နေပြည်တော် ဇူလိုင် ၇
ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများ တွင် အသုံးပြုရန်အတွက် အမေရိကန်ဒေါ်လာ (၁ ဒသမ ၂) သန်း တန်ဖိုးရှိ အောက်ဆီဂျင်ထုတ် လုပ်စက် (Oxygen Concentrator) အလုံး (၈၀၀) လှူဒါန်းခြင်းအခမ်းအနားကို နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ မွန်းလွဲပိုင်းက ကျင်းပသည်။
အခမ်းအနားသို့
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခဒေါက်တာ
သက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီးပါမောက္ခဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊
ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အလှူရှင် Guangdon
Bolison Technology Co.,Ltd နှင့် Myanmar Royal Fortune Co.,Ltd တို့မှ တာဝန်ရှိသူများ
တက်ရောက်ကြသည်။
ဦးစွာ Guangdon Bolison Technology Co.,Ltd တည်ထောင်သူနှင့်
ဦးဆောင်ညွှန်ကြား ရေးမှူး Mr. Li Bao Xing က မိမိတို့ကုမ္ပဏီသည် ကမ္ဘာတစ်ဝန်းလုံးက
ပြည်သူများပိုမိုကောင်းမွန်သော လူနေထိုင်မှုဘဝပုံစံဖြင့်နေထိုင်နိုင်ရေး ဆောင်ရွက်နေသည့်ကုမ္ပဏီဖြစ်ပြီး
ယခုလှူဒါန်းမှုမှာ ရပ်ဝန်းတစ်ခုလမ်းကြောင်းတစ်ခု (One Belt One Road) ဒေသတွင်းတည်ရှိသည့်
မြန်မာနိုင်ငံအတွက် ကုမ္ပဏီ၏လူမှုဖူလုံရေးလုပ်ငန်း (Corporate Social Responsibility) အရ လှူဒါန်းမှု တစ်ခုဖြစ်ပါကြောင်းပြောကြားပြီး
လှူဒါန်းထားသော အောက်ဆီဂျင်ထုတ်လုပ်စက်များကို ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများထံ
လွှဲပြောင်းပေးအပ်ရာ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီးက ယခုလှူဒါန်းသည့် အောက်ဆီဂျင်ထုတ်လုပ်စက်များသည် ကိုဗစ်-၁၉ ရောဂါအတွက်သာမက
အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများနှင့် အောက်ဆီဂျင်လိုအပ်သည့် အခြားရောဂါများအတွက်ပါ
များစွာအသုံးဝင်သည့် စက်ပစ္စည်းဖြစ်ပါကြောင်း၊ ယခုလှူဒါန်းမှုမှရရှိလာသည့် အောက်ဆီဂျင်ထုတ်လုပ်စက်များကို
ကျေးလက်ဒေသရှိ ကျေးလက်ကျန်းမာရေးဌာနများနှင့် ပြည်သူ့ဆေးရုံများအရောက် အမြန်ဆုံးဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ အောက်ဆီဂျင်ထုတ်လုပ်စက်များလှူဒါန်းမှုသည် ခိုင်မြဲပြီးဖြစ်သည့်
တရုတ်-မြန်မာဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ပိုမိုခိုင်မြဲစေမည်ဖြစ်ပါကြောင်းနှင့်
အလှူရှင်ဖြစ်သည့် Guangdon Bolison Technology Co.,Ltd နှင့် Myanmar Royal
Fortune Co.,Ltd တို့သည်လည်း ပိုမို၍အောင်မြင်မှုများရရှိပါစေကြောင်း ပြောကြားခဲ့ကြောင်း
သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment