Monday, December 4, 2023

အလုံးစုံပျက်သုဉ်းရေး လုပ်ဆောင်နေသည့် အကြမ်းဖက်အဖွဲ့အစည်းများအား ဆန့်ကျင်ရှုတ်ချပွဲ ပြုလုပ်

 


နေပြည်တော် ဒီဇင်ဘာ ၄

နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ မြို့တော်ခန်းမရှေ့ ပျဉ်းမနား-တောင်ညိုလမ်းပေါ် တွင် သပြေကုန်းရပ်ကွက်၊ ယနေ့ညနေပိုင်းက အမျိုးသားရေးတက်ကြွလှုပ်ရှားသူများသည် အလုံးစုံပျက်သုဉ်းရေးကို လုပ်ဆောင်နေသော အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကို ဆန့်ကျင်ရှုတ်ချပွဲ ကျင်းပခဲ့ကြသည်။

အဆိုပါဆန့်ကျင်ရှုတ်ချပွဲကို အမျိုးသားရေးတက်ကြွလှုပ်ရှားသူများ၊ တည်ငြိမ်အေးချမ်းရေးကို လိုလားသူများ၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်နေကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ထောက်ခံအားပေးကြသူများ ဦးဆောင်၍ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပြီး နိုင်ငံတော်အတွင်း အချို့သောဒေသများ၌ အကြမ်းဖက်သမားများအနေဖြင့် အများပြည်သူအသုံးပြုနေသည့် လမ်းတံတားများကို ဖျက်ဆီးခြင်း၊ လျှပ်စစ်တာဝါတိုင်များနှင့် ဆက်သွယ်ရေးတာဝါတိုင်များ၊ လျှပ်စစ်ဓာတ်အားပေးရုံများကို ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိကြောင်း၊ ထို့ကြောင့် တည်ငြိမ်အေးချမ်းမှုများ ဆုံးရှုံးကာ ကုန်စည်ကူးသန်းရောင်းဝယ်ရေးများတွင် အခက်အခဲများ ကြုံတွေ့နေရပြီး ဒေသခံပြည်သူလူထုတို့၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် အကြမ်းဖက်မှုများပပျောက်ချုပ်ငြိမ်းစေရေး တည်ငြိမ်အေးချမ်းစွာဖြင့် မိမိတို့၏ဆန္ဒများကို ယခုကဲ့သို့ ဖော်ထုတ်ရခြင်းဖြစ်ကြောင်း ဆန့်ကျင်ရှုတ်ချပွဲကို တက်ရောက်လာသူတစ်ဦး၏ ပြော ကြားချက်အရ သိရသည်။

ဆန့်ကျင်ရှုတ်ချပွဲကို တက်ရောက်လာသူများအနေဖြင့် “ မြန်မာပြည်တွင်းရေးကို နောက်ကွယ်မှ ဝင်ရောက်စွက်ဖက်နေသည့် နိုင်ငံများအား - ဆန့်ကျင်ကြ၊ နောက်ကွယ်ကနေ အကြမ်းဖက်အားပေးလုပ်ရပ်များ - ချက်ချင်းရပ်၊ ဒို့နိုင်ငံ ပျက်စီးအောင် အဖျက်သမားအားပေးနိုင်ငံများ - အလိုမရှိ၊ နိုင်ငံတော်အား ကာကွယ်ရေး - တို့ပြည်သူ အားလုံးပါဝင်ပေး၊ အလုံးစုံ ပျက်သုဉ်းရေး လုပ်ဆောင်နေတဲ့ အကြမ်းဖက်လုပ်ရပ်များ - အလိုမရှိ” စသည့်ကြွေးကြော်သံများကို ကြွေးကြော်ခဲ့ကြကြောင်းနှင့် ဗွီနိုင်း၊ ပိုစတာများ ကိုင်ဆောင်ကာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရှိရသည်။

No comments:

Post a Comment