လက်နက်ကိုင်ပဋိပက္ခများ အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် စားပွဲဝိုင်းတွင် တွေ့ဆုံဆွေးနွေးအဖြေရှာကြရသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟူသမျှ မလွယ်ကူလှပါ။
နှစ်ပေါင်းများစွာဖြစ်တည်ခဲ့သော
သံသယများ၊ အမုန်းတရားများ၊ အာဃာတများကြားတွင် ရိုးသားဖြူစင်မှု၊ စိတ်ရှည်သည်းခံမှု၊
နားလည်စာနာမှု၊ အပြန်အလှန်လေးစားမှုတို့ဖြင့် အချိန်ယူတည်ဆောက်ကြရသည်။
ထို့အတူ
ဆွေးနွေးပွဲစားပွဲဝိုင်းတွင် အကြိတ်အနယ်ငြင်းခုံမှုများ၊ အချေအတင်ပြောဆိုဆွေးနွေး
မှုများ၊ ရပ်တည်ချက်များ၊ မူဝါဒစကားလုံးအသုံး အနှုန်းများ၊ အပေးအယူ အလျှော့အတင်းများစသည် စသည်ဖြင့် အကြိမ်ကြိမ်အထပ်ထပ်ညှိနှိုင်း ဆွေးနွေးအဖြေရှာကြရပြန်ပါသည်။ သည်ကြားထဲ
ဆွေးနွေးပွဲကြားကာလအတွင်း ပြည်တွင်း၊ ပြည်ပပယောဂများကြောင့် ရရှိပြီးသား အခြေခံရလဒ်
ကောင်းများ ပျက်ပြယ်သွားလေမလားဟု ရင်တမမ ဖြစ်ရပြန်သည်။ ဆိုရလျှင် မည်သည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟူသမျှ
မလွယ်ရေးချ မလွယ်ကူလှပါ။
ငြိမ်းချမ်းရေးခရီးလမ်းကား
ခက်ခဲကြမ်းတမ်းလှ
မြန်မာ့ငြိမ်းချမ်းရေးခရီးလမ်းကား
ပို၍ပင်ခက်ခဲကြမ်းတမ်းလှသည်။ အမယ်ဘုတ်ရဲ့ သူ့ချည်ခင်ဆိုသလိုပို၍ နက်နဲခက်ခဲရှုပ်ထွေးလွန်းလှသည်။
လွတ်လပ်ရေးနှင့်အတူ ယှဉ်တွဲပေါက်ဖွားလာသော လက်နက်ကိုင်အဖွဲ့အစည်းများက တစ်ဖွဲ့၊ နှစ်ဖွဲ့မက။
သတင်းစာဆရာကြီး မိုးကြိုးဦးအုန်းခင်က လွတ်လပ်ရေးရခါစ ပါလီမန်ဒီမိုကရေစီခေတ်၏ သရုပ်သကန်ကို
“ခက်ဖွယ်ရယ်စုံညီ လက်နက်ကယ် အစုံအညီနှင့်” ဟူ၍ပင် သတင်းစာတွင် ခေါင်းပေး
ရေးသားခဲ့ရသည်အထိ အဖွဲ့ပေါင်းက မျိုးစုံလှသည်။
မည်သို့ဆိုစေ ခေတ်အဆက်ဆက် နိုင်ငံခေါင်းဆောင်များနှင့် တိုင်းရင်းသားခေါင်းဆောင်များသည် လက်နက်ကိုင်ပဋိပက္ခများ
အပြီးတိုင် ချုပ်ငြိမ်းရေးနှင့်ထာဝရငြိမ်းချမ်း ရေးရရှိရေးအတွက် ဆွေးနွေးအဖြေရှာခဲ့ကြပါသည်။
ဝန်ကြီးချုပ်ဦးနုဆိုလျှင် ကရင်အမျိုးသားအစည်းအရုံး ခေါင်းဆောင်စောဘဦးကြီးနှင့် ဆွေးနွေးရာတွင်
အလျှော့ပေးလွန်း သည်ဟုဆိုကာ အတိုက်အခံများက သခင်နုကို ကရင်နုဟူ၍ပင် လှောင်ပြောင်သရော်ခဲ့ကြသည်။
တော်လှန်ရေးကောင်စီခေတ်တွင်လည်း
. . .
“အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်
ပြည် တွင်းငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန်၊
ယခင်ကဖြစ်ခဲ့သော
အမှားအယွင်းများ၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ရှိခဲ့သော အာဃာတများကို ဖယ်ရှား၍ ပြည်ထောင်စုမြန်မာနိုင်ငံ
တစ်မျိုးသား လုံးညီညွတ်မှုအတွက် ကြိုးပမ်းရန်၊
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်အရ
နိုင်ငံအား ပြန်လည်တည်ဆောက်ရာတွင် ပါဝင်ဆောင်ရွက်ကြ ရန်အတွက် အပြန်အလှန်ဆွေးနွေးခြင်း၊
ဖြစ်သင့် ဖြစ်ထိုက်သော သဘောတူညီချက်များ ရရှိစေခြင်း ဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကိုတည်ဆောက်ရန်”
ဟူသည့်
သဘောထားနှင့်အညီ တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းဆောင်ရွက်ခဲ့ပါသည်။
တော်လှန်ရေးကောင်စီ၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်ကမ်းလှမ်းမှုအရ
-
ကွန်မြူနစ်ပါတီ (ဗမာပြည်) ကိုယ်စားလှယ်
အဖွဲ့၊
ရခိုင်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်အဖွဲ့၊
ရှမ်းအမျိုးသားတပ်ပေါင်းစုနှင့် ရှမ်းပြည်
လွတ်မြောက်ရေးတပ်မှ ကိုယ်စားလှယ်အဖွဲ့၊
ကချင်လွတ်လပ်ရေးကောင်စီ ကိုယ်စားလှယ် အဖွဲ့၊
ရဲဘော်ဌေး ခေါင်းဆောင်သော ဗမာပြည်ကွန်မြူနစ်ပါတီ
ကိုယ်စားလှယ်အဖွဲ့၊ မန်းဘဇံ ခေါင်းဆောင်သော
ကေအင်န်ယူပါတီ၊ မွန်ပြည်သစ်ပါတီနှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီတို့ပါဝင်သော သုံးပါတီကိုယ်စားလှယ်အဖွဲ့၊
မန်းဘဇံခေါင်းဆောင်သော အမျိုးသား ဒီမိုကရေစီညီညွတ်ရေးတပ်ပေါင်းစု(မဒညတ)
ကိုယ်စားလှယ်အဖွဲ့နှင့်
မုဆိုးကော်ကဆာဟန်တာသာမွှေး ခေါင်းဆောင်သော
ကရင်တော်လှန်ရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့တို့သည် လာရောက်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
သို့ရာတွင်
ကရင်တော်လှန်ရေးကောင်စီအဖွဲ့ တစ်ဖွဲ့တည်းနှင့်သာ ငြိမ်းချမ်းရေးသဘောတူညီ ချက်ရရှိခဲ့ပြီး
ကျန်တောတွင်းလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးပွဲများမှာမူ အကြောင်းအမျိုးမျိုးကြောင့်
ပျက်ပြားသွားခဲ့သည်။
ငြိမ်းချမ်းရေးနှင့်
အမျိုးသားပြန်လည်
သင့်မြတ်ရေးအတွက်
ကမ်းလှမ်းခဲ့
မြန်မာ့ဆိုရှယ်လစ်
လမ်းစဉ်ပါတီခေတ်တွင်လည်း ထိုစဉ်က နိုင်ငံတော်သမ္မတဦးနေဝင်း၏ “ကျွန်တော်တို့အဝေးရောက်နေသူတွေကို
အိမ်ပြန်လာကြဖို့ ဖိတ်ခေါ်ပါတယ်။ ခဏတာခွဲခွာပြီး အိမ်ကို ပြန်လာတဲ့ဆွေမျိုးသားချင်းတွေကို
ကြိုဆိုသလို ကျွန်တော်တို့ သူတို့ကိုကြိုဆိုရအောင်။ ပြီးခဲ့တာတွေ မေ့ဖျောက်ခွင့်လွှတ်ပြီး
ကျွန်တော်တို့တိုင်းပြည် ကောင်းကျိုးအတွက် ရှေ့ဆက်လက်တွဲလုပ်ကြ ရအောင်”ဟူသည့်
ဖိတ်ခေါ်မှုနှင့်အတူ ၁၉၈၀ ပြည့် နှစ် မေလတွင် နိုင်ငံတော်ကောင်စီက အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်
အမိန့်တစ်ရပ်ထုတ်ပြန်၍ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ကမ်းလှမ်းခဲ့ပြန်ပါသည်။
ထိုဖိတ်ခေါ်ကမ်းလှမ်းမှုများအရ
ဝန်ကြီးချုပ်ဟောင်းဦးနု၊ ရဲဘော်သုံးကျိပ်ဝင်များဖြစ်ကြသော ဗိုလ်မှူးအောင်၊ ဗိုလ်ရန်နိုင်တို့အပါအဝင်
လက်ဟောင်းနိုင်ငံရေးသမားကြီးများနှင့် ပါလီမန် ဒီမိုကရေစီပါတီ (PDP) အဖွဲ့ဝင်များ ပြည်တော်ပြန်ဝင်လာခဲ့ကြသည်။
သို့သော် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်မူ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ
တုံ့ဆိုင်းနေရုံမက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီအစိုးရနှောင်းပိုင်းကာလတွင် စီစီဝမ်တာပန်၊
မဲသဝေါ၊ မိုင်းယန်းတိုက်ပွဲကြီးများပေါ်ပေါက်လာသည်အထိပင် စစ်ရှိန်မြင့်တက်လာသည်။
၁၉၈၈
ခုနှစ်နောက်ပိုင်း တပ်မတော်အစိုးရ လက်ထက်တွင်မူ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်
များသည် ထူးထူးကဲကဲ အောင်မြင်မှုများရရှိလာသည်။ ၁၉၈၉ ခုနှစ်တွင် ကိုးကန့်တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့မှ ခေါင်းဆောင်များသည် ဗကပလက်အောက်မှ ခွဲထွက်ပြီး ကိုးကန့်ဒေသဖွံ့ဖြိုးရေး၊
ကိုးကန့်တိုင်းရင်းသားလူမျိုးများ၏ စားဝတ်နေရေး ချောင်လည်ရေးတို့အတွက် တပ်မတော်နှင့်လက်တွဲ၍
ဆောင်ရွက်လိုသည်ဟူသော ကမ်းလှမ်းမှုနှင့်အတူ ပဏာမတွေ့ဆုံဆွေးနွေးမှုများကို စတင်နိုင်ခဲ့ကြသည်။
ကိုးကန့်ဒေသ၏
ငြိမ်းချမ်းရေးဖြစ်စဉ်ကို အားကျလာကြသော ‘ဝ’တိုင်းရင်းသားခေါင်းဆောင် များကလည်း
တပ်မတော်အစိုးရနှင့်ငြိမ်းချမ်းရေးဆွေးနွေးလိုကြောင်း ဆက်သွယ်မှုများအရ ပဏာမ ဆွေးနွေးမှုများကို
စတင်နိုင်ခဲ့ပြန်သည်။
တစ်ဖန်
ကိုးကန့်ဒေသနှင့် ‘ဝ’ဒေသတို့မှ တိုင်းရင်းသားခေါင်းဆောင်များသည် နိုင်ငံတော် အစိုးရနှင့်
ငြိမ်းချမ်းရေးရယူပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်လာမှုကို အခြားသော တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့အစည်းများက လည်း အားကျလာပြီး ကမ်းလှမ်းလာခဲ့ကြရာ -
ကျိုင်းတုံဒေသ မိုင်းမ၊ မိုင်းလား အခြေပြုကော်
(၈၁၅) မှ ဦးစိုင်းလင်း (ခ) ဦးလီမိရှဲအဖွဲ့၊
ဦးဆေးထင် ခေါင်းဆောင်သည့် SSA ရှမ်းအဖွဲ့၊
ဦးမထုနော် ခေါင်းဆောင်သည့် KDA ကချင် အဖွဲ့၊
ဦးစခုန်တိန်ရိမ်း ခေါင်းဆောင်သည့် ဗကပ
(၁၀၁) အဖွဲ့၊
ဦးအိုက်မုန်း ခေါင်းဆောင်သည့် ပလောင်အဖွဲ့၊
ဦးအောင်ခမ်းထီ ခေါင်းဆောင်သည့် ပအိုဝ်း
အဖွဲ့၊
ဦးတာကလယ် ခေါင်းဆောင်သည့် ပအိုဝ်းအဖွဲ့၊
ဦးခူထဲဘူးဖဲ ခေါင်းဆောင်သည့် KNPP အဖွဲ့၊
ဦးထွန်းကျော် ခေါင်းဆောင်သည့် ကယားအဖွဲ့၊
ဦးသန်းစိုးနိုင် ခေါင်းဆောင်သည့် ကယန်းအဖွဲ့၊
ဦးဂေဘရယ်ပြန်၊ ဦးဌေးကို ခေါင်းဆောင်သည့်
ပဒေါင်အဖွဲ့၊
ဦးနိုင်ရွှေကျင် ခေါင်းဆောင်သည့် မွန်ပြည်သစ်
ပါတီအဖွဲ့၊
ဦးနိုင်စိုက်ချမ်း ခေါင်းဆောင်သည့် မွန်ခွဲထွက်
အဖွဲ့၊
ဦးစောထွန်းဦး ခေါင်းဆောင်သည့် ရခိုင် ပြည်နယ်
ဗကပအဖွဲ့၊
ဦးခွန်ဆာ
ခေါင်းဆောင်သည့် ရှမ်းပြည်တပ်မတော် (အပြီးပိုင် လက်နက်စွန့်လွှတ်သည့်အဖွဲ့) တို့နှင့်
ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ရှေ့ဆင့်နောက်ဆင့်ကျင်းပနိုင်ခဲ့ပြီး ငြိမ်းချမ်းရေးကို
တည်ဆောက်နိုင်ခဲ့ပါသည်။
သို့ရာတွင်
ကေအိုင်အေ ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊ ကေအင်န်ယူ ကရင်တိုင်းရင်း သားအဖွဲ့အစည်းနှင့်
အချို့အဖွဲ့ငယ်များ ဥပဒေဘောင်အတွင်းဝင်ရောက်လာရန် ကျန်ရှိသေးသဖြင့် တပ်မတော်အစိုးရသည်
ထိုးစစ်ဆင်မှုများကို ရပ်ဆိုင်းထားပြီး ငြိမ်းချမ်းရေးဖိတ်ခေါ်မှုများ ဆောင်ရွက်နိုင်ရန်
ဆက်သွယ်ရမည့်နေရာဌာန (CONTACT POINT)များ သတ်မှတ်ကာ စိတ်ရှည်စွာကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။
ကေအိုင်အေအဖွဲ့နှင့်
ဆွေးနွေးပွဲများအကြိမ်ကြိမ်ပြုလုပ်ပြီး ၁၉၉၄ ခုနှစ်မှသာ ငြိမ်းချမ်းရေး ဆွေးနွေးမှုများအောင်မြင်ကာ
ဥပဒေဘောင်အတွင်း ဝင်ရောက်လာခဲ့ပါသည်။
၁၉၉၃
ခုနှစ် ဇန်နဝါရီလအတွင်း ဗိုလ်ချုပ်မြနှင့် ဦးထိန်မောင်တို့၏ ငြိမ်းချမ်းရေးကမ်းလှမ်းလာမှု
နှင့်အတူ တပ်မတော်အစိုးရနှင့် ကေအင်န်ယူအဖွဲ့တို့သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို
စတင်နိုင် ခဲ့ကြသည်။ ၁၉၉၄ ခုနှစ်တွင် အကြောင်းအမျိုးမျိုး ကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှု
ရပ်ဆိုင်းသွားခဲ့ သော်လည်း ၁၉၉၅ ခုနှစ်မှစတင်၍ အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
၂၀၀၄
ခုနှစ် ဖေဖော်ဝါရီလတွင် ကေအင်န်ယူဥက္ကဋ္ဌ ဦးစောဘိုမြ၊ ဦးထိန်မောင်၊ ဦးတူးတူးလေး၊ ဦးဒေးဗစ်ထော၊
ဦးစောဂျော်နီတို့ခေါင်းဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ဘန်ကောက်မှတစ်ဆင့်
ရန်ကုန်မြို့သို့ တပ်မတော်အထူးလေယာဉ်ဖြင့် ကိုယ်တိုင်ကိုယ်ကျလာရောက်ပြီး နိုင်ငံတော်အစိုးရနှင့်
ဆွေးနွေးညှိနှိုင်းခဲ့ရာ တိုးတက်ဖြစ်ထွန်းမှု ရလဒ်ကောင်းများ ရရှိခဲ့ကြသည်။ သို့သော်
ကေအင်န်ယူဥက္ကဋ္ဌကြီး ဦးစောဘိုမြသည် ကျန်းမာရေးချို့ယွင်းမှုကြောင့် ငြိမ်းချမ်းရေး
မရယူနိုင်ခင်မှာပင် ကွယ်လွန်သွားခဲ့ရှာပါသည်။
ရလဒ်ကောင်းများရရှိခဲ့
ဤသို့ဖြင့်
တပ်မတော်အစိုးရလက်ထက်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပြန်အလှန်နားလည်ယုံကြည်မှု၊
လေးစားမှု၊ ညီရင်းအစ်ကိုကဲ့သို့ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံပြောဆိုဆွေးနွေးမှုများကြောင့်
ဆွေးနွေးမှုများမှာ တိုးတက်ဖြစ်ထွန်းမှု ရလဒ်ကောင်းများရရှိခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့
(၁၇) ဖွဲ့ ဥပဒေဘောင်အတွင်း ဝင်ရောက်လာခဲ့ကြသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်
ငြိမ်းချမ်းရေးရယူပြီးနောက်တွင် တပ်မတော် အစိုးရသည် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊
စီးပွားရေးအပါအဝင် အစစအရာရာခေတ်နောက်ကျကျန်ခဲ့သည့် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ
ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးဆောင်ရွက်ခဲ့ပါသည်။ တိုင်းရင်းသားခေါင်းဆောင်များကလည်း
နိုင်ငံတော်အစိုးရနှင့်လက်တွဲကာ ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများတွင် အားတက်သရော
ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြ၍ အချို့ ဒေသများမှာ ငါးနှစ်၊ ဆယ်နှစ်အတွင်း ရွာအဆင့်
မှခေတ်မီမြို့အဆင့်အထိ တိုးတက်ဖြစ်ထွန်းလာ ခဲ့ပါသည်။
တကယ်တော့
တပ်မတော်အစိုးရလက်ထက် ငြိမ်းချမ်းရေးတည်ဆောက်မှုများမှာ အလွယ်တကူ ဖြစ်ပေါ်တိုးတက်လာခဲ့ခြင်းမဟုတ်ပေ။
မတူညီသော သဘောထား၊ ခံယူချက်များအပေါ် ဘုံသဘော တူညီချက်ရရှိရန် အကြိမ်ကြိမ်အထပ်ထပ် အချိန်ယူဆွေးနွေးညှိနှိုင်းခဲ့ကြရသည်။
နှစ်ဦးနှစ်ဖက်ရိုးသား ဖြူစင်မှုကိုအခြေခံ၍ ယုံကြည်မှုတည်ဆောက်ခဲ့ကြ ရပါသည်။ အနှောင့်အယှက်အတားအဆီးများကိုလည်း
ကြံ့ကြံ့ခံသည်းခံနားလည်ပေးရပါသည်။
အထူးသဖြင့်
ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပ နေစဉ်အတွင်း
ပြည်ပစွက်ဖက်မှုပယောဂများ ဝင်ရောက်လာ၍ ဆွေးနွေးပွဲရပ်ဆိုင်းခဲ့မှုများ ဖြစ်ပေါ်လာခဲ့သေးသည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်၍
မှော်ဝန်းသား ဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း) က “ကြုံတွေ့ခဲ့ရ ကျွန်တော့်ဘဝအထွေထွေ” စာအုပ်တွင်
“၁၉၉၇ ခုနှစ် ဇန်နဝါရီ ၇ ရက်နေ့မှ ၁၄ ရက်အထိ KNU မှ ဦးဆောင်ကာ DAB နှင့် တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်လျက် အမေရိကန်နိုင်ငံအဖွဲ့အစည်းတစ်ခုက ကမကထပြု၍ မဲသရောတွင်
အစည်းအဝေးတစ်ခုပြုလုပ်ခဲ့ပါသည်။ အမှန်ကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆက်လက်မဖြစ်ထွန်းအောင်၊
ငြိမ်းချမ်းရေးကိစ္စ အကောင်အထည်မပေါ်အောင် အမေရိကန်နိုင်ငံ၏ ဝင်ရောက်စွက်ဖက်မှုတစ်ရပ်ဖြစ်ပါသည်။
အစည်းအဝေးအမည်က တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲ (ETHNIC NATIONALITIES
SEMINAR) ဖြစ်ပါသည်။ အမေရိကန်နိုင်ငံအဖွဲ့အစည်းတစ်ခုက အကုန်အကျခံကာ ကမကထပြုလျက် ဆွေးနွေးပွဲ
ကို ဦးဆောင်ဆွေးနွေးသွားကြသည်ကို တွေ့ရပါသည်။ အစည်းအဝေးအပြီး ကြေညာချက် ထုတ်ပြန် ရာတွင်
အမျိုးသားညီလာခံကို အသိအမှတ်မပြု ကြောင်း၊ ဒီမိုကရေစီအင်အားစု၊ တိုင်းရင်းသား အင်အားစုနှင့်အစိုးရအဖွဲ့တို့
သုံးပွင့်ဆိုင်ဆွေးနွေးမှု ပြုလုပ်ရန်၊ အာဆီယံအဖွဲ့ဝင်အဖြစ် လက်မခံသေးဘဲ ဆိုင်းငံ့ထားရန်၊
ဒီမိုကရေစီနှင့် လူထုတိုက်ပွဲကို ထောက်ခံကြောင်း စသည့်အချက်များ ပါဝင်ပါ သည်။
ဤကဲ့သို့
မဲသရောဆွေးနွေးပွဲပြီးနောက် ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲများလည်း ရပ်ဆိုင်းသွားပြီး
KNU မှ စစ်ရေးလှုပ်ရှားမှုများပင် ပြန်လည်လုပ်ဆောင်လာခဲ့တာကို တွေ့ရပါသည်” စသည်ဖြင့်
ရေးသားဖော်ပြခဲ့ပါသည်။ ထိုသို့ အနှောင့်အယှက် အခက်အခဲအတားအဆီးများကြားမှပင် တပ်မတော်အစိုးရသည်
ယခင်အစိုးရ အဆက်ဆက် မဆောင်ရွက်နိုင်ခဲ့သည့် ငြိမ်းချမ်းရေးရလဒ်ကောင်းများကို အောင်မြင်စွာကြိုးပမ်း
တည်ဆောက်နိုင်ခဲ့ပါသည်။
သမိုင်းဝင်လက်မှတ်ရေးထိုးနိုင်ခဲ့
၂၀၀၈
ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပေါ်ပေါက်လာသော ဒီမိုကရေစီအစိုးရ ပထမ သက်တမ်းကာလတွင်
သမ္မတဦးသိန်းစိန်အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကျင်းပရန်
ဖိတ်ခေါ်ခဲ့ပြန်ပါသည်။ ငြိမ်းချမ်းရေးဆွေးနွေးမှုများစတင်ပြီး တစ်စတစ်စ တိုးတက်လာသည်နှင့်အမျှ
တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အရေအတွက်လည်း (၁၆)ဖွဲ့အထိ တိုးတက်လာခဲ့သည်။ ယင်းတို့အနက်
ကရင် အမျိုးသားအစည်းအရုံး(KNU)၊ ဒီမိုကရေစီအကျိုးပြု တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/
ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ
(ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်
(PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)နှင့် သျှမ်းပြည်
ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) စုစုပေါင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၈)ဖွဲ့နှင့်သဘော
တူညီချက်ရရှိကာ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်
မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)၌ သမိုင်းဝင် လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။
သို့ရာတွင်
NCA စာချုပ်တွင် ကိုယ်တိုင်ပါဝင် ရေးဆွဲသဘောတူညီခဲ့ကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့မှာမူ
စာချုပ်တွင်လက်မှတ် ရေးထိုးသောအခါ ပါဝင်လာခဲ့ခြင်းမရှိခဲ့ပေ။
နိုင်ငံရေးတောင်းဆိုလှုပ်ရှားမှုများ
စတင်ရိုက်ခတ်
ထိုသို့ပါဝင်လာခြင်းမရှိသည့်
အကြောင်းရင်းနှင့်ပတ်သက်၍ ထိုစဉ်က ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက “ဒီမိုကရေစီနိုင်ငံတော်သစ်နှင့်
သမ္မတဦးသိန်းစိန်” စာအုပ်တွင် “တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ကို
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်း ၁၆ ဖွဲ့နှင့် ဆွေးနွေးခဲ့ပြီး အားလုံး၏သဘောတူညီမှုဖြင့်
၂၀၁၅ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့တွင် အချောသပ်နိုင် ခဲ့ပါသည်။ ပါဝင်ရေးဆွဲသူအားလုံး သဘောတူညီမှု
ရရှိကာ ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုနိုင် ခဲ့ပါသည်။ ဤအချက်ကို ရှင်းလင်းရခြင်းမှာ
နောက်ပိုင်းတွင် NCA စာချုပ်တွင် ကိုယ်တိုင်ပါဝင် ရေးဆွဲသဘောတူညီခဲ့သည့် တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့အချို့က စာချုပ်တွင်လက်မှတ်ရေးထိုးရန် ငြင်းဆန်ခဲ့ခြင်းမှာ စာချုပ်တွင်ပါရှိသော
အကြောင်းအရာ၊ အချက်အလက်များကြောင့် မဟုတ်ဘဲ ၎င်းတို့၏နိုင်ငံရေးရွေးချယ်မှုကြောင့်သာဖြစ်သည်”ဟု
ရေးသားခဲ့ပါသည်။
ထို့အတူ ငြိမ်းချမ်းရေးကြိုးပမ်းမှုများ
အကောင်အထည်ဖော် ဆောင်ရွက်နေစဉ်အတွင်း ကြုံတွေ့ခဲ့ရသည့်အခက်အခဲ၊ အတားအဆီးများ နှင့်ပတ်သက်၍လည်း
“KIA တစ်ဖွဲ့သာ ကျန်ရှိချိန် တွင် ငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်းမှု အောင်မြင်လုလု
ဖြစ်မည့်အခြေအနေဖြစ်ရာ အဖျက်သမားများရောဖျာခင်းလိုသူများပါ အိပ်ရာမှနိုးလာကြပါတော့သည်။
ကေအိုင်အိုနှင့်
ဆွေးနွေးမှုစတင်ပြုလုပ်သည် နှင့်တစ်ပြိုင်နက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် သက်ဆိုင်သူအားလုံးပါဝင်ရမည်ဆိုသော
နိုင်ငံရေးတောင်းဆိုလှုပ်ရှားမှုများ စတင်ရိုက်ခတ်လာပါတော့သည်ဟူ၍ ရေးသားခဲ့ပါသည်။
ဒီမိုကရေစီအစိုးရ
ဒုတိယသက်တမ်းကာလ NLD အစိုးရလက်ထက်တွင်လည်း ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံအမည်ဖြင့်
ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး
(LDU) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့နှင့် သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့
(၁၀) ဖွဲ့ အထိ ရှိလာခဲ့သည်။
လက်ရှိ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင်လည်း ယခင်အစိုးရ အဆက်ဆက်နည်းတူ
မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များကို သမိုင်းပေးတာဝန်အရ ဆက်လက် ကြိုးပမ်းအကောင်အထည်ဖော်
ဆောင်ရွက်လျက်ရှိပါသည်။
နိုင်ငံတော်
စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို
ဖော်ဆောင်ရာတွင် အဓိကအခြေခံဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး
သဘောတူစာချုပ် (NCA) တို့အပေါ် ခိုင်ခိုင်မာမာ ရပ်တည်ချက်နှင့်အတူ ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေး
နှစ်အဖြစ်သတ်မှတ်၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များကို ကိုယ်တိုင်
ကိုယ်ကျတွေ့ဆုံဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ကမ်းလှမ်း ခဲ့ပါသည်။
ယနေ့အထိ
NCA စာချုပ်တွင် လက်မှတ် ရေးထိုးပြီးဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့(၇)ဖွဲ့နှင့်
လက်မှတ်ရေးထိုးခြင်းမပြုရသေး သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၃)ဖွဲ့တို့မှ တိုင်းရင်းသားကိုယ်စားလှယ်များနှင့်
တွေ့ဆုံဆွေးနွေးလျက်ရှိပြီး နိုင်ငံရေးအရ တည်ငြိမ်အေးချမ်း စွာ လျှောက်လှမ်းနိုင်မည့်
ရလဒ်များကိုလည်း ဖော်ဆောင်နိုင်ခဲ့ပါသည်။
လင်းတစ်လှည့်
မှိန်တစ်လှည့်
ဤသို့ဖြင့်
မြန်မာ့ငြိမ်းချမ်းရေးခရီးလမ်းကို ပြန်ပြောင်းကြည့်လျှင် လင်းတစ်လှည့် မှိန် တစ်လှည့်၊
နီးသယောင် ဝေးသယောင်ယောင် တွေ့မြင်ကြရပါမည်။ မည်သို့ဆိုစေ ကိုလိုနီနယ်ချဲ့တို့၏ သွေးခွဲသပ်လျှိုမှုများကြောင့်
လွတ်လပ်ရေးနှင့် အတူယှဉ်တွဲပေါ်ပေါက်လာခဲ့ရသော ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများ အပြီးတိုင်ချုပ်ငြိမ်းရေးနှင့်
ထာဝရငြိမ်းချမ်းရေးအတွက် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်နိုင်ငံတော်အစိုးရ အဆက်ဆက်သည် သမိုင်း၏အမွေအဖြစ်
ခံယူပြီး သမိုင်းပေးတာဝန်အရ ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ကြရပါမည်။
အဘယ်ကြောင့်ဆိုသော်
တစ်ချိန်က ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများအပြင် ပြည်ပအင်အား
ကြီးနိုင်ငံများ၏ ဝင်ရောက်စွက်ဖက်မှုများကြောင့် စစ်၏အနိဋ္ဌာရုံများကို နှစ်ပေါင်းများစွာ
ခါးစည်း ရင်ဆိုင်ကြုံတွေ့ခဲ့ကြသော လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် စသည့်ဒေသတွင်းနိုင်ငံများသည်
လက်နက်ကိုင်ပဋိပက္ခများ ပြီးဆုံးချုပ်ငြိမ်းသွား သည်နှင့်အမျှ ငြိမ်းချမ်းရေးမှသည်
သာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အချိုးအကွေ့လမ်းကြောင်းတစ်ခုပေါ်သို့ ဦးတည်လျှောက်လှမ်းလျက်ရှိနေကြပြီဖြစ်သည်။
ရေသယံဇာတ၊
မြေသယံဇာတ၊ မြေပေါ်မြေအောက် သယံဇာတများပေါကြွယ်ဝပြီး ပထဝီ နိုင်ငံရေးအရ အချက်အချာကျသော
မြန်မာနိုင်ငံအနေဖြင့်မူ မပြီးဆုံးသေးသော ပြည်တွင်းလက်နက် ကိုင်ပဋိပက္ခများကြောင့်
အခြားဒေသတွင်းနိုင်ငံများ နှင့်ယှဉ်လျှင် ဖွံ့ဖြိုးတိုးတက်သင့်သလောက် ဖွံ့ဖြိုးတိုးတက်ခြင်းမရှိဘဲ
နောက်ကျကျန်ရစ် ခဲ့ရသည်။
သို့ဖြင့်
မြန်မာနိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခ များ ချုပ်ငြိမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးလုပ်ငန်း
စဉ်များ နှောင့်နှေးကြန့်ကြာသည်နှင့်အမျှ ဒေသခံတိုင်းရင်းသားပြည်သူများ၏ ပညာရေး၊ ကျန်းမာ
ရေး၊ လူမှုရေး၊ စီးပွားရေးအပါအဝင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုများပါ မြန်မာနိုင်ငံ၏
ဖွံ့ဖြိုး တိုးတက်မှုအဝဝမှာ ဆက်လက်နှောင့်နှေးကြန့်ကြာ နေဦးမည်ဖြစ်ရာ နိုင်ငံရေးသံဝေဂများရယူပြီး
ထာဝရငြိမ်းချမ်းရေးကို မဖြစ်မနေ ဆက်လက် ကြိုးပမ်း တည်ဆောက်ကြရန် တိုက်တွန်းနှိုးဆော်
လိုက်ရပါသည်။ ။
မင်းခေါင်
%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA.jpg)
No comments:
Post a Comment