Friday, October 6, 2023

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၃) ကျင်းပ

 

နေပြည်တော် အောက်တိုဘာ ၅

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(/၂၀၂၃)ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ လုပ်ငန်းကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများက Zoom Application Online System ဖြင့် တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က မိမိတို့လုပ်ငန်းကော်မတီအနေဖြင့် ဆပ်ကော်မတီများနှင့် ဒေသဆိုင်ရာလုပ်ငန်းကော်မတီများမှ ရေးဆွဲတင်ပြသည့် ကဏ္ဍအလိုက် လုပ်ငန်းစီမံချက်များကိုစိစစ်ပြီး ဗဟိုကော်မတီသို့တင်ပြ၍ ဗဟိုကော်မတီက အတည်ပြုပေးသည့် နှစ်တို၊ နှစ်ရှည် ပင်မစီမံကိန်းများနှင့် လတ်တလော ဆောင်ရွက်ရန် ချမှတ်ပေးသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း စသည့်လုပ်ငန်းစဉ်များကို အဓိကထားဆောင်ရွက်ရမည်ဖြစ်ကြောင်း။

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီ၏ ဦးဆောင်မှုဖြင့် နယ်စပ်ဒေသရှိ လူမှုစီးပွားဘဝအခြေခံအဆောက်အဦများ အမြန်ဖွံ့ဖြိုးတိုးတက်စေရေး၊ နယ်စပ်ဒေသနေတိုင်းရင်းသား လူငယ်များထူးချွန်ထက်မြက်ပြီး ဗလငါးတန်နှင့် ပြည့်စုံသော လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ပေါ်လာစေရေးနှင့် ရည်မှန်းချက်များ အောင်မြင်စေရေးအတွက် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်တိုးမြှင့်ပြီးကော်မတီ အဆင့်ဆင့်အနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် အပြန်အလှန်နီးကပ်စွာ ပူးပေါင်း၍ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။

ထို့နောက် နယ်စပ်ဒေသနှင့် တိုင်းရင်း သားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူး နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(/၂၀၂၃)၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌများနှင့် ဒေသဆိုင်ရာလုပ်ငန်းကော်မတီအတွင်းရေးမှူးများက နယ်စပ်ဒေသများ၌ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ရန် လျာထားသည့် လမ်းတံတားအဆောက်အဦကဏ္ဍ၊ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးကဏ္ဍ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်သယံဇာတဆိုင်ရာ လုပ်ငန်းကဏ္ဍ၊ စွမ်းအင်နှင့်လျှပ်စစ်ဓာတ်အားဆိုင်ရာကဏ္ဍ၊ ပို့ဆောင်ဆက်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးရေးကဏ္ဍ၊ သာသနာရေးနှင့် ယဉ်ကျေးမှုကဏ္ဍ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ လူမှုဝန်ထမ်းနှင့် အသက်မွေးဝမ်းကျောင်းပညာ ဆိုင်ရာကဏ္ဍနှင့်နောင်ဘဏ္ဍာနှစ်များအလိုက် ဆောင်ရွက်ရန် လျာထားချက်များကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းပေါင်းစပ်ဆွေးနွေးပေးခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment