နေပြည်တော် အောက်တိုဘာ ၄
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဥတ္တရသီရိ မြို့နယ်ဝဇိရာနန္ဒ သုဗောဓာရုံကျောင်းတိုက် ပဓာနနာယက ဆရာတော်ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဇောတိဝရ မထေရ်မြတ်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
လှည့်လည်ကြည့်ရှု
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် MSME One Region One Product ထုတ်လုပ်နေသည့် ဥတ္တရသီရိမြို့နယ် ဇဝနသိဒ္ဓိရပ်ကွက်ရှိ Sky Fruit Food Industry Co;Ltd သစ်သီးယိုစုံလုပ်ငန်းသို့ သွားရောက်ကြည့်ရှုအားပေးပြီး အရည်အသွေးကောင်းမွန်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများဖြစ်စေရေးကို အလေးထား ဆောင်ရွက်စေလို ကြောင်းမှာကြား၍ စက်ရုံအတွင်း လှည့်လည်ကြည့်ရှုအားပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဥတ္တရသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်းဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။
ယင်းနောက် နေပြည်တော်စီမံကိန်းလုပ်ငန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက စီမံကိန်းလုပ်ငန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် တောင်ညိုကျေးရွာအုပ်စုတွင် ဖွင့်လှစ်ခဲ့သည့် အခြေခံစက်ချုပ်နည်းပညာနှင့် ဖက်ရှင်ဒီဇိုင်းသင်တန်းမှ ထူးချွန်သင်တန်းသူ ငါးဦးအတွက် အပ်ချုပ်စက်၊ ဓားစက်၊ ဘီတင်စက်၊ ထုပ်သီးရိုက်စက် ချီးမြှင့်ပေးအပ်၍ ထူးချွန် သင်တန်းသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး ခင်းကျင်းပြသထားသည့် အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း ဒေသဖွံ့ဖြိုး ရေး လုပ်ငန်းသုံးပစ္စည်းများကို ကြည့်ရှုအားပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဥတ္တရသီရိမြို့နယ်ရုံးမှ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ ပြည်သူများအား ဇီဝဆိုင်ရာ အချက်အလက် (Bio-metric Data) ကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်နေမှုကိုလည်းကောင်း၊ ဥတ္တရသီရိမြို့နယ် ဝက်စုကျေးရွာရှိ ဝေယံတိုးဆန်စက်သို့လည်းကောင်း၊ မင်းကုန်းကျေးရွာရှိ More CNC ပန်းတမော့လုပ်ငန်းသို့ လည်းကောင်း သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များကို မှာကြားသည်။
ဆက်ကပ်လှူဒါန်း
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဥတ္တရသီရိမြို့နယ် သံဃနာယက အဖွဲ့ဥက္ကဋ္ဌ၊ မဏိဇောတိက ကျွဲရှင်းကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တပဒုမ မထေရ်မြတ်အား သွားရောက်ဖူးမြော်ကြည်ညို၍ ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်သည့် နေပြည်တော်အုတ်စက်ရုံ၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ နေပြည်တော် အုတ်စက်ရုံ၏ ကုန်ထုတ်လုပ်မှုဆိုင်ရာ လိုအပ်သည်များကိုမှာကြားကာ စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ ၃/၂၀၂၃ အစည်းအဝေးသို့ တက်ရောက်သည်။
အစည်းအဝေးတွင် နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ နေပြည်တော် ကောင်စီဥက္ကဋ္ဌက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖိတ်ခေါ်ပြီး ဒေသအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက် စေရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာစေရေးနှင့် ထုတ်လုပ်မှုများမြှင့်တင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး ဒေါ်ယဉ်ယဉ်နွယ်က နေပြည်တော်ကောင်စီ ရင်းနှီးမြုပ်နှံမှုကော်မတီသို့ တင်ပြလာသည့် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြုလျှောက်ထားလွှာ တင်ပြလာခြင်းနှင့်စပ်လျဉ်း၍ဆွေးနွေးပြီး ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေး ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment