Friday, December 22, 2023

ပြခန်းတွေပြတဲ့ထဲမှာ ကျောင်းသား ကျောင်းသူတွေရဲ့စိတ်ကူးတွေကို ကိုယ်တိုင်ဖန်တီးပုံဖော်လို့ရမယ့်၊ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်လို့ရမယ့် Activity တွေ ပိုပြီးထည့်သင့်တယ်လို့ ထင်ပါတယ် (မောင်အောင်မင်းစိုး(Grade-9-A))

 


“ပြည်ထောင်စုအကျိုးသယ်ပိုးဖို့ အသိပညာမြှင့်တင်စို့” ဟူသည့်ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်အတွက် အားကိုးအားထားရမည့် အနာဂတ်မျိုးဆက်သစ် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွက်လာစေရေး၊ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံထူးချွန်သည့်လူငယ်လူရွယ်များ ဖြစ်လာစေရေးအတွက် ရည်ရွယ်ကာ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော်(ဒုတိယနေ့)ကို ယနေ့ဆက်လက်ကျင်းပသည်။ ဒီဇင်ဘာ ၂၂ ရက်အထိ ဆက်လက်ကျင်းပမည့် အဆိုပါပွဲတော်သို့ ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ကျောင်းများအလိုက် ခင်းကျင်းပြသထားသည့်ပြခန်းများမှ တာဝန်ရှိသူများနှင့်ပွဲတော်သို့ လာရောက်ဆင်နွှဲကြသည့် ကျောင်းသားလူငယ်များ၏ စကားသံများကို ဖော်ပြလိုက်ပါသည်-

 


 




ဦးအောင်မြင့်(ညွှန်ကြားရေးမှူးချုပ်) သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန

အခုကျင်းပနေတဲ့(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော်မှာ ကျွန်တော်တို့ ဝန်ကြီးဌာနအောက်မှာရှိတဲ့ ဌာနလေးခုကနေ ပြခန်းငါးခန်းပြသထားပါတယ်။ ပြခန်းတွေမှာ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် ရန်ကုန်နဲ့မန္တလေးကနေပြီးတော့ ကျောင်းဆင်းသွား တဲ့အထဲက ထူးချွန်ထက်မြက်တဲ့ အနုပညာရှင်တွေကို ဖော်ညွှန်းပြသထားပါတယ်။ ကျောင်းရဲ့လှုပ်ရှားမှု၊ ထုတ်ဝေတဲ့ကျမ်းစာတွေ၊ ချီးမြှင့်တဲ့ဘွဲ့တွေကို ပြသထားပါတယ်။ အထူးပြသချက်အနေနဲ့ ရုပ်သေးဆွဲပြီးသရုပ်ဖော် တင်ဆက်တဲ့ပြကွက်နဲ့ စောင်းအတီးပညာကို ပြသတဲ့ပြကွက်လေးတွေပါပါတယ်။ သမိုင်းသုတေသနနဲ့ အမျိုးသားစာကြည့်တိုက်ဦးစီးဌာန အနေနဲ့ကတော့ လွတ်လပ်ရေးနေ့အကြိုဖြစ်တဲ့အတွက် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းအစဉ်အဆက်တွေကို ပြခန်းတစ်ခုအနေနဲ့ပြသပါတယ်။ အဲဒီမှာ မြန်မာနိုင်ငံဟာ ရှေးကတည်းက အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ရပ်တည်ခဲ့တဲ့သမိုင်းကို ရှေးက နန်းတော်ရာတွေနဲ့သရုပ် ဖော်ထားပါတယ်။ နောက်တစ်ခုက အင်္ဂလိပ်-မြန်မာ စစ်ပွဲသုံးကြိမ် ဖြစ်ပြီးတော့မှ မြန်မာနိုင်ငံလွတ်လပ်ရေး ဆုံးရှုံးခဲ့ရတဲ့အကြောင်းနဲ့ လွတ်လပ်ရေးဆုံးရှုံးပြီးတဲ့နောက် တိုင်းရင်းသားတွေက ရရာလက်နက်စွဲကိုင်ပြီးတော့ တိုက်ပွဲဝင်ခဲ့ကြတဲ့ ပြကွက်နဲ့ထင်ရှားခဲ့ကြတဲ့ ပုဂ္ဂိုလ်များကို ပြသထားပါတယ်။ အဲဒီကနေ လွတ်လပ်ရေးပြန်လည်ရရှိခဲ့တဲ့အထိ ကြိုးပမ်းဆောင်ရွက်မှုသမိုင်းကြောင်း အထောက်အထားတွေကို ပြသထားပါတယ်။ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက ပြခန်း နှစ်ခန်းမှာတော့ စာပေအထောက်အထားတွေ၊ ရှေးကျတဲ့ လက်ရေးစာတွေ၊ အုတ်ခွက်စာတွေ၊ ပေစာ၊ ပုရပိုက်စာတွေ၊ ရှေးဟောင်းစေတီပုထိုးတွေရဲ့ Digital Directory ကို ခင်းကျင်းပြသထားပါတယ်။

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဖြစ်သလို လူငယ်နှင့်စာပေအနုပညာပွဲ ဖြစ်တဲ့အတွက်ကြောင့် ပြခန်းတွေကို လာရောက်ကြမယ့် လူငယ်တွေအတွက် အထူးသဖြင့် အသိပညာဗဟုသုတတွေ အများကြီးပြန့်ပွားနိုင်ဖို့ ရည်ရွယ်ဆောင်ရွက်ပေးထားပါတယ်။ တကယ့်ကို ထူးချွန်ထက်မြက်တဲ့၊ နိုင်ငံတော်အပေါ်သစ္စာရှိတဲ့ လူငယ်အနုပညာ ရှင်တွေပေါ်ပေါက်လာဖို့ ရည်ရွယ်ဖွင့်လှစ်ထားတဲ့ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်တက္ကသိုလ်နှစ်ခုရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကိုလည်း အနီးကပ်လေ့လာနိုင်ပါမယ်။ မြန်မာ့ယဉ်ကျေးမှုမှာ တိမ်မြုပ်ပျောက်ကွယ်မသွားအောင် ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ မြန်မာ့ရိုးရာ ရုပ်သေးပညာရပ်ကိုလည်း လေ့လာနိုင်မယ်။ လွတ်လပ်ရေးဆုံးရှုံးပြီးတဲ့နောက် လွတ်လပ်ရေးကို ပြန်လည်တည်တံ့ခိုင်မြဲအောင် ကြိုးပမ်းဆောင်ရွက်ဖို့ ဘယ်လောက်ထိ ခက်ခဲပင်ပန်းတယ်ဆိုတဲ့ အသိပညာတွေကို ပေးသွားနိုင်မှာ ဖြစ်ပါတယ်။ လာရောက်လေ့လာကြဖို့လည်း ဖိတ်ခေါ်ပါတယ်။

မောင်ဖြိုးစည်သူကျော် (Grade-10) အထက(၁) ဇေယျာသီရိမြို့နယ်

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ကိုယ်စားပြုအနေနဲ့ ကျွန်တော်တို့ ကျောင်းကိုယ်စား ပြုအဖွဲ့ကတော့ ဦးဆောင်ပေးတဲ့ ဇီဝဗေဒ ဆရာမနဲ့ သူငယ်ချင်း ခြောက်ယောက်နဲ့အတူ ဇီဝဗေဒဘာသာရပ်မှာပါတဲ့ လူသားတွေရဲ့ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ DNA မော်လီကျူးရဲ့ အခြေခံသဘော တရားနဲ့ဖွဲ့စည်းပုံကို သရုပ်ဖော်တဲ့ Project လေးကို ပြသထားပါတယ်။ ဒီအတွက်ကိုတော့ အများကြီးပြင်ဆင်ခဲ့ရတယ်။ အဓိကကတော့ သက်ရှိတွေရဲ့ ပိုင်ဆိုင်ထားတဲ့ မျိုးရိုးဗီဇတွေက တစ်ခုနဲ့တစ်ခု မျိုးဆက်ပြောင်းလဲပေးနေတဲ့ DNA ရဲ့ ပုံစံလေးတွေကို သိရှိစေဖို့အတွက် ရည်ရွယ်ပြသတာ ဖြစ်ပါတယ်။ လူငယ်တွေအနေနဲ့ ကျောင်းစာအတွက်သာမက ပြင်ပဗဟုသုတတွေရရှိစေဖို့အတွက် အခုလိုမျိုး ကျင်းပပေးနေတဲ့ပွဲတွေမှာ သွားရောက်လေ့လာကြဖို့၊ လူငယ်စကားဝိုင်းတွေမှာ ပါဝင်ဆွေးနွေးတာတွေကိုလည်း လုပ်ဆောင်ကြဖို့ သူငယ်ချင်းတွေ၊ ညီလေးညီမလေးတွေကို အကြံပေးချင်ပါတယ်။

မောင်အောင်မင်းစိုး (Grade-9-A) အထက(၁၈)၊ နေပြည်တော်

ဒီနေ့ပြသတဲ့ပြခန်းတွေထဲမှာ သိပ္ပံနဲ့နည်းပညာပြခန်းတွေရယ်၊ စာအုပ်စာစောင်ပြခန်းနဲ့ အရောင်း ဆိုင်တွေရယ်၊ သမိုင်းပြခန်းတွေတော်တော်များများ စုံအောင်တော့လေ့လာဖြစ်ပါတယ်။ အခုလိုမျိုး လူငယ်နှင့် စာပေအနုပညာပွဲတော် တွေလုပ်နေတဲ့အပေါ်မှာ အဓိကအားဖြင့်တော့ ကျွန်တော်တို့လို ကျောင်းသားလူငယ်တွေအတွက် ပြခန်းတွေပြတဲ့ထဲမှာ ကျောင်းသား ကျောင်းသူတွေရဲ့ စိတ်ကူးတွေကို ကိုယ်တိုင်ဖန်တီးပုံဖော်လို့ရမယ့်၊ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်လို့ရမယ့် Activity တွေပိုပြီး ထည့်သင့်တယ်လို့ထင်ပါတယ်။ ပြခန်းတွေထဲက စိတ်ဝင်စားဖို့ အကောင်းဆုံးကတော့ သမိုင်းကြောင်း ရှေးမှတ်တမ်းတွေ၊ အုတ်ခွက်စာတွေနဲ့ သိပ္ပံနည်းပညာပြခန်းတွေကတော့ စိတ်ဝင်စားဖို့ အကောင်းဆုံးဖြစ်ပြီးတော့ ဗဟုသုတတွေ ရရှိခဲ့ပါတယ်။

မောင်ဇင်မင်းသူ(ဒုတိယနှစ်)မန္တလေးပညာရေးကောလိပ်

ကျွန်တော်ကတော့ မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ကနေ မန္တလေးပညာရေးကောလိပ်မှာ ပညာသင်ကြားနေတာပါ။ အဲဒီကနေ ကျွန်တော်ကျောင်းကနေ အထက်မြန်မာပြည်ကိုယ်စားပြုနဲ့ အားကစားပြိုင်ပွဲ လာရောက်ယှဉ်ပြိုင်ရင်းနဲ့ လာရောက်လေ့လာတာပါ။ အခုဆို ပြခန်းတွေလည်းစုံတယ်။ စားချင်တာတွေလည်းအကုန်ရှိတယ်။ စာအုပ်တွေလည်းရှိတယ်။ ဒီလိုမျိုး ပြပွဲကျင်းပပေးတာဟာ လူငယ်တွေအတွက်ကောင်းတယ်၊ လူငယ်တွေအတွက် အလွန်လည်းအရေးပါတယ်။ ဒီလိုမျိုးပွဲတွေ ကျင်းပပေးတဲ့အတွက် လူငယ်တွေရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို ပြသခွင့်ရသလို စွမ်းရည်တွေလည်း ပိုမြင့်လာပြီးတော့ ဘက်စုံထူးချွန်တဲ့သူတွေ၊ ထက်မြက်တဲ့ အားကစားသမားကောင်းတွေ ကမ္ဘာနဲ့ ယှဉ်နိုင်တဲ့သူတွေကို မွေးထုတ်ပေးနိုင်မယ်လို့ ထင်ပါတယ်။ ဘက်စုံထူးချွန်ဖို့ဆိုရင် အားကစားကလည်း ဖွံ့ဖြိုးတိုးတက်ဖို့လိုတယ်။ နောက်တစ်ခုက နိုင်ငံကို ကိုယ်စားပြုတဲ့နေရာမှာ အားကစားဟာလည်း တစ်ခုအပါ အဝင်ဖြစ်တယ်။ ဒါကြောင့်မို့ ဘာပဲ ဖြစ်ဖြစ်ကိုယ်အားသန်ရာ၊ ဝါသနာပါတဲ့ အားကစားတစ်ခုခုကို လုပ်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

မရှင်းမြင့်မိုရ်(Grade – 6) အထက(၅) ဇမ္ဗူသီရိမြို့နယ် နေပြည်တော်

ဒီနေ့မှာတော့ သမီးသူငယ်ချင်းတွေနဲ့အတူ လူငယ်နှင့်စာပေ အနုပညာပွဲတော်မှာပြထားတဲ့ ပြခန်းတွေအားလုံးကို လိုက်ကြည့်ဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ ပညာရေးဝန်ကြီးဌာနက သမီးတို့ အခြေခံပညာကျောင်းတွေက အစ်ကို၊ အစ်မတွေရဲ့ သင်ရိုးသရုပ် ပြပုံတွေကိုလည်း လေ့လာခဲ့ရတယ်။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနပြခန်းက Games တွေ၊ ဉာဏ်စမ်းတွေ ဝင်ပြိုင်ရင်းနဲ့ လက်ဆောင်တွေလည်း ရခဲ့ပါတယ်။ အခုလိုမျိုး လိုက်ကြည့်ရတာ ပျော်စရာလည်းကောင်းတယ်၊ ပြင်ပဗဟုသုတအတွေ့အကြုံလည်း ရပါတယ်။

ဇင်ဦး၊ ဟိန်းထက်ဇော်

ဓာတ်ပုံ - ဇင်ဟိန်း

No comments:

Post a Comment