နေပြည်တော် ဩဂုတ် ၃၁
ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်ထားရှိသည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ ယနေ့ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့)တွင် အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်းရှင်လူဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
ထိုသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသည့် ဘုရားဖူးရဟန်း ရှင်လူပြည်သူများနှင့် ဘိုးဘွားများသည် ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာဇရပ်များ၊ မုစလိန္ဒကန်နှင့် နဂါးရုံဘုရား၊ ရေပန်းရင်ပြင်၊ မာရဝိဇယကျောင်းတော်၊ အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်ကြီး၊ သဒ္ဓါဓိပတိခေါင်းလောင်း တော်နှင့် ကျောက်စာရုံစေတီတော်များ အပါအဝင် အခြားဘာသာရေးဆိုင်ရာ အဆောက်အဦများနှင့် ဥယျာဉ်များကို စိတ်အေးချမ်းသာစွာဖြင့် ဖူးမြော် ကြည်ညိုလေ့လာခြင်း၊ တရားဘာဝနာပွားများခြင်းများ ဆောင်ရွက်၍ ကြည်ညိုသဒ္ဓါပွားများလျက် စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် အလှူငွေများကို ပေးအပ်လှူဒါန်းကြသည်။
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်းသံဃာများ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် သက်ကြီးဘိုးဘွားများအား ကျန်းမာရွှင်လန်းစွာဖြင့် ဖူးမြော်ကြည်ညို နိုင်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများကလိုအပ်သည့် ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များကလည်း လမ်းလျှောက်ရန် အခက်အခဲဖြစ်သည့် သက်ကြီးဘိုးဘွား များအား အဆင်ပြေစွာဖြင့် ဘုရားဖူးမြော် ကြည်ညိုနိုင်ရန် Wheel Chair များဖြင့် လိုက်လံပို့ဆောင်ပေးကာ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကြသည်။
အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်းရှင်လူအများပြည်သူများ အခမဲ့လာရောက်ဖူးမြော်ကြည်ညိုနိုင်ရန် ဘုရားဖူးလာပြည်သူများ အသက်သာဆုံးဖြစ်စေရေးနှင့် ဝင်ရောက်သူအားလုံးကို အခမဲ့ဝင်ရောက်ခွင့်ပေးသွားမည်ဖြစ်ကြောင်း၊ စက်တင်ဘာ ၄ ရက်မှ စတင်၍ဘုရားကြီးဝင်းအတွင်း ဝင်ရောက်ချိန်တွင် ကင်မရာပါသည့် ဖုန်း၊ အခြား ဗီဒီယိုမှတ်တမ်းများ ရိုက်ကူးခြင်းနှင့် အပျော်တမ်းကင်မရာ ရိုက်ကူးခြင်းများကိုသာ ထိုက်သင့်သည့် နှုန်းထားများဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း၊ ဘုရားကြီးဝင်းအတွင်း ဝင်ရောက်ရပ်နားသည့် ကိုယ်ပိုင်ယာဉ်ငယ်များ၏ ယာဉ်ရပ်နားခကိုလည်း ထိုက်သင့်သည့် ရပ်နားခနှုန်းထားများအတိုင်း ကောက်ခံသွားမည်ဖြစ်ကြောင်းနှင့် နေ့စဉ်နံနက် ၆ နာရီမှ ည ၈ နာရီအတွင်း ဖွင့်လှစ်ထားရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment