နေပြည်တော် အောက်တိုဘာ ၅
အရည်အသွေးစစ်ဆေးခြင်းနှင့် အကြိုကွင်းဆင်း၍ ဖြစ်တန်စွမ်းလေ့လာခြင်းဆိုင်ရာ အသိပညာနှီးနှော ဖလှယ်ဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးအမှတ် (၃၆)၌ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ပြီးပြည့်စုံစွာ ဆောင်ရွက်ထားရန်လို
ဦးစွာ ဒုတိယဝန်ကြီးက ပြည်သူများအတွက် ဆောင်ရွက်ပေးနေသည့် အကျိုးပြုလုပ်ငန်းများသည် အရည်အသွေးပိုင်းဆိုင်ရာ အာမခံချက်ရှိရေး အလွန်အရေးကြီးပြီး ဒေသ၏မြေပြင်အခြေအနေနှင့် ကိုက်ညီမှုရှိစေရေး၊ ပြည့်စုံမှန်ကန်မှုရှိစေရေး၊ အမှန်တကယ်အကျိုးရှိ ထိရောက်မှုဖြစ်စေရေးတို့အတွက် အကြိုကွင်းဆင်းကာ ဖြစ်တန်စွမ်းလေ့လာမှုကို ပြီးပြည့်စုံစွာ ဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း၊ ဦးစီးဌာနတစ်ခုချင်းအလိုက် အားနည်းချက်၊ အားသာချက်၊ တွေ့ရှိသုံးသပ်အကြံပြုချက်များ ကွဲပြားနိုင်ပြီး Knowledge Sharing လုပ်ပေးခြင်းဖြင့် အားသာချက်များ ပေါင်းစည်း၍ အားနည်းချက်များ လျှော့ချနိုင်မည် ဖြစ်ပါကြောင်း။
တည်ဆောက်ရေးလုပ်ငန်းများ မြေပြင်လိုအပ်ချက်နှင့် ကိုက်ညီသော ဒီဇိုင်းရရှိရေး အကြိုကွင်းဆင်း စစ်ဆေးခြင်းအပိုင်းသည် အရေးကြီးပြီး သတ်မှတ်ဒီဇိုင်းအတိုင်း အရည်အသွေးပြည့်မီအောင် ဆောင်ရွက်နိုင်ရေး အရည်အသွေးစစ်ဆေးခြင်းအပိုင်းသည်လည်း အရေးကြီးသဖြင့် အဆိုပါလုပ်ငန်း နှစ်ခုလုံးကို စနစ်တကျဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူအကျိုးပြုလုပ်ငန်းများကို အကျိုးရှိထိရောက်စွာဖြင့် အရည်အသွေးပြည့်ဝရေးအတွက် ဌာနအချင်းချင်း ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ရန်နှင့် လုပ်ငန်းများအား QC နှင့် FS ပိုင်းဆိုင်ရာများကို အလေးထားဂရုပြုဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။
ရှင်းလင်းဆွေးနွေး
ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ တည်ဆောက် ရေးလုပ်ငန်းများအတွက် နည်းပညာပိုင်းဆိုင်ရာများကို ဖြည့်စွက်ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်အောင်က ကျေးလက်လမ်း၊ တံတားလုပ်ငန်းများ အတွက် Quality Control ပိုင်းဆိုင်ရာများကိုလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မီမီထွေးက ကျေးလက်အခြေခံအဆောက်အအုံများအတွက် အကြိုကွင်းဆင်းဆောင်ရွက်ခြင်းနှင့် အကာအကွယ်ဆိုင်ရာ စစ်ဆေးခြင်းများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးကြပြီး အသိပညာများ မျှဝေခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment