Friday, September 1, 2023

တိုင်းပြည်ကောင်းစေလိုသည့် စေတနာရှေးရှု

 


မိမိတိုင်းပြည်ကို မိမိအခြေမြှင့်မှ မိမိတို့ဘဝလည်း တိုးတက်ကောင်းမွန်လာမည်ဖြစ်သည်။ မိမိတို့တိုင်းပြည် လုံခြုံစိတ်ချတိုးတက်ကြီးပွားအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါမှ တိုင်းပြည်သည် တစ်နေ့ထက်တစ်နေ့ အခြေတိုးမြင့်၍ မိမိတို့အားလုံးလည်း အေးချမ်းသာယာဝပြောစွာဖြင့် ရပ်တည်နေထိုင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတိုင်းနိုင်ငံတိုင်းသည် တိုင်းပြည်ကောင်းမွန်စေရေးတို့ကို အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်နေကြသည်။

တိုင်းပြည်တစ်ပြည် တိုးတက်ကောင်းမွန်လာစေရန်အတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေကြသလို တိုင်းပြည်တိုးတက်ရေးကို အဟန့်အတားဖြစ်စေမည့် အနှောင့်အယှက်များကိုလည်း အမြင်ကျယ်ကျယ်သတိထား၍ ကာကွယ်စောင့်ရှောက်ပေးရမည်ဖြစ်သည်။ တိုင်းပြည်တိုးတက်ကောင်းမွန်ရေးကို ဆောင်ရွက်ရာတွင်ပြည်ထဲအရေး ပေါက်နှင့်ကျေး၊ ကြက်ဥအရောင် တိမ်တောင်သဖွယ်၊ မင်းရေးကျယ်ဆိုသည့် ရှေးဆိုစကားကဲ့သို့ ကျယ်ဝန်းနက်နဲသိမ်မွေ့သော အရေးကိစ္စများကိုလည်း မြင်တတ်အောင်ကြည့်၍ ရှင်းတတ်အောင် ဆောင်ရွက်နိုင်ရန်ကြိုးပမ်းရမည် ဖြစ်သည်။

ကောင်းမွန်သည့်နိုင်ငံ ဖြစ်ပေါ်လာအောင်ဆောင်ရွက်ရာ၌ဌာနအလိုက် တာဝန်ထမ်းဆောင်နေသူများအနေဖြင့် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများအားလုံးကို ကျွမ်းကျင်နားလည်စေရန်နှင့် တိတိကျကျလိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းများကို ဆောင်ရွက်ရာတွင် စေတနာထားပြီး စနစ်တကျဖြင့် အောင်မြင်အောင်ဆောင်ရွက်ကြရန်နှင့် တာဝန်ရှိသူများကလည်း ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့ဌာနအပေါ် စေတနာထားရန်နှင့် မိမိနိုင်ငံအပေါ် စေတနာထားပြီး ဆောင်ရွက်ရန်လိုကြောင်း၊ ယင်းသည် နိုင်ငံကောင်းအောင် ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်းပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(/၂၀၂၃)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

တိုးတက်ပြောင်းလဲနေသော ခေတ်ကာလတွင် နိုင်ငံ့အကျိုးစီးပွားကို ထမ်းရွက်ရာ၌ နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍသည် အရေးပါ၍သိမ်မွေ့နက်နဲပြီး ကျယ်ပြန့်ပေသည်။ နိုင်ငံဖွံ့ဖြိုးရေး၊ စီးပွားတိုးတက်ရေးနှင့် အများပြည်သူဝန်ဆောင်မှုတို့ကို ဆောင်ရွက်ရာတွင် တိုးတက်ဖြစ်ထွန်းရေးတို့နှင့်အတူ ဟန့်တားနှောင့်ယှက်မှုတို့ကို မြင်တတ်အောင်ကြည့်၍ ကာကွယ်ဆောင်ရွက်ကြရမည်ဖြစ်သည်။ တာဝန်ကျေပွန်လျှင်ပြီးရော သဘောမျိုးမထားဘဲ နိုင်ငံအပေါ်ကောင်းစေလိုသည့် စေတနာထားကာ အမြင်ကျယ်ကျယ်ဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ နည်းပညာခေတ်ကာလဖြစ်၍ နယ်ပယ်အရပ်ရပ်၌ အကျယ်ပြန့်ဆုံး ဖွံ့ဖြိုးတိုးတက်လာမှုများကို မျက်ခြည်မပြတ် ကြည့်ရှုဆောင်ရွက်ရမည်ဖြစ်သည်။

သာဓကအားဖြင့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးဆောင်ရွက်ရာ၌ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှု အခန်းကဏ္ဍများသည် ရှေ့တန်းရောက်လာရာ အသင်းအဖွဲ့စည်းမျဉ်း၊ စည်းကမ်းနှင့်အညီဖွဲ့စည်းထားသည့် INGO NGO အသင်း အဖွဲ့များ၏ ကောင်းကျိုးဆိုးပြစ်များကိုလည်း သတိပြုမိရန်လိုအပ်ပေသည်။ အချို့သည် စေတနာသန့်သန့်ဖြင့် ဆောင်ရွက်မှုများရှိသလို အချို့သည် ရည်ရွယ်ချက်ရှိရှိဖြင့် စေတနာဗန်းပြဆောင်ရွက်မှုများလည်းရှိသည်ကို သတိမူရမည်ဖြစ်သည်။ ပြည်ပနိုင်ငံအချို့က အချို့သောလူမှုကူညီရေး INGO NGO အသင်းအဖွဲ့များမှတစ်ဆင့် အကူအညီအထောက်အပံ့များ မျှဝေပေးပြီး နိုင်ငံရေးအရ အသုံးချမှုများရှိခဲ့သည်။ အချုပ်အခြာအာဏာပိုင်ဆိုင်သည့် နိုင်ငံနယ်နိမိတ်အတွင်း သိမ်မွေ့နက်နဲသည့် ထိုးဖောက်ဝင်ရောက်စွက်ဖက်မှုများကို သတိပြုကာကွယ်ကြရမည်ဖြစ်သည်။

ကောင်းမွန်သောနိုင်ငံဖြစ်စေရေးတွင် နိုင်ငံနှင့်လူမျိုး၏ အမျိုးသားရေးစရိုက် လက္ခဏာများနှင့် အမျိုးသားစည်းလုံးညီညွတ်မှုကို ထိခိုက်စေသောလုပ်ဆောင်မှုများကိုလည်း သတိပြုရမည်ဖြစ်သည်။ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင်နှင့်လူမှုကွန်ရက်များသည် အများပြည်သူကို အလွှမ်းမိုးနိုင်ဆုံးကဏ္ဍများဖြစ်ပြီး နိုင်ငံနှင့်လူမျိုး အကျိုးစီးပွားကို ထိခိုက်စေနိုင်သော ရေးသား၊ ထုတ်ဝေ၊ ထုတ်လွှင့်၊ မျှဝေမှုများ မရှိစေရေးကို သက်ဆိုင်ရာအဖွဲ့အစည်းများက ကြပ်မတ်ဆောင်ရွက်လျက်ရှိသည့် နည်းတူ အမျိုးသားရေးအသိ၊ နိုင်ငံအပေါ်စေတနာထားသောသတိဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ရာတွင် အောင်မြင်မှုများရရှိရေး၊ တိုင်းပြည်ပိုမိုတိုးတက်ကောင်းမွန်လာစေရေးအတွက် အဓိကကျသော နိုင်ငံ့ဝန်ထမ်းများက မိမိဌာန၊ မိမိနိုင်ငံအပေါ် ကောင်းမွန်သောစေတနာထားပြီး လုပ်ငန်းတိုးတက်အောင်မြင်ရေး သာမကတိုင်းပြည်တွင် ဖြစ်ပေါ်လာနိုင်မည့် အန္တရာယ်များကိုပါ သတိမူရှေးရှုဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။    

No comments:

Post a Comment