Wednesday, December 27, 2023

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေး လွယ်(ပလန်) တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုခန်းမဖွင့်ပွဲ အခမ်းအနား တက်ရောက်

 




ကျိုင်းတုံ ဒီဇင်ဘာ ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံဒေသရှိ လွယ်(ပလန်)တိုင်းရင်းသားလူမျိုးတို့၏ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုခန်းမဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ(၂၆)ရက် နံနက်(၉)နာရီက  ကျိုင်းတုံမြို့ရှိ အဆိုပါအဆောက်အဉီရှေ့၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်း၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဦးအောင်ကြည်ဝင်းနှင့် တိုင်းရင်းသားစာပေယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အဆောက်အဦဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များက အလှူရှင်ကဗျည်းအား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြပြီး အဆောက်အဦအပေါ်ထပ်ရှိ ပြခန်းအား ကြည့်ရှုလေ့လာခဲ့ကြသည်။

၎င်းနောက် ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံ၏ ဧရိယာအကျယ်ပြန့်ဆုံး ပြည်နယ်တစ်ခုဖြစ်သလို ဝတ်စားဆင်ယင်မှုအပါအဝင် မတူညီသည့် ရိုးရာဓလေ့ထုံးစံများနှင့် တိုင်းရင်းသားမျိုးနွယ်စု အများအပြား မှီတင်းနေထိုင်ကြပါကြောင်း၊ မည်သို့ပင် ကွဲပြားစေကာမူ တစ်ဦး၏ဓလေ့ထုံးစံများကို တစ်ဦးကလေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ကြရမှာဖြစ်ကြောင်း၊ လွယ်တိုင်းရင်းသားများသည် မိမိတို့၏ ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းသည့်အနေနှင့် လွယ်တိုင်းရင်းသားများ၏ခန်းမကို တည်ဆောက်ထားသည့်အတွက် ဂုဏ်ယူပါကြောင်း၊ တိုင်းရင်းသားမျိုးနွယ်စုများအားလုံး ယခုကဲ့သို့ စည်းစည်းလုံးလုံးနှင့် ကိုယ့်လူမျိုး၊ ကိုယ့်ဒေသ၊ ကိုယ့်ပြည်နယ်၊ ကိုယ့်နိုင်ငံအကျိုးကို ပူးပေါင်းပါဝင် ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုကြောင်းဖြင့် ထည့်သွင်းပြောကြားသွားသည်။

ဆက်လက်၍ တိုင်းမှူးက အမှာစကားပြောကြားရာတွင် လွယ်တိုင်းရင်းသားများ၏ စုပေါင်းစွမ်းအားနှင့် ယခုကဲ့သို့ ခန်းမကြီးတစ်ခု ပေါ်ပေါက်လာသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ စိုက်ပျိုးရေးနှင့် အသက်မွေးဝမ်းကြောင်းပြုကြသည့် လွယ်တိုင်းရင်းသားများ၏ သက်တမ်းရင့်လက်ဖက်လုပ်ငန်းသည် အထင်အရှားဖြစ်တည်နေတာကို တွေ့မြင်နေရပါကြောင်း၊ ကိုယ့်လူမျိုး၊ ကိုယ့်ဒေသ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကိုယ်တိုင်ပါဝင်ဆောင်ရွက်မှသာ အောင်မြင်မှုများ ရရှိနိုင်မှာဖြစ်ကြောင်း၊ ယနေ့ဖွင့်လှစ်သည့် ခန်းမကြီးကို မိမိတို့လူမျိုး၏ စာပေနှင့်ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးစံများကို ထိန်းသိမ်းစောင့်ရှောက်သွားကြရန် ရည်ရွယ်ပြီး တည်ဆောက်ခဲ့သည့်အတွက် ယခုထက်ပိုမိုကောင်းမွန်သော စိတ်ကူးစိတ်သန်းများ၊ ဆန်းသစ်တည်ထွင်ဖန်တီးမှုများဖြင့် ဆက်လက်ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်းဖြင့် ထည့်သွင်းပြောကြားသွားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က အလှူငွေပေးအပ်လှူဒါန်းရာ စာပေနှင့်ယဉ်ကျေးမှုအသင်း တာဝန်ရှိသူများကလည်းကောင်း၊ တိုင်းမှူးက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး တိုင်းမှူးနှင့်ဇနီးတို့က အလှူငွေပေးအပ်လှူဒါန်းရာ တာဝန်ရသူများကလည်းကောင်း အသီးသီးလက်ခံယူခဲ့ကြပြီး ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲသည်။

ယင်းနောက် လွယ်(ပလန်) တိုင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း တာဝန်ရှိသူများက ကျေးဇူးတင်စကားပြောကြားပြီး တိုင်းသားရိုးရာယဉ်ကျေးမှု အကအဖွဲ့များက ရိုးရာအကအလှများဖြင့် တင်ဆက်ကပြခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ တိုင်းရင်းသား စာပေယဉ်ကျေးမှုအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လွိုင်မွေတောင်စခန်းမြို့ လွိုင်မွေကန်၌  နယ်စပ်ဒေသရေးရာဝန်ကြီးဌာန ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ပြုပြင်မည့် လွိုင်မွေကန်ဖြတ်တံတားတည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍအလိုက်ရှင်းလင်းတင်ပြကြပြီး လွိုင်မွေအထက်တန်းကျောင်းတည်ဆောက်နေမှု လုပ်ငန်းခွင်၊ ကျိုင်းတုံ-လွိုင်မွေ လမ်းအဆင့်မြှင့်တင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးရာ၍  ပြည်နယ်ဝန်ကြီးချုပ်က စီမံကိန်းလုပ်ငန်းများ အချိန်မီပြီးစီးရေး၊ အရည်အသွေးစံချိန် ပြည့်မီကောင်းမွန်စေရေးတို့ကို အလေးထားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။

စိုင်းအယ်ဘဲ


No comments:

Post a Comment