Thursday, October 5, 2023

အကြမ်းဖက်သောင်းကျန်းသူများ၏ ထောင်ထားသည့်မိုင်း တွေ့ရှိသဖြင့် ကုန်ရထားခရီးစဉ်များ ကြန့်ကြာမှုဖြစ်ပွားခဲ့

နေပြည်တော် အောက်တိုဘာ ၄

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ရန်ကုန်-မန္တလေး ရထားလမ်းမကြီး၏ တောကျွဲအင်းနှင့် ကညွတ်ကွင်းဘူတာအကြား မိုင်တိုင် ၁၂၀/၇-၈ ရှိ တံတားအမှတ် (၁၇၉) အနီးတွင် ယနေ့နံနက် ၈ နာရီခန့်က တောကျွဲအင်း နယ်မြေရဲစခန်းမှ လုံခြုံရေးလှည့်ကင်းဆောင်ရွက်နေစဉ် ဝိုင်ယာကြိုးများနှင့်သွယ်တန်းထားသည့် မိုင်းဟုယူဆရသော ဆာလာအိတ်နှင့် ထည့်ထားသော ကော်ပုံးနှစ်ပုံးကိုတွေ့ရှိရသဖြင့် စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းမှ တာဝန်ရှိသူများသွားရောက်ပြီး မိုင်းရှင်းလင်းဆောင်ရွက်ခဲ့ရာ နံနက် ၁၀ နာရီ ၁၀ မိနစ်တွင်မိုင်းကို ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် အမှတ် (၉၂၃) အဆန် ကုန်ရထားသည် ပဲနွယ်ကုန်းဘူတာသို့ နံနက် ၉ နာရီ ၄၃ မိနစ်တွင်လည်းကောင်း၊ အမှတ်(၉၀၄)အစုန် ကုန်ရထားသည် ကညွတ်ကွင်းဘူတာသို့ နံနက် ၁၀ နာရီ ၅ မိနစ်တွင်လည်းကောင်း၊ အမှတ်(၉၀၂)အစုန် ကုန်ရထားသည် ဖြူးဘူတာသို့ နံနက် ၁၀ နာရီ ၁၀ မိနစ်တွင်လည်းကောင်းရောက်ရှိပြီး စောင့်ဆိုင်းရပ်နားခဲ့ရသဖြင့် မိုင်းရှင်းလင်းပြီးချိန်အထိ ရထားများ အချိန်တစ်နာရီခန့် ကြန့်ကြာမှု ဖြစ်ပွားခဲ့သည်။

အဆိုပါ မိုင်းတွေ့ရှိမှုဖြစ်စဉ်သည် အချိန်မီတွေ့ရှိဟန့်တားနိုင်ခဲ့ခြင်းမရှိပါက ပေါက်ကွဲမှုဖြစ်ပြီး ပုံမှန်ဖြတ်သန်းသွားလာနေသည့် လူစီးရထားများနှင့် ခရီးသွားပြည်သူများကို ထိခိုက်ပျက်စီး စေရန် ရည်ရွယ်လုပ်ဆောင်ခြင်းသာမကဘဲ ရန်ကုန်-မန္တလေး ရထားလမ်းအဆင့်မြှင့်တင်ရေး အတွက် ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများကိုပါ ထိခိုက်ပျက်စီးရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သောင်းကျန်းသူများ၏ ယုတ်မာပက်စက်မှုများဖြစ်ပြီး ယခုဖြစ်စဉ်တွင် ရထားအားအချိန်မီမရပ်တန့်နိုင်ခဲ့ပါက ရထားစီးခရီးသွား ပြည်သူများကိုပါ ထိခိုက်သေဆုံးနိုင်သဖြင့် ပျက်စီးဆုံးရှုံးမှု ကြီးမားစွာကြုံတွေ့ရနိုင်သည့် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော လုပ်ရပ်တစ်ခုဖြစ်သည်။

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်း ကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မှု ၁၂၆ ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း ၄၅ ကြိမ်၊ ဘူတာ အဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း ၁၂ ကြိမ် ကျူးလွန်ခဲ့ကြပြီးဖြစ်သည်။

နိုင်ငံတော်အနေဖြင့် အများပြည်သူ ခရီးသွားလာမှုနှင့်ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့ မြန်ဆန်စေရေးအတွက် လူစီးရထားများ၊ ကုန်ရထားခရီးစဉ်များ အချိန်မှန်ကန်စွာ တိုးချဲ့ပြေးဆွဲနိုင် ရေးအဘက်ဘက်မှ စီစဉ်ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း ယခုကဲ့သို့ ဖြစ်စဉ်များကြောင့် ရထားပြေးဆွဲမှု နှောင့်နှေးကြန့်ကြာစေပြီး ခရီးသွားပြည်သူများနှင့် ကုန်စည်များ ထိခိုက်ဆုံးရှုံးမှုများဖြစ်ပေါ်စေရန် ယုတ်မာရက်စက်စွာ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးမှုများ ကျူးလွန်နေကြသည့် အကြမ်းဖက်အဖွဲ့များအား ဒေသခံပြည်သူတစ်ရပ်လုံးက ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက် ရှုတ်ချလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment