နိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်လေးများအနေဖြင့် အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲများကို မြို့နယ်အသီးသီး၌ ကျင်းပလျက်ရှိသည်။
ဂန့်ဂေါ
ကျောင်းသား ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားစေရန်နှင့် လူရည်မွန်ကောင်းများ ပေါ်ထွန်းစေရန် ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း ၍ ဂန့်ဂေါမြို့ အမှတ်(၂)ရပ်ကွက် အလက (ခွဲ) စည်ပင်ကျောင်း၌ အောက်တိုဘာ ၄ ရက်က အသိပညာပေးဟောပြောပွဲ ပြုလုပ်သည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးနေမျိုးသူရက ကျောင်းသား ကျောင်းသူများအား “ရည်မှန်းချက်ရှိမည်”ခေါင်းစဉ်ဖြင့် ဟောပြောပြီး လူငယ်များ အတွေးအခေါ် မှန်ကန်စေရေး၊ အသိပညာ၊ အတတ်ပညာဖြင့် ပြည့်စုံသော လူငယ်များဖြစ်ပေါ်စေရန်၊ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယခုလိုလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောသည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေရာ ကျောင်းသား ကျောင်းသူများက စိတ်ဝင်စားစွာဖတ်ရှုကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)
ပန်းတောင်း
ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အောက်တိုဘာ ၄ ရက်တွင် အ.လ.က (စွယ်တော်)ကျောင်း၌ အသိပညာပေးဟောပြောခြင်း၊ ပုံပြင်ပြောခြင်း၊ နံရံကပ် စာစောင်များပြသခြင်းများ ဆောင်ရွက်သည်။
အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက ယနေ့လူငယ်များသည် တိုးတက်လာသော ခေတ်ရေစီးကြောင်းနှင့်အညီ အင်တာနက်သုံးစွဲမှုများပြားလာသည့်အလျောက် အကောင်းအဆိုး ခွဲခြားတတ်စေရန်၊ အယုံမလွယ်မိစေရန်၊ အင်တာနက်မှတစ်ဆင့် ဗဟုသုတများရရှိနိုင်သည့်နည်းလမ်းများ၊ စာအုပ်စာပေများသည်လည်း မည်မျှပင်ဟောင်းနွမ်းစေကာမူ ပညာဗဟုသုတများစွာရရှိနိုင်သည့်အတွက် လေ့လာဖတ်ရှုကြရန်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးကို ဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်နှင်းနုနွယ်က ရုပ်ပုံစာအုပ်ဖြင့် ပုံပြင်ပြောခြင်း ဆောင်ရွက်သည်။
ထို့နောက် ကျောင်းသား ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)
သရက်ချောင်း
တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိ ပညာပေးဟောပြောပွဲကို အောက်တိုဘာ ၄ ရက်က သရက်ချောင်းမြို့နယ် တီထွင်ပြင်ကျေးရွာ အ-ထ-က(ခွဲ)ကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးခင်မောင်စိုးက ကျောင်းသား ကျောင်းသူများအနေဖြင့်ပညာရေးကို ဆုံးခန်းတိုင်အောင် သင်ယူကြရန်၊ ဆရာဆရာမများ၏ ပြောစကားကို အလေးအနက်ထား နားထောင်ကြရန်၊ စည်းကမ်းလိုက်နာပြီး ထူးချွန်ထက်မြက်သော ကျောင်းသား ကျောင်းသူများဖြစ်အောင် ကြိုးစားကြရန်ပြောကြားပြီး ကျောင်းသားကျောင်းသူများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(သရက်ချောင်း)
ကျောက်ဆည်
ကျောင်းသား ကျောင်းသူလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး အောက်တိုဘာ ၄ ရက်က ကျောက်ဆည်မြို့နယ် အနောက်သာဂရ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) ဘက်စုံသုံးခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပသည်။
ဦးစွာ မြို့နယ်လက်ထောက်ပညာရေးမှူး ဦးအောင်သူရိန်ထွန်းက ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဗလ၊ ပြည့်စုံမှသာ ဘက်စုံထူးချွန်သော လူငယ်များဖြစ်လာမည်ဖြစ်ရာ စာပေအသိပညာများ ဖတ်ရှုလေ့လာပြီး အမှားအမှန်ခွဲခြား၍ ထူးချွန်သူများဖြစ်စေရန် ကြိုးစားကြရန် ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက လူငယ်စကားဝိုင်းကိုကျင်းပရာ အနောက်သာဂရ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) Grade-10 မှ ကျောင်းသားများဖြစ်သည့် မောင်မြတ်သူလင်းက လူငယ်နှင့်စည်းကမ်း၊ မောင်ဟိန်းမင်းခန့်က လူငယ်နှင့်ကိုယ်ကျင့်တရား၊ Grade-11 မှ ကျောင်းသူများဖြစ်သည့် မဉ္ဇာဘွဲ့မှူးက လူငယ်နှင့်မူးယစ်ဆေးဝါး၊ မခိုင်ဝေဝေဇော်က လူငယ်နှင့်ကျန်းမာရေး၊ မအိချောဇင်က လူငယ်နှင့်အားကစား စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
သက်မောင်
No comments:
Post a Comment