Sunday, July 9, 2023

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ရေနံချောင်းတက္ကသိုလ် လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်

 

 မကွေး ဇူလိုင် ၉

မကွေးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီက ကြီးမှူး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ရေနံချောင်းတက္ကသိုလ်တို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ရေနံချောင်းတက္ကသိုလ်၊ ပတ္တမြားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရေနံချောင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 




ရှေးဦးစွာ အခမ်းအနားကို ရေနံချောင်းတက္ကသိုလ် ကျောင်းသား/သူများက တက္ကသီလာ ရေနံ့သာတေးသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် မျိုးဆက်သစ်လူငယ်များသည် အနာဂတ်မြန်မာနိုင်ငံအတွက် ကြီးမားလှသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်ပြီး နိုင်ငံတော်နှင့် ပြည်ထောင်စုတာဝန်များကို လူငယ်များက လက်ဆင့်ကမ်းလွှဲပြောင်းရယူကာ နိုင်ငံတော်ကို ဆက်လက်တည်ဆောက်သွားကြရမည်ဖြစ်ကာ ၂၁ ရာစု ပညာခေတ်၏ စိန်ခေါ်မှုများအား အသိပညာနှင့်ပြည့်စုံနေသည့် လူ့အဖွဲ့အစည်းများနှင့် ရင်ဆိုင်ကျော်လွှား သွားကြရမည် ဖြစ်ပါကြောင်း၊ မျိုးဆက်သစ်လူငယ်များအနေဖြင့် ကြုံတွေ့လာရမည့် စိန်ခေါ်မှုများအတွက် အဆင်သင့်ဖြစ်နေရန် အမြဲကြိုးစားအားထုတ်နေရမည်ဖြစ်ပြီး နိုင်ငံတစ်ခု၏ အနာဂတ်အကောင်း၊ အဆိုးသည် လူငယ်များ၏ စွမ်းရည်အပေါ်တည်မှီနေပြီး မျက်မှောက်ကာလတွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့ကျင့်ပျိုးထောင် ပေးခြင်းသည် အလွန်အရေးကြီးပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်များ၏ အခန်းကဏ္ဍများ၊ စိတ်ဓာတ်နှင့်မှန်ကန်သည့် အတွေးအခေါ်များအား မြှင့်တင် ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း လူမှုပတ်ဝန်းကျင်တွင် ကျန်းမာကြံ့ခိုင်ပြီး အနာဂတ်မြန်မာနိုင်ငံတာ်ကို ကာကွယ်တည်ဆောက်နိုင်မည့် စွမ်းရည်ပြည့်ဝသည့် လူငယ်များ ပေါ်ထွန်းလာစေရန် လူငယ်ရေးရာကဏ္ဍများအား စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယနေ့ခေတ်တွင် လူငယ်များအနေဖြင့် နည်းပညာအခွင့်အလမ်းများ၊ ဆက်သွယ်ရေးအခွင့်အလမ်းများနှင့် ပညာသင်ယူရေးအခွင့် အလမ်းများသည် လွယ်ကူနေသည့် အခြေအနေတွင် ကြုံတွေ့နေရပြီး လူငယ်များအနေဖြင့် အခွင့်အရေးများကို ဆုပ်ကိုင်ပြီး ကြိုးစားအားထုတ်ကြရမည်ဖြစ်ပါကြောင်း၊ လူငယ်စကားဝိုင်းများ ကျင်းပပေးခြင်းဖြင့် လူငယ်များသည် အသိဉာဏ်ဗဟုသုတများ ပိုမိုရရှိလာမည်ဖြစ်သလို စကားပြောအတတ်ပညာ ပိုမိုကျွမ်းကျင်လာပြီး လူအများရှေ့တွင် စကားကိုရဲဝံ့စွာ ပြောဆိုတတ်လာမည့်အပြင် လုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာမည်ဖြစ်ပါကြောင်းနှင့် ကျောင်းသား/သူ လူငယ်များအနေဖြင့်လည်း အစဉ်လေ့လာသင်ယူခြင်း၊ ဗဟုသုတ စူးစမ်းရှာဖွေခြင်း၊ အောင်မြင်မှုများရရှိရေးအတွက် အမြဲမပြတ်ကြိုးစားကာ အများအကျိုး၊ နိုင်ငံတော်အကျိုးများ သယ်ပိုးနိုင်သည့် လူငယ်လူရွယ်များ ဖြစ်လာသည်အထိ ကြိုးစားအားထုတ်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ရေနံချောင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်က လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပခြင်းနှင့်ပတ်သက်၍ ဝမ်းမြောက်စကားပြောကြားပြီး တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်ခိုင်ဦးက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ လူငယ်စကားဝိုင်းများကျင်းပခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအား ရှင်းလင်း ပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို စတင်ကျင်းပရာ မကွေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်ကျော်က ဦးဆောင်ဆွေးနွေးသူ (Moderator)အဖြစ် ဆောင်ရွက်ပြီး ရေနံချောင်းတက္ကသိုလ်မှ ကျောင်းသား/ ကျောင်းသူ(၆)ဦးက လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်စာဖတ်ခြင်းအကျိုးကျေးဇူး၊ လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်ယဉ်ကျေးမှုတန်ဖိုး၊ လူငယ်နှင့်ကြီးပွားရေး စသည့်ခေါင်းစဉ်များဖြင့် လူငယ်များအသိပညာဗဟုသုတ ရရှိစေရန်အတွက် အကျယ်တဝင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက မိမိတို့ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာ ခေါင်းစဉ်များအလိုက် ပါဝင်ဆွေးနွေးသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က ဖြည့်စွက် ဆွေးနွေးပေးခဲ့ကြောင်းနှင့် ရေနံချောင်းတက္ကသိုလ် ပထဝီဝင်မေဂျာမှ ကျောင်းသူလေးများမှ ရခိုင်ရိုးရာ မဟာနွယ်တေးသီချင်းဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြောင်း သိရသည်။

ယင်းနောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီက ထောက်ပံ့သည့် အားကစားပစ္စည်းများကို ပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်ထံသို့ လည်းကောင်း၊ လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ဦးဆောင်ဆွေးနွေးသူ (Moderator)နှင့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုလက်ဆောင်ပစ္စည်းများကိုလည်းကောင်း၊ ပါဝင်ဖျော်ဖြေသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ ၂၀၂၃ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) အထိမ်းအမှတ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ကျင်းပပြုလုပ်သည့် နိုင်ငံတော်အဆင့်ဆောင်းပါး (အလွတ်တန်း)ပြိုင်ပွဲတွင် ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်း ဖြေရှင်းဆောင်ရွက်စို့ (Solution to Plastic Pollution)”ခေါင်းစဉ်ဖြင့် ဒုတိယဆုရရှိသော ရေနံချောင်းတက္ကသိုလ် သမိုင်းဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာကျော်ဆွေဦးအား ဂုဏ်ပြုကတ်ကိုလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ လူငယ်စကားဝိုင်းတွင် ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ သုတ၊ ရသ စာအုပ်စာစောင်များနှင့် မကွေးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏ လှုပ်ရှားဆောင်ရွက်မှုမှတ်တမ်းများ၊ မူးယစ်ဆေးဝါးအသိပညာပေးနံရံကပ်စာစောင်များ၊ သဘာဝပတန်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေး နံရံကပ်စာစောင်များနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး နံရံကပ်စာစောင်များအား ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

မောင်ညီညာ

No comments:

Post a Comment