နေပြည်တော် ဒီဇင်ဘာ ၆
ရခိုင်ပြည်နယ် ပေါက်တောမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများသည် မိုခါမုန်တိုင်းတိုက်ခိုက်ခံရပြီး နောက်ပိုင်းတွင် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၊ တပ်မတော်သားများနှင့် ဌာနဆိုင်ရာများ၏ စုပေါင်းညီညာစွာ ပူးပေါင်းဆောင်ရွက်မှုများကြောင့် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိလာခဲ့ သည်။ ထိုသို့ တည်ငြိမ်အေးချမ်းပြီး စည်ကားလျက်ရှိသော ပေါက်တောမြို့နယ်အတွင်း ယခုအခါ AA သောင်းကျန်းသူများက တိုက်ပွဲများ ဖော်ဆောင်ခဲ့ပြီး တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်၍ ပေါက်တောမြို့နှင့် အနီးဝန်းကျင်မှ ကျေးရွာများသို့ ဝင်ရောက်တပ်စွဲကာ လူနေအိမ်များ၊ ဌာနဆိုင်ရာ အဆောက်အဦများနှင့် ဈေးဆိုင်များကို ဖျက်ဆီးခြင်း၊ မီးရှို့ခြင်းများ ပြုလုပ်ခဲ့သည်။ ထို့အပြင် AA သောင်းကျန်းသူများသည် အမာခံများမွေးမြူကာ တိုက်ပွဲများကြောင့် လူနေထိုင်ခြင်းမရှိသော ကျေးရွာများကို ဝင်ရောက်မီးရှို့ခြင်းများ ပြုလုပ်စေပြီး တပ်မတော်မှ မြို့/ရွာများကို ဝင်ရောက်ဖျက်ဆီးမီးရှို့သည်ဟု မဟုတ်မမှန် ဝါဒဖြန့်ချိမှုများ လုပ်ဆောင်ခဲ့သည်။ AA သောင်းကျန်းသူများ၏ မြို့/ရွာများကို ဖျက်ဆီးမီးရှို့ခြင်းများ လုပ်ဆောင်ခဲ့မှုနှင့် ပတ်သက်၍ ဖမ်းဆီးရမိသော AA သောင်းကျန်းသူ အမာခံ ပေါက်တောမြို့နယ် မနော်သီရိ ရွာသားနှစ်ဦး၏ ပြောဆိုချက်များကို ယခုလိုပဲကြားသိရသည်။
မောင်ထွန်းကျော်လင်း၏ ထွက်ဆိုချက်
ကျွန်တော်ကတော့ ပေါက်တောမြို့နယ် မနော်သီရိကျေးရွာ က မောင်ထွန်းကျော်လင်း ဖြစ်ပါတယ်၊ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ပေါက်တောမြို့မှာ စစ်ဖြစ်ပါတယ်၊ စစ်ဖြစ်ပြီးတော့ ကျွန်တော် တို့ရွာမှာလည်း AA တွေ အဝင်/အထွက်ရှိပါတယ်၊ အဝင်/ အထွက်ရှိလို့ ရွာသားတွေက ရွာမှာစစ်ဖြစ်မှာကြောက်လို့ ထွက်ပြေးသွားကြပါတယ်၊ ကျွန်တော်နဲ့ ဦးဦးဘထွန်းကိုတော့ AA က စစ်တပ်ရောက်လာရင် သတင်းပို့ဖို့စောင့်ခိုင်းထားပါတယ်၊ AA အဖွဲ့က ရွာရဲ့ အရှေ့ဘက်ဘုရားကုန်းမှာ ၁၀ ယောက်လောက် ရှိတယ်လို့ ပြောပါတယ်၊ ရွာထိပ်မှာလည်း မိုင်းထောင်ထားတယ်လို့ ပြောပါတယ်၊ စစ်တပ်က လူဝင်လာရင် စစ်တပ်ကရွာကို မီးရှို့သွားသလိုဖြစ်အောင် ကျွန်တော်တို့ကို ရွာကိုမီးရှို့ပြီး ထွက်ပြေးခိုင်းထားပါတယ်၊ ပေါက်တောဘက်မှာလည်း ကျေးရွာသားတွေကို မီးရှို့ခိုင်းပြီး စစ်တပ်ကမီးရှို့တယ်လို့ ပြောခိုင်းခဲ့ပါတယ်၊ စစ်တပ်က ရောက်လာတဲ့အချိန်မှာတော့ AA က ခိုင်းထားတဲ့အတိုင်း ဦးဦးဘထွန်းနဲ့ ကျွန်တော်နဲ့ ရွာကိုမီးရှို့နေပါတယ်၊ မီးရှို့နေတဲ့အချိန်မှာတော့ စစ်တပ်ကတွေ့လို့ နှစ်ယောက်စလုံး အဖမ်းခံခဲ့ရပါတယ်။
ဦးဦးဘထွန်း၏ ထွက်ဆိုချက်
ပေါက်တောမြို့နယ် မနော်သီရိရွာက ဦးဦးဘထွန်းပါ၊ ပေါက်တောမှာ နှစ်ပတ်လောက်က တိုက်ပွဲဖြစ်ပါတယ်၊ AA နဲ့ စစ်တပ်နဲ့ အဲဒီအခါ AA က မနော်သီရိရွာကို ရောက်ပါတယ်၊ ရွာသားတွေက တိုက်ပွဲဖြစ်လိမ့်မယ်ဆိုပြီး စိုးရိမ်လို့ ထွက်ပြေးသွားပါတယ်၊ မောင်ထွန်းကျော်လင်းနဲ့ ကျွန်တော်နဲ့ကို စစ်တပ်မြင်ရင် သတင်းပို့ဖို့၊ ရွာကိုဝင်တဲ့အခါ မီးတိုက်ဖို့၊ စစ်တပ်က မီးတိုက်တယ်လို့ အထင်လွဲအောင်ပြောဖို့ ကျွန်တော်တို့ကို ခိုင်းထားပါတယ်၊ အဲဒီနေ့မှာ စစ်တပ်ကရွာကို ရောက်လာပါတယ်၊ AA က မီးတိုက်ဖို့ ခိုင်းပါတယ်၊ မီးတိုက်နေတုန်းအချိန်မှာ စစ်တပ်က ကျွန်တော်တို့ကို ဖမ်းသွားပါတယ်။
သတင်းစဉ်
No comments:
Post a Comment