ပဲခူး ဒီဇင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက သမဝါယမအသင်းများ စပါးစိုက်ပျိုးမှုထုတ်လုပ်မှု အထွက်နှုန်းတိုးတက်မြင့်မာရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးဌာနမှူးက သမဝါယမသင်းများ၏ မိုးစပါးစိုက်ပျိုးထုတ်လုပ်မှု၊ ဆောင်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှုနှင့် နွေစပါးစိုက်ပျိုးထုတ်လုပ်နေမှုအခြေအနေများကိုလည်းကောင်း၊ သက်ဆိုင်ရာသမဝါယမအသင်းများမှ အသင်းသားများက အသင်းတစ်ခုချင်းအလိုက် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပံ့ပိုးကူညီဆောင်ရွက်ပေးရမည့် သီးခြားလိုအပ်ချက်များကိုလည်းကောင်း အသီးသီး တင်ပြခဲ့ကြရာ တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်က စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်နေသည့် သမဝါယမအသင်းများ၏ စိုက်ပျိုးထွက်ရှိမှုနှင့် အကျိုးအမြတ်အခြေအနေများနှင့်ပတ်သက်၍ အကြံပြု တင်ပြဆွေးနွေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သမဝါယမအသင်းတစ်ခုချင်းအလိုက် တင်ပြသည့် လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ရမည့် အချက်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း သမဝါယမအသင်းများ စိုက်ပျိုးရေးလုပ်ငန်း တိုးတက်အောင်မြင်စေရန်အတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် မြို့နယ် (၄)မြို့နယ်ရှိ သမဝါယမအသင်း (၄)သင်းအတွက် ပံ့ပိုးငွေကျပ် (၄၀.၈၀)သန်း၊ မြို့နယ် (၉)မြို့နယ်မှ အသင်းပိုင်လယ် မြေပြုပြင်ခြင်းအတွက် ပံ့ပိုးငွေကျပ် (၃၆၅.၆၆)သန်းနှင့် မြို့နယ် (၃)မြို့နယ်မှ မွေးမြူရေးလုပ်ငန်းအတွက် ငွေကျပ် (၈၀)သန်း ပံ့ပိုးပေးနိုင်ရေး လျာထားဆောင်ရွက်ထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)


No comments:
Post a Comment