတော်အကြီး
အကဲများအနေနဲ့လည်း ဒီစစ်သားစိတ်၊ ရဲဘော်စိတ် Esprit de Corps နဲ့ပတ်သက်ပြီး တပ်မတော်သည် အားလုံးတစ်သွေးတည်း
တစ်သားတည်းရှိတယ်၊ စစ်သည်များသည် အားလုံးတစ်သွေးတည်း တစ်သားတည်းရှိတယ်ဆိုတာ ပြသနိုင်တဲ့အတွက်
များစွာ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ပြောကြားလိုပါတယ်။ အားလုံးကို
ကျေးဇူးတင်ပါတယ်။
သတင်းစဉ်
No comments:
Post a Comment