Tuesday, August 1, 2023

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့(ONCB)၊ ထိုင်းတော်ဝင်ရဲအဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့တို့ ပူးပေါင်းလေ့ကျင့်သည့် အထူးလုပ်ငန်းတာဝန်အဖွဲ့ Eagle 19 သင်တန်းအမှတ်စဉ် (၅) သင်တန်းဆင်းပွဲ တက်ရောက်

 



နေပြည်တော် ဇူလိုင် ၃၁

ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB)၊ အထွေထွေအတွင်းရေးမှူးချုပ် Mr. Wichai Chaimongkhon (ဝိချိုင်ချိုင်မုန်ခုန်) ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အထူးလုပ်ငန်းတာဝန်အဖွဲ့ Eagle 19 သင်တန်းအမှတ်စဉ် () သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်ရန် ဇူလိုင် ၂၉ ရက် နံနက်ပိုင်းက ရန်ကုန်မြို့မှ မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် ထွက်ခွာကြပြီး ထိုင်းနိုင်ငံဗန်ကောက်မြို့သို့ ရောက်ရှိခဲ့သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ သည် ဇူလိုင် ၃၀ ရက်တွင် ထိုင်းနိုင်ငံမူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ (ONCB) က ကြီးမှူးစီစဉ်သည့် ONCB အဖွဲ့၊ ထိုင်းတော်ဝင်ရဲအဖွဲ့၊ အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့ ပူးပေါင်းလေ့ကျင့်သည့် အထူးလုပ်ငန်းတာဝန်အဖွဲ့ Eagle 19 သင်တန်းအမှတ်စဉ် () သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။ 

သင်တန်းဆင်းပွဲသို့ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(ONCB)၊ အထွေထွေ အတွင်း ရေးမှူးချုပ် Mr. Wichai Chaimongkhon (ဝိချိုင် ချိုင်မုန်ခုန်)၊ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ် Mr. Chinaphat Sarasin (ချင်နဖတ်ဆာရဆင်)၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့နှင့် ထိုင်းတော်ဝင် ရဲတပ်ဖွဲ့တို့မှ ရဲအရာရှိကြီးများ တက်ရောက်ကြသည်။

သင်တန်းဆင်းပွဲတွင် ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB)၊ အထွေထွေ အတွင်းရေးမှူးချုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်နှင့် ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ဒုတိယရဲချုပ်တို့က မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေးဆိုင်ရာ အထူးလုပ်ငန်းတာဝန်အဖွဲ့ Eagle 19 သင်တန်းအမှတ်စဉ် () သင်တန်းတက်ရောက် အောင်မြင်ပြီးစီးကြောင်း လက်မှတ်များကို သင်တန်းသူအရာရှိများထံ ပေးအပ်သည်။

အဆိုပါသင်တန်းကို ၂၀၂၃ ခုနှစ် ဇူလိုင် ၂ ရက်မှ ၃၁ ရက်အထိ ထိုင်းနိုင်ငံဗန်ကောက်မြို့ရှိ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၏ အကြမ်းဖက်မှုနှိမ်နင်းရေး တပ်ဖွဲ့သင်တန်းကျောင်းတွင် ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ သင်တန်းသူ အရာရှိ ၂၂ ဦး၊ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ (ONCB)၊ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့တို့မှ သင်တန်းသူ အရာရှိ ၂၇ ဦး စုစုပေါင်း ၄၉ ဦး တက်ရောက်ခဲ့ပြီး သင်တန်းသူအရာရှိများ၏ စိတ်ပိုင်းဆိုင်ရာ/ ရုပ်ပိုင်းဆိုင်ရာ ခံနိုင်ရည်၊ စွမ်းရည်စမ်းသပ်မှုနှင့် အထူးလုပ်ငန်းတာဝန်များအတွက် လေ့ကျင့်သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်သည် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့(ONCB)၊ အထွေထွေအတွင်း ရေးမှူးချုပ် ဝိချိုင်ချိုင်မုန်ခုန်နှင့် တွေ့ဆုံခဲ့ပြီး ဒေသတွင်း မူးယစ်ဆေးဝါးအခြေအနေများ၊ ရွှေတြိဂံဒေသသို့ ဓာတုပစ္စည်းများ တရားမဝင် ဝင်ရောက်မှု ထိန်းချုပ်ရေး၊ မူးယစ်ဆေးဝါးများ ချက်လုပ်ရာတွင် အသုံးပြုသော ပရီကာဆာ ဓာတုပစ္စည်းများ ဖမ်းဆီး ရမိရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရန်၊ ဒေသတွင်းနှင့် ဒေသပြင်ပနိုင်ငံများသို့ မူးယစ်ဆေးဝါးများ ပျံ့နှံ့မှုမရှိစေရေး၊ ဒေသတွင်းဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ စနစ်တကျ ဖျက်ဆီးဆောင်ရွက်နိုင်ရေး၊ တပ်ဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းများ ပေးအပ်ရေး၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများကြောင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှု ပိုမိုတိုးတက်လာသည့် အခြေအနေများနှင့် နှစ်နိုင်ငံအကြား မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေးလုပ်ငန်းများကို ပိုမိုတိုးမြှင့်ဆောင်ရွက်မည့် အခြေအနေတို့ကို ဆွေးနွေး ခဲ့ကြသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့ညပိုင်းက လေကြောင်းခရီးဖြင့် ထိုင်းနိုင်ငံမှ ပြန်လည်ထွက်ခွာရာ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment