နေပြည်တော် သြဂုတ် ၃၁
ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးစီမံချက်၏ နှစ်ပတ်လည်လုပ်ငန်း ဆန်းစစ်ဆွေးနွေးပွဲ(၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၌ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း တက်ရောက်အမှာစကားပြောကြားသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ၂၀၃၀ ပြည့်နှစ်တွင် အိပ်ချ်အိုင်ဗွီပိုးကူးစက်မှု ကင်းဝေးသည့် လူ့အဖွဲ့အစည်းတစ်ရပ်ပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး ခုခံအားကျဆင်းမှုကူးစက်ရောဂါဆိုင်ရာ အမျိုးသားမဟာဗျူဟာစီမံကိန်း ၂၀၂၁-၂၀၂၅ တွင်ပါရှိသည့် ဦးစားပေးနည်းဗျူဟာ (၅)ရပ်နှင့်အညီ အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ်ရောဂါကာကွယ်ရေးနှင့် ပြုစုကုသစောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်နိုင်ငံလုံးအတွက် အေအာတီဆေးနှင့် ဆေးပစ္စည်းများဝယ်ယူရန် နိုင်ငံတော်အစိုးရမှ ရန်ပုံငွေများနှစ်စဉ်တိုးမြှင့်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ်အတွက် အေအာတီဆေးနှင့် ဆေးပစ္စည်းများဝယ်ယူရန် အမေရိကန် ဒေါ်လာ ၁၆ သန်း အသုံးပြုထားပါကြောင်း။
၂၀၂၂ ခုနှစ်တွင် ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေး စီမံချက်အနေဖြင့် အေအာတီဆေးကုဌာန ၁၄၁ ခုနှင့် အေအာတီဆင့်ပွားကုဌာန ၃၁၀ တို့၌ အိပ်ခ်ျအိုင်ဗွီပိုးရှိ လူနာပေါင်း ၂၀၈,၀၀၀ ကျော်ကို အေအာတီဆေးဝါးနှင့် အခမဲ့ကုသပေးခဲ့ကြောင်း၊ ကိုယ်ဝန်ဆောင်မိခင် ၅ သိန်းကျော်ကို အိပ်ချ်အိုင်ဗွီနှင့် ဆစ်ဖလစ်ရှိ/မရှိ စစ်ဆေးပေးခဲ့ကြောင်း၊ မူးယစ်ဆေး အကြောထဲထိုးသွင်းသူများအတွက် မူးယစ်ဆေးအစားထိုး မက်သာဒုန်းဆေးဖြင့် ကုသပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ၂၀၂၂ ခုနှစ်အကုန်အထိ ရရှိသော စာရင်းဇယားများအရ မူးယစ်ဆေးအကြောထဲထိုးသွင်းသူ ၂၆,၀၀၀ ခန့်ကို မက်သာဒုန်းဆေးကုဌာန ၉၀ တွင် မက်သာဒုန်းဆေး တိုက်ကျွေးလျက်ရှိကြောင်း။
အိပ်ချ်အိုင်ဗွီ/အသည်းရောင်အသားဝါစီပိုး ဒွန်တွဲလူနာများအတွက် အသည်းရောင် အသားဝါစီပိုးကုသမှုလုပ်ငန်းကို ကချင်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ၂၀၂၃ ခုနှစ်အတွင်း စတင်ကုသမှုပေးလျက်ရှိပြီး နှစ်စဉ်တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပြည်သူများလက်တွဲဆောင်ရွက်ကြခြင်းဖြင့် လူတိုင်းလက်လှမ်းမီရရှိနိုင်သော အခြေခံကျန်းမာရေးစောင့်ရှောက်မှုများရရှိစေရေး အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါနှင့် ဆက်နွှယ်သော သေဆုံးမှုများလျှော့ချရေးနှင့် ခွဲခြားနှိမ့်ချမှုကင်းစင်ရေး စသည့်ရည်မှန်းချက်များပြည့်မီပြီး ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးကဏ္ဍနည်းဗျူဟာဆိုင်ရာအရ ချမှတ်ထားသည့် ၂၀၃၀ ပြည့်နှစ်တွင် အိပ်ခ်ျအိုင်ဗွီ ပိုးကူးစက်မှုကင်းဝေးသည့် လူ့အဖွဲ့အစည်းတစ်ရပ်ပေါ်ထွက်လာရန် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ထို့နောက် (ခုခံကျ/ကာလသား)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသန်းသန်းလွင်က အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါ ကာကွယ်ရေးနှင့် ပြုစုကုသစောင့်ရှောက်ရေးလုပ်ငန်းများကိုလည်းကောင်း၊ (ခုခံကျ/ကာလသား)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမင်းယုအောင်က အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါ ကာကွယ်ကုသရေး လုပ်ငန်းစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများမှ ဆွေးနွေးအကြံပြုကြသည်။
ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်၏ နှစ်ပတ်လည်လုပ်ငန်း ဆန်းစစ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများ၊ ပါမောက္ခ/ ဌာနမှူးများ၊ ညွှန်ကြားရေးမှူးများ၊ ဆေးရုံအုပ်ကြီးများ၊ အထူးကုဆရာဝန်ကြီးများ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် ရောဂါနှိမ်နင်းရေးတပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာနတို့မှ ဖိတ်ကြားထားသူများ၊ ခုခံကျ/ ကာလသား ရောဂါတိုက်ဖျက်ရေးဌာန တာဝန်ခံများ၊ WHO၊ UNAIDS၊ UNICEF၊ UNOPS အဖွဲ့တို့နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များတက်ရောက်ကြပြီး အစည်းအဝေးကို(၂)ရက်တာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment