Friday, September 1, 2023

နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၅)ဖွဲ့ (ALP၊ DKBA ၊ KNU/KNLA-PC ၊ LDU၊ PNLO)၏ ကိုယ်စားလှယ်အဖွဲ့တို့တစ်ဖွဲ့ချင်း သီးခြားစီတွေ့ဆုံဆွေးနွေးပြီး တတိယနေ့တွေ့ဆုံဆွေးနွေးပွဲ ဆက်လက်ကျင်းပ

 


နေပြည်တော် ဩဂုတ် ၃၁

နိုင်ငံတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့သည် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)ဥက္ကဋ္ဌ စောမြရာဇာလင်း ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) စစ်ကွပ်ကဲရေးမှူးအဆင့်ရှိ စောဘညိမ်းအောင် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌဒေါက်တာနော်ကပေါ်ထူး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)ဒုတိယဥက္ကဋ္ဌကျာဖူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)ဥက္ကဋ္ဌ ခွန်သူရိန်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့နှင့် ယနေ့နံနက်ပိုင်းတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ တစ်ဖွဲ့ချင်း သီးခြားစီလက်ခံတွေ့ဆုံသည်။ ထိုသို့ တွေ့ဆုံရာတွင် တစ်ဖွဲ့ချင်းစီ၏ တင်ပြချက်များ၊ ဒေသလုံခြုံရေး၊ တည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ နှစ်ဖက်အပြန်အလှန် ရင်းနှီးပွင့်လင်းစွာဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

တတိယနေ့ကျင်းပ

မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ()ဖွဲ့ (ALP DKBA KNU/KNLA-PC LDU PNLO) ၏ ကိုယ်စားလှယ်အဖွဲ့တို့သည် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာနအစည်းအဝေးခန်းမ၌ တတိယနေ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအား ဆက်လက်ကျင်းပပြုလုပ်သည်။

တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင်ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှဥက္ကဋ္ဌ စောမြရာဇာလင်း၊ KNU/ KNLA ငြိမ်းချမ်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌဒေါက်တာနော်ကပေါ်ထူး၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) ဒုတိယဥက္ကဋ္ဌကျာဖူး၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)ဥက္ကဋ္ဌခွန်သူရိန်၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)မှ စစ်ကွပ်ကဲရေးမှူးအဆင့်ရှိ စောဘညိမ်းအောင်တို့ ဦးဆောင်သည့် ငြိမ်းချမ်းရေး ဆွေးနွေးရေးကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အတည်ပြုလက်မှတ်ရေးထိုး

တွေ့ဆုံဆွေးနွေးပွဲတွင် သုံးရက်တာ ဆွေးနွေးညှိနှိုင်းချက်များအရ အပြီးသတ်ရရှိသည့် သဘောတူညီချက်များကို အတည်ပြုလက်မှတ်ရေးထိုးပြီး အပြန်အလှန်လဲလှယ်ခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များကိုယ်စား ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)ဥက္ကဋ္ဌ စောမြရာဇာလင်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့က နိဂုံးချုပ်အမှာစကားများ ပြောကြားပြီးနောက် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment