နန္ဒာလွင်မိုး(MISIS)
ကမ္ဘာဦးအစကပင် လူသားတို့သည် ရှင်သန်ရပ်တည်နိုင်ရန် တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့ မှီတင်းသဟဲပြု ပေါင်းဖက်နေထိုင်ခဲ့ကြရသည်။ဝင်းချင်းကပ်၊
အိမ်ချင်းနီး၊ တစ်မြေတည်းအတူနေ၊ တစ်ရေတည်းအတူသောက်၊ ပေါက်ဖော်၊ အစားတူ အသွားတူ၊ ရည်မှန်းချက်တစ်ထပ်တည်း၊
တစ်လှေတည်းလှော်၊ တစ်ခရီးတည်းသွားဆိုပြီး စိတ်မျှကိုယ်တူ ယှဉ်တွဲကျော်ဖြတ်ခဲ့ကြရသည်။
ဤသို့ ပူးတွဲနေထိုင်ခဲ့ခြင်းသည်ပင် အစုအဖွဲ့၊ အသင်း အပင်း၊ လူမျိုးစု၊ ဒေသ၊ နိုင်ငံ
စသည်ဖြင့် ပေါ်ပေါက်မှုတို့၏ မူလအစ ဖြစ်ပေတော့သည်။
လူဖြူ၊
လူမည်း၊ လူဝါဟုဆို၍ အသားအရောင် ခွဲခြား၍သော်လည်းကောင်း ဥရောပ၊ အာရှ၊ အာဖရိက၊ အမေရိကဟူပြီး
ဒေသချင်းသော်လည်းကောင်း အစုလိုက်အဖွဲ့လိုက် နေထိုင်ခဲ့ကြသည်။ ထိုသို့ နေထိုင်ကြရင်းဖြင့်
ကမ္ဘာ့နိုင်ငံအသီးသီးတို့သည် ပထဝီတည်နေရာအပေါ်မူတည်၍ နိုင်ငံရေး၊ လုံခြုံ ရေး၊ စီးပွားရေး၊
လူမှုရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာများနှင့် ကိုးကွယ်ယုံကြည်မှု၊ ဓလေ့ထုံးစံယဉ်ကျေး
မှုတို့အရ မတူကွဲပြားသော စံနှုန်းသတ်မှတ်ချက်များအလိုက် မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့်
ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုရှေးရှုကာ ယုံကြည်ရာခရီးကို လျှောက်လှမ်းနေကြပါသည်။
မဲခေါင်မြစ်ဝှမ်းဒေသသည်
လူဦးရေ သန်း ၂၃၀ ကျော်အား အကျိုးပြု
တရုတ်နိုင်ငံ၏
တိဘက်ကုန်းမြင့်ဒေသမှ မြစ်ဖျားခံ၍ အင်ဒိုချိုင်းနားကျွန်းဆွယ်ကို ဖြတ်သန်း စီးဆင်းသွားသော
ရေစီးကြောင်းကြီးကို လန်ချန်း-မဲခေါင်မြစ်ဟု သမုတ်ခဲ့ကြပြီး မြန်မာ၊ လာအို၊ ထိုင်း၊
ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့သည် အဆိုပါ မြစ်ဝှမ်းကြီးပေါ်တွင် တည်ရှိခဲ့ကြလေသည်။ မိုင်ပေါင်း ၂၇၀၀
ကျော် ရှည်လျားသော ကမ္ဘာ့ ၁၂ ခုမြောက် အရှည်ဆုံးမြစ်ဖြစ်သည့် မဲခေါင်မြစ်ဝှမ်းဒေသ တစ်လျှောက်သည်
လူဦးရေ သန်း ၂၃၀ ကျော်အား အကျိုးပြုအသုံးတော်ခံလျက်ရှိသည်။
ယင်းမြစ်ကြောင်းကြီးကိုဗဟိုပြု၍
မိမိတို့နိုင်ငံများသည်လည်း ယဉ်ကျေးမှုချင်းဆက်နွှယ်မှု၊ ကောင်းမွန်သော မိသားစုဆက်ဆံရေးနှင့်
အတူတကွ ဝေမျှသုံးစွဲခြင်းဟူသည့် အကြောင်းတရားများဖြင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံ လုံခြုံရေးနှင့်
ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် လက်တွဲဆောင်ရွက်ခဲ့ကြလေသည်။ ပထဝီအနေအထားအရ အရင်းအမြစ်များကို
မျှဝေသုံးစွဲလျက်ရှိသည့် မဲခေါင်မြစ်ဝှမ်းဒေသသည် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုအလားအလာအရှိဆုံး
ဒေသများအနက် တစ်ခုအပါအဝင် ဖြစ်နေပါတော့သည်။
မဲခေါင်ဒေသတွင်း
နိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှုကွာဟနေခြင်းကို လျှော့ချရန်နှင့်
စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိရန်အတွက် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန်
လိုအပ်ကြောင်း ထိုင်းနိုင်ငံမှ စတင်အဆိုပြုခဲ့ပြီး အဆိုပါဆွေးနွေးမှုကို အခြေခံပြီး
မဲခေါင်ဒေသခွဲနိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့အကြား
ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တစ်ရပ်ထူထောင်ရန် တရုတ်နိုင်ငံမှ အဆိုပြုခဲ့ပါသည်။
မဲခေါင်-လန်ချန်း
ပူးပေါင်းဆောင်ရွက်မှုမဏ္ဍိုင်သုံးရပ်ကို သဘောတူညီခဲ့
မဲခေါင်-လန်ချန်း
ပူးပေါင်းဆောင်ရွက်ရေးမူဘောင်ကို စတင်နိုင်ခဲ့ကြသည်။ စတင်မြစ်ဖျား ခံခဲ့သည့် တရုတ်နိုင်ငံသည်
ဦးစီးဦးဆောင်ပြု၍ မဲခေါင်-လန်ချန်းမြစ်ဝှမ်းဒေသအား ဖွံ့ဖြိုးတိုးတက်လာစေရေး အနာဂတ်အစီအစဉ်များ
ပူးတွဲရေးဆွဲခြင်း၊ ရန်ပုံငွေများချမှတ်၍ ဒေသတွင်းစီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ယဉ်ကျေးမှုတို့
မြင့်မားလာစေရန် ဆောင်ရွက်ခဲ့ကြသည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏
ပထမ အကြိမ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တရုတ်နိုင်ငံ ကျင်းဟုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ပြီး
နိုင်ငံရေးနှင့် လုံခြုံရေးမဏ္ဍိုင်၊ စီးပွားရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးမဏ္ဍိုင်နှင့်
လူမှုရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း အပြန်အလှန် ထိတွေ့ဆက်ဆံရေးမဏ္ဍိုင်ဟူ၍
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ် မဏ္ဍိုင်သုံးရပ်ကို ဖွဲ့စည်းသွားရန်
သဘောတူညီခဲ့ပါသည်။
ပူးပေါင်းဆောင်ရွက်မှုစတင်ခဲ့ချိန်
၂၀၁၆ ခုနှစ်မှစ၍ တရုတ်နှင့် မဲခေါင်နိုင်ငံများမှ အဆိုပြုသော စီမံကိန်း ၇၇၉ ခုကို ရွေးချယ်အတည်ပြုခဲ့ပြီး
စီမံကိန်းအကောင်အထည်ပေါ်ရန် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေများမှ
ပံ့ပိုးထောက်ကူ လျက်ရှိပါသည်။ လက်တွေ့ဆန်ပြီး ကြီးမားသည့် အကျိုးသက်ရောက်မှုများကြောင့်
ယဉ်ကျေးမှုဖလှယ်ခြင်း၊ အပြန်အလှန် ကူညီထောက်ပံ့ခြင်းနှင့် ရင်းနှီးယှက်နွှယ်ဆောင်ရွက်ခြင်းတို့တွင်
သိသိသာသာ တိုးတက်လာခဲ့ပါသည်။
မဲခေါင်-လန်ချန်း
ပူးပေါင်းဆောင်ရွက်မှုယန္တရားတွင် ပါဝင်သည့်စီမံချက်များအားလုံး အောင်မြင်စွာ လည်ပတ်နိုင်ရေးအတွက်
တရုတ်နိုင်ငံမှ မတည်ထူထောင်ပေးသော ရန်ပုံငွေလေးရပ်ကို အသုံးပြုလျက်ရှိပါသည်။ အဆိုပါရန်ပုံငွေများမှာ
အောက်ပါ အတိုင်းဖြစ်သည်-
(က) အမေရိကန်ဒေါ်လာ
သန်း ၃၀၀ မတည် ပေးသော အထူးရန်ပုံငွေ (Special Fund)
(ခ) ယွမ်
၁၀ ဘီလီယံ မတည် ပေးထားသော အတိုးနှုန်းသက်သာသည့် ချေးငွေ (Concessional Loan)
(ဂ) အမေရိကန်ဒေါ်လာ
၁၀ ဘီလီယံ မတည် ပေးထားသော အခြားချေးငွေ (Credit Loan)
(ဃ) အမေရိကန်ဒေါ်လာ
သန်း ၂၀၀ မတည် ပေးထားသော ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေ။
မြန်မာနိုင်ငံအနေဖြင့်
ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ စတင်ထူထောင်သည့် ၂၀၁၇ ခုနှစ်မှစ၍ စီမံကိန်းများအဆိုပြုခဲ့ပြီး
ခွင့်ပြုချက်ရရှိခဲ့သော စီမံကိန်းများအား အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ၂၀၂၃
ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၆ သန်း တန်ဖိုးရှိ စီမံကိန်း ၁၀၆ ခုကို အကောင်အထည်ဖော်ပြီး
ဖြစ်ပါသည်။
မြန်မာနိုင်ငံ
စုစုပေါင်းလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်နေပြည်သူများဖြစ်ပြီး စိုက်ပျိုး
မွေးမြူရေးအပေါ် မှီခိုအသက်မွေးနေကြရသည့်အားလျော်စွာ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး
သည် အဓိကကျနေပါသည်။ ထို့ကြောင့် ခုနစ်နှစ်တာကာလအတွင်း အဆိုပြုစီမံကိန်းလျှောက်ထားမှု
များအနက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ တင်သွင်းသည့် စီမံကိန်းများသည်
ခွင့်ပြုချက်အများဆုံး ရရှိခဲ့ပါသည်။
စီမံကိန်း
၃၅ ခုကို အကောင်အထည်ဖော်ဆောင်ရွက်ခွင့်ရရှိခဲ့
စီမံကိန်းစုစုပေါင်း
၃၅ ခုကို အကောင်အထည် ဖော်ဆောင်ရွက်ခွင့်ရရှိခဲ့ပြီး သီးနှံကဏ္ဍဆိုင်ရာ စီမံကိန်း ၁၈
ခု၊ မွေးမြူရေးကဏ္ဍဆိုင်ရာ စီမံကိန်း သုံးခု၊ ငါးလုပ်ငန်းကဏ္ဍဆိုင်ရာစီမံကိန်း နှစ်ခု၊
စိုက်ပျိုးရေးမွေးမြူရေးဆိုင်ရာပညာရေး စွမ်းဆောင်ရည် မြှင့်တင်နိုင်မှုနှင့် သုတေသနဆိုင်ရာစီမံကိန်း
ရှစ်ခု၊ လူမှုဘဝမြှင့်တင်ပေးရေးဆိုင်ရာစီမံကိန်း နှစ်ခုနှင့် စိုက်ပျိုးရေးကိန်းဂဏန်းအချက်အလက်ဖွံ့ဖြိုးရေးဆိုင်ရာစီမံကိန်း
နှစ်ခုတို့ပါဝင်ပြီး ထုတ်လုပ်မှု စွမ်းအားမြှင့်တင်ရေး၊ အရည်အသွေးမီ လယ်ယာထွက်ကုန်များကို
နိုင်ငံတကာဈေးကွက်သို့ တင်ပို့နိုင်ရေး၊ ပြည်တွင်းစားသုံးမှု ဖူလုံရေးတို့အတွက် ကြိုးစားအကောင်အထည်ဖော်လျက်
ရှိပါသည်။
ထို့ပြင်
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသည်လည်း စီမံကိန်းခွင့်ပြုချက် အများဆုံးရရှိသည့်
ဝန်ကြီးဌာနများအထဲတွင်ပါဝင်ပြီး ကျေးလက်နေပြည်သူများ၏ နေ့စဉ် အသက်မွေးဝမ်းကျောင်းမှု
လွယ်ကူအဆင်ပြေစေရေး၊ လူနေမှုအဆင့်အတန်းမြှင့်တင်ရေး၊ ဆင်းရဲမှုလျှော့ချရေး၊ ကျေးလက်ရေရရှိရေး၊
အသေးစားဆိုလာမီးလင်းရေး၊ ကျေးရွာကုန်ထုတ်လုပ်မှု အခြေခံအဆောက်အအုံ၊ လူမှုရေးဆိုင်ရာအဆောက်အအုံများဆောက်လုပ်ခြင်း၊
အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများ၊
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အတွေ့အကြုံ မျှဝေခြင်းဆိုင်ရာစီမံကိန်းတို့ကို ဆောင်ရွက်လျက်
ရှိပါသည်။
တစ်ဦးနှင့်တစ်ဦး
ဖေးမကူညီ
မြန်မာနိုင်ငံအနေဖြင့်
ပညာရေး၊ ကျန်းမာရေး၊ သုတေသန၊ လူမှုဖူလုံရေး၊ စွမ်းရည်မြှင့်တင်ရေး၊ လူ့စွမ်းအားအရင်းအမြစ်၊
သိပ္ပံနှင့်နည်းပညာ၊ ယဉ်ကျေးမှု၊ စိုက်ပျိုးရေး၊ ရေအရင်းအမြစ်၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊
သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ သစ်တော၊ နယ်စပ်ကုန်သွယ်ရေး၊
ခရီးသွားလာရေး၊ ဘဏ္ဍာရေးနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေး စသည့်နယ်ပယ်စုံ ကဏ္ဍစုံတို့ကို
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ယန္တရားအောက်မှ အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရရှိနေပါသည်။
ထိုသို့ ဆောင်ရွက်ခွင့်ရရှိခဲ့ရမှုများသည်ပင် ပူးပေါင်းဆောင်ရွက်နိုင်ခြင်းဆိုသည့်
ပြယုဂ်ဖြစ်ခဲ့ပါသည်။ တစ်ဦးနှင့်တစ်ဦး ဖေးမကူညီခြင်းမှသည် မိမိတို့နိုင်ငံအတွင်း လိုအပ်ချက်ဖြစ်နေသည့်
ကွက်လပ် အချို့ကို ဤယန္တရားကြီးအောက်မှတစ်ဆင့် ဖြည့်တင်းနိုင်ခဲ့ပါသည်။
မဲခေါင်မြစ်ဝှမ်းနိုင်ငံများသည်
မိမိတို့၏ ပြည်သူများ အကျိုးဖြစ်ထွန်းစေရေးအတွက် လိုအပ်သည့် ကဏ္ဍအလိုက် အဆိုပြုချက်များကို
နှစ်အလိုက် စီမံကိန်းများ ရေးဆွဲတင်ပြကာ အကောင်အထည်ဖော်လျက်ရှိပါသည်။ အလားတူပင် မိမိနိုင်ငံဖွံ့ဖြိုး
တိုးတက်ရေးအတွက် တစ်စိတ်တစ်ပိုင်း အထောက်အကူဖြစ်စေရန် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုယန္တရားကို
လေးစားသိရှိနားလည်ရန်နှင့် ထိထိရောက်ရောက် တိုးတက်အသုံးချရန်လိုပါမည်။
ထို့ကြောင့်
သမိုင်းအဖြစ် ကျန်ရစ်ခဲ့မည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုယန္တရားအောက်မှ
တစ်ဆင့်ရရှိခဲ့သော ကဏ္ဍစုံဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းများနှင့်ပတ်သက်ပြီး မဲခေါင်-လန်ချန်း
ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များ၊ စီမံကိန်းများနှင့် ယင်းစီမံကိန်းများ၏ အကျိုးရလဒ်တို့အား
သိရှိနိုင်စေရန် ရည်ရွယ်ကာ ဗဟုသုတပြန့်ပွားရေးပြပွဲတစ်ရပ်ကို ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၄
ရက်နှင့် ၁၅ ရက်နေ့တို့တွင် နေပြည်တော်၌ ကျင်းပခဲ့ပါသည်။
ထိုသို့
အစိုးရနှင့်ဝန်ကြီးဌာနတို့၏ ဆောင်ရွက်ချက်များနှင့် စီမံကိန်းများ၏ အနှစ်သာရကို ပြည်သူ
များ ဗဟုသုတရရှိစေရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များကို ကျယ်ကျယ်ပြန့်ပြန့်
နားလည်သဘောပေါက်ပြီး မိမိကိုယ်တိုင် မြှင့်တင်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်ကာ မဲခေါင်-လန်ချန်း
ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဗဟုသုတပြန့်ပွားရေးပြပွဲကို ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။
အဆိုပါပြပွဲတွင် ဝန်ကြီးဌာနစုစုပေါင်း ၁၅ ခုက ပူးပေါင်းပါဝင်ကာ ၎င်းတို့ အကောင်အထည်ဖော်
ဆောင်ရွက်ပြီးစီးခဲ့သည့် စီမံကိန်းများနှင့်စပ်လျဉ်း၍ သိမှတ်ဖွယ်ရာအဖြာဖြာတို့ကို မှတ်တမ်းဓာတ်ပုံ၊
ဗီဒီယိုနှင့် စာအုပ်စာတမ်းများဖြင့် ဝေဝေဆာဆာ ခမ်းနားကြီးကျယ်စွာ ပြည်သူလူထုအား ခင်းကျင်းပြသခဲ့ကြပါသည်။
ထို့အပြင်
ယှဉ်တွဲနေထိုင်ခြင်း၊ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းတို့ကြောင့် ရရှိလာသည့် အကျိုးဆက်များနှင့်ပတ်သက်ပြီး
တိုင်းပြည်၏အနာဂတ်ဖြစ်သော မျိုးဆက်သစ်လူငယ်များအနေဖြင့် နားလည်ထားမည်ဆိုပါက နောင်အနာဂတ်တွင်
ယခုထက်ပိုမို ပြည့်စုံသည့် ဆောင်ရွက်ချက်များကို အကောင်အထည် ဖော်နိုင်ကြလိမ့်မည်ဟုလည်း
ယုံကြည်မိပါသည်။ ထို့ကြောင့် လူငယ်များ၏ မဲခေါင်ဒေသအပေါ်သိမြင်မှု၊ မဲခေါင်-လန်ချန်း
ပူးပေါင်းဆောင်ရွက်မှုအပေါ် သဘောပေါက်နားလည်မှု၊ စိတ်ပါဝင်စားခြင်း တိုးတက်လာစေရန်
ဆွဲဆောင်မှုရှိသည့် အစီအစဉ် တစ်ရပ်အနေဖြင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတစ်ရပ်ကိုလည်း ငွေအား၊
လူအား၊ အကြံဉာဏ်အားများ စိုက်ထုတ်၍ ထည့်သွင်းကျင်းပခဲ့ပါသည်။
အဆိုပါပြိုင်ပွဲအား
နေပြည်တော်ကောင်စီနယ်မြေရှိ အထက်တန်းကျောင်း ၁၀ ကျောင်းမှ ကျောင်းသား ကျောင်းသူ ၅၀
နှင့် တာဝန်ခံဆရာ ဆရာမ ၁၀ ဦး စုစုပေါင်း ပြိုင်ပွဲဝင်အင်အား
၆၀ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပါသည်။ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းများမှာ အမှတ်
(၁) အခြေခံပညာအထက်တန်းကျောင်း (ပျဉ်းမနားမြို့)၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း
(လယ်ဝေးမြို့)၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း(တပ်ကုန်းမြို့)၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း
(ပုဗ္ဗသီရိမြို့)၊ အမှတ်(၅) အခြေခံပညာအထက်တန်း ကျောင်း (ပျဉ်းမနားမြို့)၊ အမှတ်(၆)
အခြေခံပညာ အထက်တန်းကျောင်း(ဇမ္ဗူသီရိမြို့)၊ အမှတ်(၇)အခြေခံ ပညာအထက်တန်းကျောင်း(ဇမ္ဗူသီရိမြို့)၊
အမှတ် (၁၈) အခြေခံပညာအထက်တန်းကျောင်း (ဒက္ခိဏ သီရိမြို့)နှင့် အမှတ်(၁၂) အခြေခံပညာအထက်တန်း
ကျောင်း(ဥတ္တရသီရိမြို့)တို့ ဖြစ်ကြပါသည်။
မဲခေါင်မြစ်ဝှမ်းဒေသနှင့်
ပတ်သက်သည့် အခြေခံသမိုင်းကြောင်းဗဟုသုတများ၊ မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှုယန္တရားအောက်မှ
အကောင်အထည်ဖော်လျက်ရှိသည့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာစီမံကိန်းများနှင့်
ပတ်သက်သည့် မေးခွန်းများအား အသင်းလိုက် အမှတ်ပေးစနစ်ဖြင့် ယှဉ်ပြိုင်ခဲ့ကြပြီး အမှတ်(၁)
အခြေခံပညာ အထက်တန်းကျောင်း (လယ်ဝေးမြို့) အသင်းမှ ပထမဆု၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း(ပျဉ်းမနားမြို့)
အသင်းမှ ဒုတိယဆုနှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း(တပ်ကုန်းမြို့)အသင်းမှ တတိယဆုတို့ကို
အသီးသီး ဆွတ်ခူးရရှိခဲ့ပါသည်။ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့သည်
ကျောင်းသားများ ဗဟုသုတရရှိစေသည့်အပြင် ပျော်ရွှင်ကြည်နူးမှုများပါ ရရှိစေရန်အတွက် ပထမဆု
ကျပ် ငါးသိန်း၊ ဒုတိယဆု ကျပ် သုံးသိန်း၊ တတိယဆု ကျပ် နှစ်သိန်းနှင့် ကျန်အသင်းအားလုံးကို
နှစ်သိမ့်ဆုအဖြစ် ကျပ် တစ်သိန်းစီ ချီးမြှင့်ခဲ့ပါသည်။ ဤသို့ ဉာဏ်စမ်းပြိုင်ပွဲ ဖြစ်စေရန်
ဝိုင်းဝန်းကူညီပေးခဲ့သော ပညာရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော် ကျောင်းများမှ
တာဝန်ရှိသူများ၊ ကြီးကြပ်သူ ဆရာ ဆရာမများ၊ အားတက်သရော ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ကျောင်းသူ
ကျောင်းသားများကို အထူးပင်ကျေးဇူးတင်ပါသည်။
စာရှုသူများအနေဖြင့်လည်း
ကျောင်းသား ကျောင်းသူလူငယ်များ အားကြိုးမာန်တက် ကြိုးစား၍ ဖြေဆိုခဲ့ကြသည့် ပဟေဠိမေးခွန်းများအနက်
အောက်ပါမေးခွန်းများကို ဖြေဆိုကြည့်လိုပါက ဖြေဆိုကြည့်ပြီး နောက်နေ့ထုတ်သတင်းစာတွင်
ပဟေဠိမေးခွန်းများ၏အဖြေမှန်များအား ပြန်လည် ကြည့်ရှုခြင်းဖြင့် စာရှုသူများ၏ မဲခေါင်-လန်ချန်း
ပူးပေါင်းဆောင်ရွက်မှုနှင့်စပ်လျဉ်းသည့် ဗဟုသုတအား တိုင်းတာကြည့်ရှုနိုင်ပါသည်။
(၁) မဲခေါင်-လန်ချန်း
ပူးပေါင်းဆောင်ရွက်ရေး အထိမ်းအမှတ်ပစ္စည်းသည် (က) ခြောက်နိုင်ငံ လက်ဆွဲနှုတ်ဆက်နေသည့်ပုံ
(ခ) လှော်တက် (ဂ) ငါးဖမ်းလှေဖြစ်သည်။
(၂) ပထမအကြိမ်
မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးကို ၂၀၁၆
ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် တရုတ်နိုင်ငံ (က) ပေကျင်း မြို့ (ခ) နန်နင်းမြို့ (ဂ) ဆန်းယမြို့တို့၌
ကျင်းပခဲ့ပါသည်။
(၃) မဲခေါင်-လန်ချန်း
ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးတွင် အတည်ပြုခဲ့သော “ပူးပေါင်းဆောင်ရွက်မှု
ငါးနှစ်တာလုပ်ငန်းအစီအစဉ် ၂၀၁၈-၂၀၂၂ (MLC Five-Year Plan of Action 2018-2022) အရ 3+5
မူဘောင်ကို 3+5+X မူဘောင်အဖြစ် တိုးချဲ့ခဲ့ရာတွင် X တွင် ပါဝင်သည့် ကဏ္ဍများအနက် သုံးခုကို
ဖော်ပြပါ။
မြန်မာနိုင်ငံမဟာဗျူဟာနှင့်
နိုင်ငံတကာလေ့လာ ရေးအဖွဲ့သည် အထက်ပါ မဲခေါင်-လန်ချန်းဒေသဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်ပြီး
မြန်မာပြည်သူများအကြား အထူးသဖြင့် ကျောင်းသားလူငယ်များအတွင်း ဗဟုသုတပြန့်ပွားစေရန်
ကြိုးပမ်းအကောင် အထည်ဖော် ဆောင်ရွက်ပေးခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ပေးခဲ့ခြင်းဖြင့်
အနာဂတ်ခေါင်းဆောင်များဖြစ်သော ကျောင်းသားလူငယ်များအကြား လွတ်လပ်စွာ တွေးခေါ်ဆင်ခြင်နိုင်စွမ်းနှင့်
ဗဟုသုတ ပြန့်ပွားစေခြင်းဟူသည့် စိတ်ဓာတ်မြှင့်တင် တည်ဆောက်နိုင်မှုကို Think Tank ဟူသော
လွတ်လပ်စွာတွေးခေါ်ဆင်ခြင်နိုင်ပြီး လွတ်လပ်စွာ ဖွဲ့စည်းတည်ဆောက်ထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့်
မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့မှ ၎င်း၏အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ဖြည့်ဆည်းပေးနိုင်ခဲ့ပါသည်။
‘ယနေ့လူငယ် နောင်ဝယ်လူကြီး’ဖြစ်သည့် နိုင်ငံ့အနာဂတ် ရင်သွေးမောင်မယ်များအတွက် မြန်မာနိုင်ငံမဟာဗျူဟာနှင့်
နိုင်ငံတကာလေ့လာရေးအဖွဲ့အနေဖြင့် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ်
ဆက်လက်ပြီး စွမ်းစွမ်းတမံ ဖြည့်ဆည်းပေးဆပ်သွားပါမည်ဟု သန္နိဋ္ဌာန်ပြုလိုက် ရပါတော့သည်။
ပဟေဠိအဖြေမှန်များ
၁။ (ခ) လှော်တက်
၂။ (ဂ)
ဆန်းယမြို့
၃။ ကျန်းမာရေးကဏ္ဍ၊
ပညာရေးကဏ္ဍ၊ ခရီးသွားလုပ်ငန်းကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ၊ အကောက်ခွန်ကဏ္ဍ၊ သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးကဏ္ဍ၊ သစ်တောကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍ၊ လျှပ်စစ်နှင့် စွမ်းအင် ကဏ္ဍ၊ သတင်းမီဒီယာကဏ္ဍ
ကိုးကားစာရင်း
- မဲခေါင်-လန်ချန်း
ပူးပေါင်းဆောင်ရွက်မှု “ဖွံ့ဖြိုးတိုးတက်မှုအတွက် မြစ်တစ်စင်းရဲ့ မိသားစု” (မဲခေါင်-လန်ချန်း
ပူးပေါင်းဆောင်ရွက် မှု ညှိနှိုင်းကွပ်ကဲရေးအဖွဲ့ (မြန်မာ))

No comments:
Post a Comment