နေပြည်တော် အောက်တိုဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၌ အောက်တိုဘာ ၇ ရက်နှင့်
ယနေ့တို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ပဲခူးမြစ်ရေသည် စိုးရိမ်ရေအမှတ်၊ ၈၈၀
စင်တီမီတာအထက် ၆၈ စင်တီမီတာ(၂ ပေခန့်)အထိ မြင့်တက်မှုကြောင့် ပဲခူးမြို့ပေါ်ရှိ
ရပ်ကွက်(၈)ခုနှင့် ကျေးရွာ(၂)ခုတို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည်။
အဆိုပါရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့်နေရာများသို့
ယနေ့တွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ကွပ်ကဲမှုအောက်ရှိ နယ်မြေခံတပ်မတော်သားများ၊
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက
သွားရောက်၍ ရေဘေးသင့်ပြည်သူများအား ယာယီကယ်ဆယ်ရေးစခန်းများသို့
ရွှေ့ပြောင်းကူညီပေးပြီး လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့်
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်နေမှုများကို ပဲခူးတိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် ပဲခူးတပ်နယ်မှ
တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး ထမင်းဗူးများနှင့် ထောက်ပံ့ငွေများ
ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment