Saturday, December 23, 2023

နယ်စပ်ဒေသများတွင် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေသူများအား ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ ဆက်လက်လွှဲပြောင်းပေးအပ်

 

နေပြည်တော် ဒီဇင်ဘာလ ၂၃

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများအပါအဝင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သောပြည်ပနိုင်ငံသားများအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရှိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်လျက်ရှိပါသည်။

ထိုသို့ လွှဲပြောင်းပေးအပ်ခြင်းများ ဆောင်ရွက်လျက်ရှိရာတွင် ဒီဇင်ဘာလ ၁၆ ရက်မှ ၂၃ ရက်အထိ တရုတ်နိုင်ငံသား အမျိုးသား ၂၂၉ ဦး ၊ အမျိုးသမီး ၃၉ ဦး၊ စုစုပေါင်း၂၆၈ ဦးကို စိစစ်ဖော်ထုတ်ရရှိခဲ့ပြီး ထပ်မံလွှဲပြောင်းပေးနိုင်ခဲ့ခြင်းကြောင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်မှ ဒီဇင်ဘာလ ၂၃ ရက်အထိ တရုတ်နိုင်ငံသား အမျိုးသား ၁၀၉၁၄ ဦး၊ အမျိုးသမီး ၁၄၀၂ ဦး၊ စုစုပေါင်း ၁၂၃၁၆ ဦး ဖော်ထုတ်ရရှိခဲ့၍ ဥပဒေနှင့်အညီ လိုအပ်သည့်စိစစ်ခြင်းများ ဆောင်ရွက်ခဲ့ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများထံသို့ စနစ်တကျ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများမှ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် ပြည်ပနိုင်ငံသားများအား စိစစ်ဖော်ထုတ်ခြင်းနှင့် ပြန်လည်လွှဲပြောင်းခြင်း လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment