Friday, September 1, 2023

ရထားဥဩသံညံစေချင် တို့မြန်ပြည်တစ်ခွင်

 

ညီညီ(ရထား)

(ယမန်နေ့မှအဆက်)

စက်မှုနှင့် လျှပ်စစ်အင်ဂျင်နီယာဌာနသည် စက်မှုနှင့်လျှပ်စစ်ပိုင်းဆိုင်ရာ အင်ဂျင်နီယာ ဘာသာရပ်များ အထူးပြုဘွဲ့၊ ဒီပလိုမာ၊ ကျွမ်းကျင်လက်မှတ်ရရှိထားသည့် ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားရှိပြီး စက်ခေါင်း/တွဲများ ပြုပြင်မွမ်းမံထိန်းသိမ်းခြင်း၊ တည်ဆောက်ခြင်း၊ လျှပ်စစ်ပိုင်းဆိုင်ရာ လုပ်ငန်းများ တာဝန်ယူဆောင်ရွက်ခြင်း၊ စက်ခေါင်းမောင်းနှင့် တွဲထိန်းများကို ကြီးကြပ်စီမံဆောင်ရွက် ခြင်းပြုရပါသည်။

မြို့ပြအင်ဂျင်နီယာဌာနသည် မြို့ပြအင်ဂျင်နီယာဆိုင်ရာ ဘာသာရပ်များအထူးပြုဘွဲ့၊ ဒီပလိုမာ၊ ကျွမ်းကျင်လက်မှတ်ရရှိထားသည့် ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားရှိပြီး ရထားလမ်း၊ တံတားနှင့် အဆောက်အအုံများ ထိန်းသိမ်းပြုပြင်ခြင်းနှင့် အသစ်တည်ဆောက်ခြင်း၊ ကွန်ကရစ်ဇလီဖားနှင့် တံတားပေါင်များ ထုတ်လုပ်ခြင်း၊ လမ်းပိုင်းအသစ်များ ဖောက်လုပ်ရာတွင် လမ်းအူကြောင်း တိုင်းတာရှာဖွေခြင်း၊ ဒီဇိုင်းရေးဆွဲထုတ်လုပ်ခြင်း၊ တည်ဆောက်ခြင်းများကို တာဝန်ယူဆောင်ရွက်ရပါသည်။

ရထားပြေးဆွဲရေးလုပ်ငန်းအပေါ် ပံ့ပိုးကူညီပေးရသည့် ဌာနကြီးရှစ်ခုအနက် စစ်ဆေးရေးဌာနသည် ဌာနအသီးသီးက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြသည့် လုပ်ငန်းများအပေါ် ချမှတ်ထားသည့် မူဝါဒ၊ စည်းမျဉ်းစည်းကမ်းများနှင့်ကိုက်ညီမှု ရှိ/မရှိ၊ ပစ္စည်း/ငွေကြေးများလေလွင့် ဆုံးရှုံးမှုမဖြစ်ပေါ်စေရေး၊ စွမ်းအားစုများကို ထိရောက်စွာ အသုံးချနိုင်ရေးတို့အတွက် စစ်ဆေးကြပ်မတ်ခြင်း၊ အကြံပြုခြင်းများကို ဆောင်ရွက်ပါသည်။

စီမံကိန်းနှင့်အုပ်ချုပ်ရေးဌာနသည် အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးကိစ္စများ၊ နိုင်ငံတကာ ချေးငွေ၊ နည်းပညာအကူအညီများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများအပေါ် စီမံချက်ရေးဆွဲခြင်းနှင့် စောင့်ကြည့်ခြင်း၊ ပြည်သူလူထုအား ဆက်သွယ်ပြန်ကြားရေးကိစ္စများ၊ ဝန်ထမ်းရေးရာနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ပါသည်။

မြန်မာ့မီးရထား၏ ရထားလမ်းကွန်ရက် တစ်လျှောက်ခွဲခြားထားသည့် တိုင်းနယ်မြေအလိုက် အထွေထွေစီမံခန့်ခွဲခြင်းနှင့် ကြီးကြပ်ခြင်းများပြုလုပ်နိုင်ရန် အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည် အုပ်ချုပ်ရေးဌာနနှစ်ခုကိုလည်း တာဝန်ပေးအပ် ဖွဲ့စည်းထားပါသည်။ စီးပွားရေးဌာနသည် စျေးကွက်စီးပွားရေးစနစ်နှင့်အညီ ခရီးသည်နှင့်ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းကို ကြီးကြပ်ကွပ်ကဲခြင်း၊ ဝင်ငွေတိုးတက် ရရှိရေးအတွက် ရထားပိုင်မြေများအသုံးချ၍ ဝင်ငွေရှာဖွေခြင်းလုပ်ငန်းများကို ဆောင်ရွက်ပါသည်။

ဘဏ္ဍာရေးဌာနသည် နိုင်ငံတော်ကသတ်မှတ်ထားသည့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ ဝင်ငွေ၊ ထွက်ငွေများအပေါ် ကြီးကြပ်ခြင်း၊ အသုံးစရိတ်များ စနစ်တကျ ထုတ်ပေးခြင်း၊ ဝန်ထမ်းများ၏ လစာနှင့်စရိတ်အား စီမံဆောင်ရွက်ပေးခြင်း၊ နှစ်စဉ်အရှုံး/အမြတ် စာရင်းပြုစုခြင်း စသည်တို့ကို ဆောင်ရွက်ပါသည်။ ထောက်ပံ့ဌာနသည် ဌာနအသီးသီးက အသုံးပြုရန်လိုအပ်သော ပစ္စည်းများကို ပြည်တွင်း/ပြည်ပမှမှာယူခြင်း၊ သိုလှောင်ထိန်းသိမ်းခြင်း၊ ဖြန့်ဖြူးပေးခြင်းတို့ကိုဆောင်ရွက်ပြီး ဆေးဌာနသည် ရထားလိုက်ဝန်ထမ်းများအား သတ်မှတ်ချက်နှင့်အညီ ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ခြင်း၊ ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ရထားစီးခရီးသွားပြည်သူများ၏အရေးပေါ် ရှေးဦးကုသမှုရရှိရေး ထောက်ပံ့ဆောင်ရွက်ပေးခြင်းတို့ ပြုလုပ်ပါသည်။

ပြည်ထဲရေးဝန်ကြီးဌာနကတွဲဖက်ထားသည့် ရထားရဲတပ်ဖွဲ့အနေဖြင့် ခရီးသည်နှင့် ကုန်စည်များ ဘေးအန္တရာယ်ကင်းစွာ လိုရာခရီးသို့ ရောက်ရှိရေး လုံခြုံမှုပေးခြင်း၊ ရထားပိုင်ပစ္စည်းများ ပျက်စီး ပျောက်ဆုံးမှုမရှိစေရေး၊ ရထားနယ်မြေအတွင်းမှုခင်းများ မဖြစ်ပွားစေရေး ကာကွယ်စောင့်ရှောက်မှု ပေးခြင်းတို့ ဆောင်ရွက်ပါသည်။

အလျဉ်းသင့်၍ ရထားတစ်စင်း ပြေးဆွဲနိုင်ရေးအတွက် သက်ဆိုင်ရာဌာနအသီးသီးရှိ ဝန်ထမ်းများက ကိုယ်စီတာဝန်ယူ ဆောင်ရွက်ကြမှုများကို အကျဉ်းမျှမိတ်ဆက်တင်ပြလိုပါသည်။ မီးရထားတစ်စင်းထွက်ခွာနိုင်ရန် ဆောင်ရွက်ရသော အဆင့်များစွာရှိပါသည်။ အဓိကကျသည့် ဌာနကြီးသုံးခု ဖြစ်သောသွားလာ၊ စက်မှု၊ မြို့ပြဌာနများမှ ဝန်ထမ်းအသီးသီးတို့က ညီညွတ်စွာနှင့် ဟန်ချက်ညီညီ ဆောင်ရွက်ကြရပါသည်။ မိမိအဆင့်အလိုက်၊ လုပ်ငန်းတာဝန်အလိုက် လုပ်ဆောင်ရမည့်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်ရန် လိုပါသည်။

ဝန်ထမ်းအသီးသီးသည် သက်ဆိုင်ရာကိုယ်စီတာဝန်ကို ထမ်းဆောင်နိုင်ရန် ကနဦးအစတွင် ပညာရပ်ဆိုင်ရာသင်တန်းများကို အချိန်ကာလတစ်ခုအကြာ သင်ကြားလေ့ကျင့်ရခြင်း၊ လုပ်ငန်းခွင် အကြိုလေ့လာမှုများပြုလုပ်ရခြင်း၊ အတွေ့အကြုံပေါ်မူတည်၍ ဆင့်ကဲရာထူး တိုးမြှင့်ထမ်းဆောင် ရခြင်းများ ပြုလုပ်ရပါသည်။ ထိုသို့ဆောင်ရွက်နိုင်မှသာလျှင် ရထားတစ်စင်းသည် ခရီးစဉ်အစ၊ အလယ်၊ အဆုံးချောမောစွာပြေးဆွဲနိုင်ပြီး ခရီးသွားပြည်သူများနှင့် ကုန်စည်များကို ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် လိုရာခရီးကို ပို့ဆောင်နိုင်မည်ဖြစ်ပါသည်။

ရထားတစ်စင်းထွက်ခွာနိုင်ရန် ဆောင်ရွက်ရသည့် လုပ်ငန်းဆောင်တာများ

ရထားတစ်စင်းထွက်ခွာနိုင်ရေးအတွက် စက်မှုဌာနမှ ဝန်ထမ်းများသည် ရထားစက်ခေါင်းအား စက်ခေါင်းစက်ရုံသို့သွင်း၍ ကြံ့ခိုင်မှုများစစ်ဆေးခြင်း၊ ဆီဖြည့်ခြင်းများ ပြုလုပ်ရပါသည်။ စက်ခေါင်း တစ်ခေါင်းအား နေ့စဉ်စစ်ဆေးခြင်း၊ ခုတ်မောင်းချိန်နာရီအလိုက် စစ်ဆေးခြင်းနှင့် အကြီးတန်းပြုပြင် စစ်ဆေးခြင်းစသည်တို့ကို တာဝန်ယူပြုလုပ်ကြရပါသည်။ အလှည့်ကျ စက်ခေါင်းမောင်း (စက်ဗိုလ်)နှင့် လက်ထောက် စက်ခေါင်းမောင်း (မီးထိုး/ဆီလောင်း)တို့သည် ရထားမထွက်ခွာမီ မိနစ် ၄၀ အလိုတွင် စက်ခေါင်းရှိရာသို့ ရောက်ရှိပြီး လက်ခံမှုပြုလုပ်ရပါသည်။

အလားတူတွဲပြင်ဌာနမှ တာဝန်ရှိသူများသည် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးဌာနများက တောင်းခံထားသည့် တွဲအမျိုးအစားနှင့် အရေ အတွက်များအတိုင်း တွဲစီယာဒ်ဝင်းအတွင်း တွဲဆိုင်းဖွဲ့ဆင်မှုကို ကြိုတင်ဆောင်ရွက်ရပြီး တွဲသန့်ရှင်းရေး ပြုလုပ်ခြင်း၊ တွဲအောက်ပိုင်းကြံ့ခိုင်ရေး စစ်ဆေးခြင်းများပြုလုပ်ကာ ရထားထွက်ခွာမည့် အချိန်မတိုင်မီ တစ်နာရီခန့်အလိုတွင် တွဲရွှေ့စက်ခေါင်းနှင့် ချိတ်ဆက်၍ ဘူတာအတွင်း ပြေးလမ်းပေါ်သို့ ပို့ဆောင်ပေးထားရပါသည်။ ထိုသို့ပြင်ဆင်ထားသည့် တွဲဆိုင်းကို အသင့်ပြင်ဆင်ထားသည့် စက်ခေါင်းမှ လာရောက်ချိတ်ဆက် ဆောင်ရွက်ရပါသည်။

ဘူတာတွင်ထွက်ခွာရန် ပြင်ဆင်ထားသောရထားအား စက်ဗိုလ်(စက်ခေါင်းမောင်း)နှင့် ဂတ်ဗိုလ်(ရထားထိန်း)တို့ ပူးပေါင်းပြီး တွဲဆိုင်းကို စစ်ဆေးခြင်း၊ လေဘရိတ်(သို့မဟုတ်)လေဟာ ဘရိတ် စသည်ဖြင့် ပါဝါရရှိမှုတို့ကို စစ်ဆေးကာရထားထွက်ခွာနိုင်ရေး ပြင်ဆင်ဆောင်ရွက်ကြရပါသည်။ အားလုံးပြည့်စုံပြီးနောက် သတ်မှတ်အချိန်တွင် ခရီးသည်များအား ဝင်ခွင့်ပေးပြီး နေရာယူစေပါသည်။ သွားလာရေးဌာနမှ ရုံပိုင်သည် ရထားမထွက်ခွာမီ ပထမဦးဆုံး ဆိုက်ရောက်မည့်ဘူတာသို့ ရထားအား လက်ခံနိုင်ခြင်း ရှိ/မရှိမေးမြန်း၍ လမ်းရှင်းတောင်းခံပြီးရထားအား သတ်မှတ်အချိန် ထွက်ခွာနိုင်ရန် ဆောင်ရွက်ကြရပါသည်။

မြို့ပြဌာနမှ ဇာဝီလှည့်(လမ်းလျှောက်) ဝန်ထမ်းများသည် ယင်းအားသတ်မှတ်တာဝန်ပေးထားသည့် လေးမိုင်ရှိသော ရထားလမ်းပိုင်းကို သံလမ်း၊ ဇလီဖား၊ လမ်းခင်းကျောက်များ ပုံမှန်ဖြစ်/မဖြစ်၊ သံလမ်းထိန်းကလစ်များ ပြည့်စုံမှု ရှိ/မရှိ၊ သံလမ်း ကြံ့ခိုင်မှု တစ်စုံတစ်ရာလျော့နည်းနေခြင်း ရှိ/မရှိတို့ကို နေ့စဉ်နံနက်စောစောတွင် အသွားအပြန် စစ်ဆေးမှုပြုလုပ်ရပါသည်။ လမ်းပိုင်းအလိုက် တာဝန်ကျ အငယ်တန်းအင်ဂျင်နီယာ(သံလမ်း)များသည် ရထားလမ်းနှင့်တံတားများ၏ ကြံ့ခိုင်မှုအနေအထား ပေါ်မူတည်၍ ဖြတ်သန်းခွင့်ပြု/မပြုနှင့် ဖြတ်သန်း သင့်သောမိုင်နှုန်းများ စိစစ်သတ်မှတ်ပေးရပါသည်။

ရထားမောင်းနှင် ထွက်ခွာနေစဉ်အတွင်းမှာလည်း သွားလာပို့ဆောင်ရေးဌာန၏ ရထားကြီးကြပ်ရေးရုံးများက သက်ဆိုင်ရာ နယ်မြေအလိုက် ရထားသွားလာမှုများကို တိုက်ရိုက် ကြီးကြပ်စောင့်ကြည့်ပြီး မှတ်တမ်းတင်ခြင်း၊ ရထားလမ်းတစ်ခုတည်းပေါ်တွင် ပြေးဆွဲနေသော ရထား တစ်စင်းနှင့်တစ်စင်း ဘူတာများ၌ဆုံခြင်း၊ ကျော်ခြင်းများကို ထိန်းသိမ်းဆောင်ရွက်ခြင်း၊ သတ်မှတ် ရထားအချိန်ဇယားများအတိုင်း မှန်ကန်စေရန် ထိန်းညှိပေးခြင်းတို့ကို ဆောင်ရွက်ကြရပါသည်။

ရထားတစ်စင်းပြေးဆွဲမှုအတွက် ဌာနအလိုက် အသီးသီးတာဝန်ယူ ဆောင်ရွက်ကြရသကဲ့သို့ ဝန်ထမ်းများ တစ်ဦးချင်းတစ်ယောက်ချင်းတိုင်းက ကျွမ်းကျင်မှုရှိစွာနှင့်တာဝန်ကျေပွန်စွာ ထမ်းဆောင် နိုင်ရေးမှာလည်း အထူးအရေးပါလှပါသည်။ ခရီးသည်များ၏ အသက်အန္တရာယ်ဘေးကင်းစွာဖြင့် လိုရာခရီးကို သတ်မှတ်ချိန်အမီ ရောက်ရှိနိုင်ရေး အတွက် ဂိတ်စောင့်၊ လမ်းခွဲကိုင်၊ လမ်းလျှောက်၊ တွဲစစ်၊ တွဲထိန်းအစရှိသော ဝန်ထမ်းများသည် ရာထူးပင်ငယ်လင့်ကစား အရေးကြီးတာဝန်ကို ထမ်းဆောင်နေကြသူများ ဖြစ်ကြပါသည်။

ယင်းတို့၏တာဝန်ဝတ္တရားများကို ပေါ့လျော့မှားယွင်းစွာ လုပ်ကိုင်မိလျှင် ရထားမတော်တဆ မှုများကြောင့် ခရီးသည်များနှင့် ဌာနပိုင်ပစ္စည်းများ ထိခိုက်ပျက်စီးနိုင်ဖွယ်ရှိပါသည်။ ရထားတစ်စင်း ပြေးဆွဲရန်အတွက် ယခုတင်ပြခဲ့သည့် လုပ်ဆောင်မှုများစွာရှိနေလေရာ ရထားအရေအတွက် များပြား လာသည်နှင့်အမျှ လူအင်အား၊ လုပ်ဆောင်မှုများစွာဖြင့် ဆောင်ရွက်ရမည်ကို တွေ့မြင်နိုင်မည် ဖြစ်ပါသည်။ ထိုသို့ရထားတစ်စင်းပြေးဆွဲနိုင်ရေးအတွက် ဌာနအသီးသီးမှ ဝန်ထမ်းအားလုံး၏ စည်းလုံး ညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ဇွဲရှိရှိဖြင့် အပင်ပန်းဆင်းရဲခံနိုင်မှုစသည့် မီးရထားဝန်ထမ်း စိတ်ဓာတ်ကောင်းများဖြင့် ဆောင်ရွက်မှုများမှာ အထူးအရေးပါလှပါသည်။

နိုင်ငံတော်အစိုးရ၏ လုပ်ငန်းလမ်းညွှန်မှုများ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တာဝန်ယူခဲ့သည့်အချိန်မှစ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌအနေဖြင့် ရထားပို့ဆောင်ရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိကအလေးထားပြီး နိုင်ငံတော်အဆင့် အခမ်းအနားများ၊ ညှိနှိုင်းအစည်းအဝေးများတွင် လည်းကောင်း၊ တာဝန်ရှိသူများအားလည်းကောင်း မကြာခဏတွေ့ဆုံလမ်းညွှန်မှုများ ပေးလျက်ရှိပါသည်။ မြန်မာ့ မီးရထား၏ စက်ရုံများ၊ ဘူတာကြီးများ၊ ရထားလမ်းစီမံကိန်းနယ်မြေများသို့ နိုင်ငံတော်အကြီးအကဲ သည် ခုနစ်ကြိမ်တိုင်တိုင် ကိုယ်တိုင်ကိုယ်ကျ ကွင်းဆင်းစစ်ဆေးခဲ့ပြီး အဆိုပါခရီးစဉ်များတွင် ရထားလမ်းများ ကြံ့ခိုင်ကောင်းမွန်စေရေး ပြုပြင်ထိန်းသိမ်းဆောင်ရွက်ရာ၌ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများအတိုင်း တိကျစွာလိုက်နာ၍ ရေရှည်အတွက် ဦးစားပေးစဉ်းစားဆောင်ရွက်ရန်၊ ရထားစက်ခေါင်းနှင့် တွဲများပြုပြင်ထိန်းသိမ်းခြင်း၊ တည်ဆောက်ခြင်း၊ ရထားလမ်းများပြုပြင်ထိန်းသိမ်း ခြင်းနှင့် ထပ်မံတိုးချဲ့ ဖောက်လုပ်ခြင်းလုပ်ငန်းများတွင် ပြည်တွင်းအင်ဂျင်နီယာပညာရှင်များကို အဓိကထားအသုံးပြု၍ နည်းပညာများ တိုးတက်အောင်ဆောင်ရွက်ရန်၊ အနာဂတ်တွင် လျှပ်စစ်ရထားများပြေးဆွဲနိုင်ရေး ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများဆောင်ရွက်ရန်၊ စက်ခေါင်းနှင့်တွဲများတည်ဆောက်ရေးအတွက် လိုအပ်သည့်ပစ္စည်းများ ပြည်ပမှဝယ်ယူနေမှုကို တဖြည်းဖြည်းလျှော့ချပြီး ပြည်တွင်း၌ ထုတ်လုပ်တည်ဆောက်နိုင်ရေးသုတေသနပြု၍ နည်းပညာများလေ့လာပြီး ကြိုးပမ်းဆောင်ရွက် သွားရန် စသည့် လမ်းညွှန်မှာကြားမှုများ ပြုလုပ်ခဲ့သည့်အပြင် လိုအပ်သည်များကိုလည်း ဖြည့်ဆည်း ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါသည်။

မြန်မာ့မီးရထားဌာနသည် ပြည်သူကိုဝန်ဆောင်မှုပေးရသည့် လုပ်ငန်းဌာနကြီးဖြစ်သည်နှင့်အညီ ရထားစီးခရီးသည်များ ဘေးအန္တရာယ်ကင်းရှင်းပြီးလိုရာခရီးသို့ စိတ်ချမ်းမြေ့စွာ သွားလာနိုင်ရေး အတွက်သာမက နိုင်ငံနှင့်တစ်ဝန်း မြေပြန့်၊ တောင်တန်း၊ တစ်ဒေသနှင့်တစ်ဒေသ သွားလာကူးလူး ဆက်ဆံမှုကို အထောက်အပံ့ဖြစ်စေပါသည်။ ထို့ပြင် တစ်ချိန်တည်းတွင် ကုန်စည်အများအပြားကို အချိန်တိုအတွင်း ဈေးနှုန်းသက်သာစွာဖြင့် ပို့ဆောင် ပေးနေခြင်းကြောင့် ပြည်သူများ၏ လူသုံးကုန်၊ စားသောက်ကုန်များ နေရာဒေသမခွဲခြားဘဲများစွာ ကွာခြားမှုမရှိသည့် ဈေးနှုန်းဖြင့် ရောင်းဝယ်ဖောက် ကားနိုင်ရေးကိုလည်း အထောက်အကူဖြစ်စေသည့်အပြင် နိုင်ငံတစ်ဝန်း ကုန်ဈေးနှုန်း တည်ငြိမ်မှုကို အထိုက်အလျောက် ပံ့ပိုးပေးလျက်ရှိပါသည်။

ထို့ကြောင့် အနာဂတ်ကာလများတွင်လည်း ခရီးသွားပြည်သူများအား ကောင်းမွန်ပြည့်စုံသည့် ဝန်ဆောင်မှုများပေးနိုင်ရန် ခေတ်စနစ်နှင့်အညီ ရထားပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာပြီး မြန်ပြည်တစ်ခွင် ရထားဥဩသံ ညံစေချင်သည့် စိတ်စေတနာကောင်းဖြင့် ရထားဝန်ထမ်းအားလုံးက ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ စဉ်ဆက်မပြတ် အပတ်တကုတ်ကြိုးပမ်း ဆောင်ရွက်ကြစေလိုပါကြောင်းနှင့် မိဘပြည်သူအပေါင်းကလည်း ရထားမတော်တဆမှု မဖြစ်ပွားစေရေးနှင့် ရထားလမ်းကွန်ရက် တစ်လျှောက်ရှိ ရထားသံလမ်းနှင့် ဆက်စပ်ပစ္စည်း များ၊ အချက်ပြဆက်သွယ်ရေးနှင့် လျှပ်စစ်ပစ္စည်း များ၊ စက်ခေါင်းနှင့်တွဲများ၊ ဘူတာရုံအဆောက်အအုံများအစရှိသည့် အများပြည်သူပိုင် ပစ္စည်းများ ထိခိုက်ပျက်စီးဆုံးရှုံးမှု တစ်စုံတစ်ရာ မပေါ်ပေါက်စေရေးအတွက် ဝိုင်းဝန်းစောင့်ရှောက်ပေးကြပါရန်လည်း လေးနက်စွာတိုက်တွန်းအပ်ပါသည်။ ။

No comments:

Post a Comment