Tuesday, August 1, 2023

မာရဝိဇယ ဗုဒ္ဓမြတ်စွာ ဘုရားဖူး ကြွရောက်ကြပါရန် မေတ္တာစာပါး ဘုရားဖူးဖိတ်ကြားလွှာ

 



တက္ကသိုလ်မြတ်သူ

ဇေယျတု သပြေနုတင်ကာ၊ ငွေခရုသင်္ခါနှင့်၊ ပြေယခုမင်္ဂလာ လွှမ်းပါစေကြောင်း၊ ငြိမ့်ညောင်း သာယာ၊ အောင်ဩဘာနှင့် တံမြွှာပဉ္စင်၊ သံလွင်နွဲ့နှောင်း ငြိမ့်ညောင်းသံခ၊ ကက္ကရရွှေစိန်စည် သက္ကဝတိံဆီမှ၊ မြတ်သိကြားနတ်စည်၊ လူ့ရပ်လူ့ရွာ ပြည်မြန်မာမှ ပန်တျာစည်၊ လမ္ဗရာစည်၊ တစ်မျိုးဝေစည် - မရိုးရွှေစည်၊ စည်တကာပေါင်းရုံးပြီး စည်တကာ့ထိပ်သီး မေတ္တာရွှေစည်ကြီးကို ရိုက်ဟီးခတ်ဆော် နိုင်ငံတော်တစ်လွှား၊ မေတ္တာဆောင် အောင်စည်သံကြားစေကြောင်း မေတ္တာဖြင့်လည်းကောင်း။

ဘေးမခကြည်စွာ၊ အေးမြဒီပါ၊ ဧရာဝတီ၊ ဒုဋ္ဌဝတီ၊ ကစ္ဆပနဒီ၊ ရွှေလီ-စစ်တောင်း၊ မြစ်အပေါင်း တသွင်သွင်၊သံလွင်ချင်းတွင်း၊ ငဝန်-မန်းမြစ်အစင်းစင်းတို့မှ စီးဆင်းသောရေသီတာ၊ မြို့ရွာပြည်တစ်ဝန်း၊ အေးချမ်းစေကြောင်း မေတ္တာရေလောင်းခြင်းဖြင့် လည်းကောင်း။

မြေကမ္ဘာမှာ ပြိုင်ဘက်ကင်း၊ မြန်မာ့မြေတွင်းထွက်၊ ရောင်ယှက် နီတျာ၊ ဝါဂွမ်းဖြင့်ဖုံးအုပ်ကာမျှဖြင့်၊ ဝါဂွမ်းထဲမှစိမ့်ယိုထွက်၊ တစ်စက်စက်ရောင်လျှံပျံ့၊ တဒီးဒီးယိုစီးနှံ့သကဲ့သို့၊ ယောင်ယောင်ဝိုးဝါး-လက်ဖဝါးဖြန့်ခံမိသို့၊ တုမရှိအရည်သွေးကောင်း၊ အရွယ်ပမာဏ ဆန်ကျိုး၊ အဖိုးပြည်တန်၊ အမျိုးရတီမှန်၊ ပြည်မြန်ပတ္တမြား၊ လှော်ကား တင်ကြီး၊ လှော်ကားတင်လေးတစ်သီး၊ ငမောက်ကြီးပတ္တမြား၊ ငမောက် ကလေး၊ နီစွေးလှပ၊ အရည်အသွေးပြည့်ဝသည့်၊ နဝတပတ္တမြား၊ နစက ပတ္တမြားတို့ကို ဘယ်ပတ္တမြားယှဉ်မတုံး၊ ယှဉ်သူရှုံးပေလိမ့်၊ မြန်မာ့ မြေကိန်း၊ ကျောက်စိမ်း-နီလာ၊ မဟူရာ ကြောင် မျက်ရွဲ၊ ငွေခဲရွှေတုံး၊ ဇမ္ဗူရာဇ်ရတနာခပင်း၊ ဥဿဖရား၊ ဝဇီရာစိန်ပါ မခြွင်းထည့်တွက်၊ မြန်မာ့မြေထွက်၊ သယံဇာတ၊ ကျောက်မျက်စုံခသော၊ အနဂ္ဃမြင့်မား၊ ပတ္တမြားမေတ္တာ၊ နီလာမေတ္တာ၊ စိန်ကျောက်ရတနာများကဲ့သို့ ထိန်တောက်ထည်ဝါစေလိုသောမေတ္တာဖြင့်လည်းကောင်း။

သရဖီ၊ ကံ့ကော်၊ ပျံ့ကျော်စကား၊ ငွေသားနုစံပယ်၊ နံ့ကြွယ် မြတ်လေး၊ ကြိုင်မွှေးခတ္တာ၊ ရွှေ ယင်းမာ၊ ကြာမျိုးစုံစွာ၊ ခဝဲဝါ၊ သန့်စင်ပန်းပါမကြွင်း၊ ပျံ့သင်းခွာညိုလန်း၊ ပေါက်လဲပန်းစုံစုံ၊ ပန်းရဂုံ-ပန်းစုံ ပွင့်သကဲ့သို့၊ ပုပ္ပမာလာ၊ ပန်းတကာစုဝေး၊ ပြည်လုံးလှိုင်ကြိုင် သင်းမွှေးသကဲ့သို့သော ပန်းမေတ္တာဖြင့်လည်းကောင်း ပို့သလေ့ရှိပါသော၊ ကနက်ဗဟိုဒြပ်တလူလူ၊ တက္ကသိုလ်မြတ်သူ ဇရာကလောင်က၊ မြန်မာ့ဘောင်သာစိမ့်ငှာ၊ ဤမေတ္တာစာ-စကားအထူးပါး၊ တရားဦး၊ ဘုရားဖူး ကြွစေလိုသော-စိတ်ထားဖြင့် ဖိတ်ကြားလွှာ ပါးလိုက်ရပါသည်။

လူသားသံပိုင်း၊ သမိုင်းရှည်ကြာ၊ ပြည်မြန်မာဘောင်၊ ပုံတောင် ဒေသ၊ ပုံညာမှ၊ လူဖြစ်စပုံရိပ်၊ လူတူပရိုင်းမိတ်ရုပ်ကြွင်း၊ ဓာတ်ခွဲခြင်းဖြင့် သိမဆုံး၊ မြန်မာ့လူ့သက်တမ်း၊ နှစ်သန်းပေါင်းလေးဆယ်၊ ကမ္ဘာဝယ် လူဖြစ်အစောဆုံး၊ ဘယ်သူယှဉ်မတုန်း၊ မြန်မာ့အသုံးဝေါဟာရတွင် ပါရှိသည့်၊ ဇာတိပုည ဂုဏ်မာနဟု စာသထားသည်နှင့်အမျှ၊ ကမ္ဘာလူသားအစ၊ မြန်မာကမဟုတ်ပါလော၊ မြန်မာအစ-ပုံတောင်ပုံညာက (လွန်ခဲ့သောနှစ်သန်းလေးကုဋေက) မဟုတ်ပါလော၊ စောကြောတွေးချင့်၊ မြန်မာ့ဂုဏ်ဝင့်နိုင်ခဲ့ပြီ။ ဤပြည်ထောင်စု၊ ညီအောင်ပြု-ညီနောင်ဆွေရင်း၊ သွေးချင်းပမာ နေလာတဲ့သွေးရင်း၊ အမျိုးရင်းလူမျိုးနွယ် တစ်ရာ့သုံးဆယ်နှင့်ငါး၊ တစ်သားတည်း မရှိအတူ ရှိအတူ၊ အေးတူပူအမျှ၊ အတူတကွယှဉ်တွဲ၊ ဥမကွဲသိုက်မပျက် အစဉ်အဆက် သာနေလာကြတာ၊ နှစ်ပရိစ္ဆေဒတွေကြာပါပကော။ ညီညွတ်သော တို့သနစ်၊ ပြည်ချစ်သော တို့စိတ်ဓာတ်၊ ရစ်ပတ်သွေးစည်း၊ အရေးကြီး လျှင်သွေးစည်းစုရုံး၊ ရွှင်ပြုံးချစ်ကြည်နေခဲ့ပြီးဖြစ်သော အိုမြန်မာ သွေးရင်းသွေးချင်း၊ မွေးရင်းမွေးချင်း တိုင်းရင်းသားမျိုးဆွေတို့....

မြန်မာ့မြေတွင် ပဒေသာပင်ပေါက်သလို လုံလောက်ကုန်ကြွယ်၊ ယာ-မြေလယ်-မြေဆီကောင်း၊ ရေကောင်းက လိုသလောက်ရ၊ မြေအောက်-ရေအောက်မှ သဘာဝလျှံကျ၊ အဖိုးတန်အမျိုးမှန် သယံ ဇာတ၊ ရွှေငွေကအစ ရတနာများ၊ ပတ္တမြားကျောက်သံ၊ စပါးကောက်နှံ၊ အဆီအနှစ်တွေ ကြွယ်သကော၊ သစ်တောနှင့်ရေနံ၊ သဘာဝဓာတ်ငွေ့ လျှံအောင်ထွက်၊ မြန်မာတို့အတွက် ချမ်းသာစေ၊ အမိမြေကပေးလိုက် သည်မှာ၊ တစ်ပုံတစ်ခေါင်း၊ ပုညကံကောင်းလှချည့်။

သစ္စာလေးပါး၊ ပိုင်းခြားသိမြင်၊ ဟောမြွက်ညွှန်ပြ၊ မဂ္ဂမြတ်လမ်းစဉ်၊ ဇိနပလ္လင်၊ အောင်မြင်ပွင့်ထွန်း မာရ်နတ်အဖျက်၊ မေတ္တာ ဖက်၍ အောင်မြင်မှုဖြင့်၊ သဗ္ဗညုဉာဏ်၊ လင်းလက်လျှံ၊ ခြောက်တန် ရောင်ခြည်ရွှန်းခဲ့ရသည့်၊ ရှင်တော်ဂေါတမ-မြတ်ဗုဒ္ဓ၏ သာသနာတော်။

ဝိနည်းပိဋကတ်၊ ဗုဒ္ဓမြတ်ဥပဒေ၊ သုတ္တန်ပိဋကတ်၊ တရားတော် မြတ်ရတနာပေ။ အဘိဓမ္မာ ပိဋကတ်သုံးရပ်သုံးပုံ အလုံးစုံသော ပိဋကတ်ပေ။ မြန်မာ့မြေမှန်၊ ဘူမိနက်သန်၌ မချန်မခြွင်း၊ အလျဉ်းမပြင်၊ ထေရ်စဉ်ထေရ်ဆက်၊ မပျက်ဆင့်ကမ်း၊ မယွင်းစတမ်း သယ်လာပေရ၊ ထေရ်ဝါဒဗုဒ္ဓသာသနာ၊ ရောင်ဝါနေဝန်းထွန်းခဲ့သည့် အလို၊ ဗဟိုချက်မြေအမွန်၊ မြန်မာ့မြေ၌ သာသနာ့အောင်လံ တံခွန်တလူလူလွင့်လျက်ပါတကား။

ဗုဒ္ဓဘာသာဝင် - သူတော်စင် ချစ်ခင်လေးစားအပ်ပါသော သွေးချင်းစုံစွာ အို မြန်မာတို့- ယခုအခါ၊ ဤမြန်မာမြေပေါ်၊ နေပြည်တော်ဒက္ခိဏသီရိ၊ထူးမြတ် စည်ပင်၊ ဗုဒ္ဓဥယျာဉ်တွင်၊ စကျင်ရတနာ၊ ရန်အောင်မာရ်အောင်၊ မြတ်ဗုဒ္ဓ၏၊ တုမရပလ္လင်ဘွေ၊ တစ်ဆယ့်ခုနစ်ပေနှင့်၊ ကမ္ဘာမြေစံပြု၊ ဆင်းတုဉာဏ်တော် အမြင့်ခြောက်ဆယ့်လေးပေ၊ နှစ်ထွေမိုးထက်ဝယ်၊ ရှစ်ဆယ်နှင့်တစ်ပေ၊ ကြည်ညိုဖွယ်ရာ၊ ကမ္ဘာမှာအကြီးဆုံး၊ အမြင့်ဆုံး စံတော်နှုန်းဖြင့်၊ ရွှေဘုန်းတောက်ပ၊ လင်းထိန်ရပြီ မြန်မာ့ကုသိုလ်ထူး ဘိတည်း။

ပိဋကတ်သုံးပုံ၊ ကျောက်စာရုံစေတီ၊ စီရရီဖူးကာ၊ မုစလိန္ဒာ၊ အိုင်မြတ်မဟာမှ၊ နဂါးရုံဗုဒ္ဓ၊ သပ္ပာယ်လှသည် ဓမ္မဗိမာန်၊ ဝန်းရံတန်ဆောင်း၊ သုဓမ္မာဇရပ်အပေါင်းတို့နှင့် တင့်တောင်းတင့်တယ်၊ ကြည်ညို ဖွယ်ကို၊ ဆယ်သွယ်လက်ချောင်း၊ အုပ်ပေါင်းယှက်စု၊ ကော်ရော်မှုဖြင့်၊ ပူဇော်ဝပ်တွား၊ ထိခြင်းငါးပါး၊ သဒ္ဓါပွားရန်၊ တရားအထူးဖြင့် နိဗ္ဗာန် ကူးရန်ညွှန်ပြ၊ မာရဝိဇယ၊ မြတ်ဗုဒ္ဓရုပ်ပွား၊ ရှင်တော်ဘုရားကို အများ သူငါ ဖူးကြပါကုန်ဟူ၍ နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါသည်။ တရားထူးရရန် - ဘုရားဖူးကြွကြပါရန်၊ အဓိဋ္ဌာန်ပေါက် နိဗ္ဗာန်အမြန်ရောက်ကြရန် စိတ်အကြံမျှ၍ ဖိတ်မန္တကပြုလိုက်ရကြောင်း ပါခင်ဗျား။

မာရဝိဇယ ဗုဒ္ဓရှင်တော်

နိဗ္ဗာန်ရည်စူး ရှိဦးပူဇော်

သဒ္ဓါတရား အပြည့်ထားကော်ရော်၊

ဦးခိုက်ကြ ဖူးလိုက်ကြစေသော်။

No comments:

Post a Comment