တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊
ဟန်ကျိုးမြို့တွင် စက်တင်ဘာ (၂၃) ရက်နေ့မှ အောက်တိုဘာ (၈) ရက်နေ့အထိ ကျင်းပခဲ့သည့်
(၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးရွှေ(၁)၊ ကြေး
(၂) ရရှိပြီးပြန်လည်ရောက်ရှိလာသော မြန်မာအားကစားအဖွဲ့သည် ယနေ့မွန်းလွဲ ၃ နာရီခန့်တွင်
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာကြသည်။
အဆိုပါအားကစားအဖွဲ့အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ်
ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ
တာဝန်ရှိသူများ၊ မြန်မာ့အားကစားလက်ရွေးစဉ် ဟောင်းများဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ
(ရန်ကုန်)မှကျောင်းသား/ သူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ၏ မိဘဆွေမျိုးများက
ပန်းစည်းများ၊ အိုးစည်၊ ဒိုးပတ်များဖြင့် ဝမ်းပန်းတသာဂုဏ်ပြုကြိုဆိုခဲ့ပါသည်။
အဆိုပါ
ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့တွင် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဌ
၊ အမျိုးသား (၄) ယောက်တွဲ ပြိုင်ပွဲ၌ ပထမ ရွှေတံဆိပ်(၁)ဆုရရှိ သည့် ပိုက်ကျော်ခြင်းအားကစားအဖွဲ့၊
နဂါးလှေလှော်(Dragon Boat) အမျိုးသမီးမီတာ(၅၀၀) (၁၂)တက်လှော်ပြိုင်ပွဲ၌ တတိယ ကြေးတံဆိပ်
(၁) ဆုနှင့် အမျိုးသားမီတာ (၁၀၀၀) (၁၂)တက်လှော်ပြိုင်ပွဲ၌ တတိယကြေးတံဆိပ်(၁) ဆုရရှိခဲ့သည့်
လှေလှော်အားကစားအဖွဲ့တို့မှ နည်းပြများ၊ အုပ်ချုပ်သူများနှင့်ပြိုင်ပွဲဝင် အားကစားသမားများ
ပြန်လည် လိုက်ပါလာကြသည်။
ယနေ့ပြန်လည်လိုက်ပါလာသော
မြန်မာအားကစားအဖွဲ့ ရွှေတံဆိပ်ဆုရှင်များမှာ ပိုက်ကျော်ခြင်း အမျိုးသား (၄) ယောက်တွဲပြိုင်ပွဲမှ
သန့်ဇင်ဦး ၊ သန့်ဇင်ထွန်း၊ ဇင်မင်းဦး၊ ဇင်ကိုကို၊ အောင်ခန့်သူ၊ ရှိန်းဝဏ္ဏဇော်တို့ဖြစ်ပြီး
မြန်မာအားကစားအဖွဲ့သည် (၁၉) ကြိမ် မြောက်အာရှအားကစားပြိုင်ပွဲ၌ ရွှေတံဆိပ် (၁) ဆု၊
ကြေးတံဆိပ် (၂) ဆု စုစုပေါင်း ဆုတံဆိပ် (၃) ဆု ဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။


No comments:
Post a Comment