Sunday, July 30, 2023

ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းပြသ

 

နေပြည်တော် ဇူလိုင် ၂၉

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှုအခြေအနေများ ရှင်းလင်းပြသခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပ ပြုလုပ်သည်။

အခမ်းအနားသို့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အလှူရှင်များနှင့် ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

လာရောက်ဖူးမြော်နိုင်

ဦးစွာ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များ အနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ် ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာ၌ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် အေးချမ်းသာယာ ပြီးတည်တံ့ခိုင်မြဲရေးအတွက် လည်းကောင်း၊ ပြည်တွင်း ပြည်ပ ဘုရားဖူးများ လာရောက်ဖူးမြော် ကြည်ညိုနိုင်ကြပြီး ခရီးသွားများပြားလာခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိကာ ဒေသခံ ပြည်သူများ၏ လူမှုစီးပွားဘဝ ပိုမိုတိုးတက် မြင့်မားစေရန်အတွက် လည်းကောင်း ရည်ရွယ်၍ ကျိုင်းတုံမြို့ ပန်ကွဲကျေးရွာအနီး ဗုဒ္ဓဥယျာဉ်တော်အတွင်း အဘယရာဇမုနိ ရုပ်ပွားတော်မြတ်ကြီးကို လည်း ၂၀၁၈ ခုနှစ်တွင် တည်ထား ကိုးကွယ်ခဲ့မှု။

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ကျောက်တုံးတော်ကြီးများ တူးဖော်ခြင်းလုပ်ငန်းကို စနစ် တကျဖြင့် အဆင့်ဆင့် ဆောင်ရွက်ခဲ့မှု၊ ကျောက်တုံးတော်ကြီးအား ရတနာပုံခေတ်ဟန် ဘူမိဖဿ မုဒြာ ဆင်းတုတော်ကြီးအဖြစ် တည်ထားကိုးကွယ်ရန် ဆောင်ရွက်ခဲ့မှု၊ ရုပ်ပွားတော်ကြီး ထုဆစ်မည့် ဆင်းတုတော်အပိုင်းများနှင့် ပလ္လင်တော်အပိုင်း ကျောက်တုံးတော်ကြီးများကို အပိုင်းလိုက်ခွဲ၍ ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းများဖြင့် အခက်အခဲများကြားမှ အဆင့်ဆင့်ပင့်ဆောင်ခဲ့မှု၊ ကမ္ဘာ့အလေးချိန် အများဆုံး   ရေလမ်းခရီးသယ်ဆောင်မှုနှင့် ကုန်းလမ်းခရီးသယ်ဆောင်မှု ဖြစ်ခဲ့ သည့် အခြေအနေများ၊ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်ကြီး အဆင့်ဆင့် တည်ဆောက်နိုင်ရေး ဆောင်ရွက်ခဲ့မှု၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်ကြီး တည် ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘုရား၊ ကျောင်း၊ ကန်၊ သိမ်၊ ဇရပ်၊ တံတား၊ ဥယျာဉ် များ ပြည့်စုံစွာဖြင့် ထည့်သွင်း တည်ဆောက်နိုင်ရေး နိုင်ငံတော် သံဃမဟာနာယက ဆရာတော် ကြီးများထံမှ ဩဝါဒခံယူ ဆောင်ရွက်ခဲ့မှု၊ ဩဝါဒါစရိယ ဆရာတော် ကြီးများ၏ ဩဝါဒမိန့်ကြားချက် များအရ ဆဋ္ဌသင်္ဂါယနာမူပိဋကတ် ကျမ်းစာများကို ကမ္ဘာကပါ သိရှိနိုင်ရေးအတွက် စကျင် ကျောက်ချပ်များပေါ်၌ ခေတ်မီစက်ကိရိယာများ အသုံးပြုပြီး ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များ တည်ထား ဆောင်ရွက်လျက်ရှိမှု၊ မုစလိန္ဒ နဂါးရုံဘုရား တည်ထားရာတွင်လည်း ဩဝါဒါစရိယ ဆရာတော် ကြီးများ၏ ဩဝါဒခံယူလျက် ဝိနည်းမဟာဝါ ပါဠိတော်၊ ဝိနည်း မဟာဝါ အဋ္ဌကထာ၊ သာရတ္ထ ဋီကာ၊ မူလပဏ္ဏာသအဋ္ဌကထာ၊ ဥဒါန်းပါဠိတော်၊ ဇာတကအဋ္ဌကထာ စသည့် ပိဋကတ်တော်လာ အဆိုများနှင့် မဟာဗုဒ္ဓဝင်ကျမ်းဂန်တော်များနှင့် အညီ ပြည့်စုံစွာ တည်ထားကိုးကွယ်ခဲ့မှု၊ ကမ္ဘာပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဖြန့်ဝေရန် အတွက်လည်းပိဋကတ်ကျမ်းစာအုပ်များကို ပါဠိအက္ခရာ နှင့် Romanize Language တို့ဖြင့် ရိုက်နှိပ်ခြင်းနှင့် Tablet များဖြင့် ထည့်သွင်းခြင်းတို့ကို ဆောင်ရွက် လျက်ရှိမှု။

စနစ်တကျတွက်ချက်ဆောင်ရွက်

မာရဝိဇယ ဥယျာဉ်အတွင်း ချောင်းဖြောင့်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီး မန္တလေးနန်းတော် မင်္ဂလာတံတားပုံစံ တံတားတစ်စင်းကိုလည်း ထည့်သွင်းတည်ဆောက်ခဲ့မှု၊ ရုပ်ပွားတော်မြတ်ကြီး၏ မျက်နှာတော်မူရာ တူရူအရပ်တွင် ဝိဇယဘူမိနိမ္မာန အောင်မြေ တည်ထားမှု၊ မာရဝိဇယရုပ်ပွား တော်မြတ်ကြီး တည်ဆောက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲမှုရှိစေရေး စနစ်တကျတွက်ချက် ဆောင်ရွက်ခဲ့မှု၊ ပလ္လင်တော်အပိုင်းများကို အဆင့်ဆင့်တွဲဆက်ခဲ့မှု၊ ရေပန်းရင်ပြင်နှင့် ရေပန်းဝိုင်းများ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှု၊ မာရဝိဇယ ဗုဒ္ဓဥယျာဉ် တည်ဆောက်ခြင်း လုပ်ငန်းများ အဆင့်ဆင့်တိုးတက် လာမှုမှတ်တမ်းများ၊ ဘုရားဖူးလာ ပြည်သူများ အနားယူနိုင်ရန်အတွက် သုဓမ္မာဇရပ်များ တည်ဆောက်ထားရှိမှု၊ ရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်းများအလိုက် CNC စက်ဖြင့် အဆင့်ဆင့် ထုဆစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု၊ မာရဝိဇယ ကျောင်းတော်နှင့် မုစလိန္ဒကန် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှုနှင့် ကျည်းပင်များ စိုက်ပျိုးထားရှိမှု၊ မုစလိန္ဒကန် တည်ဆောက်ခြင်း လုပ်ငန်းအဆင့်ဆင့် တိုးတက်လာမှု၊ မာရဝိဇယ ရုပ်ပွားတော် မြတ်ကြီး၏ ဆင်းတုတော်အပိုင်းများအား အဆင့်ဆင့် တွဲဆက်ခဲ့မှုများ ဆောင်ရွက်ခဲ့မှု၊ ဘုရားဖူးလာ မိဘပြည်သူများအနေဖြင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ချိန်တွင် ကျောက်စာ တိုက်အတွင်းရှိ ပိဋကတ်သုံးပုံတော်လာ အဋ္ဌကထာဋီကာ ကျမ်းစာများကို တစ်ပါတည်း လေ့လာ နာယူ ကြည်ညိုနိုင်ရေး စကျင်ကျောက်ချပ်များပေါ်၌ ခေတ်မီစက်ကိရိယာများ အသုံးပြုပြီး ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များ ထွင်းထု၍ ကျောက်စာရုံ စေတီများတည်ထားမှုနှင့် အဆင့်ဆင့်တိုးတက်လာမှု၊ ဆင်းတုတော်ကြီး၏ အပိုင်း(၁၊ ၂၊ ၃) တို့အား တွဲဆက်၍ ပင့်ထောင်ခြင်းလုပ်ငန်းနှင့် ပင့်ဆောင်ခြင်းလုပ်ငန်းများကို ခေတ်မီ စက်ကိရိယာများ အသုံးပြုပြီး မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနှင့် တပ်မတော်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့မှု၊ ရတနာပလ္လင်တော်ထက်တွင် ဌာပနာ ထည့်သွင်းပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနားများ ဆောင်ရွက်ခဲ့မှုနှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော် တစ်ဝန်းလုံးမှ (၇)ရက် သား၊ သမီး၊ ဘုရား ဒါယကာ၊ ဒါယိကာမများ၊စေတနာရှင်၊ အလှူရှင်များက ကုသိုလ်ပြု လှူဒါန်းထားသည့် အဖိုးတန် ကျောက်မျက်ရတနာဌာပနာတော် ကုသိုလ်ပစ္စည်းများ ဌာပနာသွင်းလှူပူဇော်ခဲ့မှု၊ ဆင်းတုတော် အပိုင်းကြီးများကို အဆင့်ဆင့် ပင့်ဆောင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့မှု၊ သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများကို ခမ်းနားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်နိုင်သော သံဃာတော်အပါး ၉၀၀ နှင့် လူပရိသတ် ၁၂၀၀ ဝင်ဆံ့နိုင်သည့် အလျား ၂၉၆ ပေ၊ အနံ ၂၁၃ ပေ၊ အမြင့် ၉၄ ပေရှိ သာသနာ့ဗိမာန် အဂ္ဂါဓိပတိ ဝိသုံ ဂါမ သိမ်တော်ကြီးကို ခမ်းနားထည်ဝါစွာဖြင့် တည်ဆောက်ထားမှု အခြေအနေများ၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား ဆေးသင်္ကန်း ကပ်လှူပူဇော်ခဲ့မှုနှင့် ဥဏ္ဏလုံမွေးရှင်တော်မြတ် တပ်ဆင်ပူဇော်ခဲ့မှု၊ လက်မှုအချောထည်လုပ်ငန်းနှင့် ဆေးသင်္ကန်း ကပ်ခြင်းလုပ်ငန်း ဆောင်ရွက် ပြီးစီးမှုအခြေအနေ၊ ရုပ်ပွားတော်မြတ်ကြီး ရေရှည်တည်တံ့ ခိုင်မြဲစေရေးအတွက် လေပြင်းတိုက်ခတ် မှုဒဏ်ခံနိုင်ရေး၊ မြေငလျင်ဒဏ်ခံနိုင်ရေးနှင့် သဘာဝဘေးဒဏ် အန္တရာယ်များမှ ခံနိုင်မှုရှိစေရေး စနစ်တကျတွက်ချက် တည်ဆောက်ခဲ့မှုနှင့် ခေတ်မီနည်းပညာများ အသုံးပြုတည်ဆောက်ခဲ့မှု၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ခြင်းလုပ်ငန်းများ အဆင့်ဆင့်တိုးတက်လာမှု၊ ရင်ပြင်တော်ကြီး တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှု၊ ဂန္ဓကုဋိတိုက်များ တည်ဆောက် ထားရှိမှု၊ သက်ကြီးရွယ်အိုများ ဘုရားရင်ပြင်တော်ပေါ်သို့ တက်ရောက်ရာတွင် အဆင်ပြေမှုရှိစေရေး စက်လှေကားထည့်သွင်း တည်ဆောက်ထားရှိမှု၊ မဟာဗောဓိပင် စိုက်ပျိုးထားရှိမှုနှင့် လင်းလွန်းပင် နှင့် အင်ကြင်းတော စိုက်ပျိုးဆောင်ရွက်လျက်ရှိမှု၊ ရေပန်းရင်ပြင်နှင့် ကျောက်စာရုံများ အဆင့်ဆင့် တိုးတက်လာမှု၊ ဗုဒ္ဓါဘိသေက အနေကဇာတင် အခမ်းအနားကျင်းပရန် ပြင်ဆင်နေမှုနှင့် ဘုရားကြီး တည်ဆောက် ပြီးစီးပါက တွေ့ရှိရမည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား ဗုဒ္ဓါဘိသေက       အနေကဇာတင်လှူခြင်း၊ ကျောက် စာရုံစေတီတော်များ ထီးတော် တင်လှူခြင်းနှင့် ရေစက်ချအခမ်းအနားများကို မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာ နေ့)၊ ခရစ်နှစ် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်တွင် နိုင်ငံတော်အဆင့် စည်ကားသိုက်မြိုက်စွာ ပြုလုပ်သွားမည့် အခြေအနေများကို ပြောကြားသည်။

ပေးအပ်လှူဒါန်း

 ထို့နောက် အခမ်းအနား တက်ရောက်လာကြသူများက မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ် တည်ဆောက်ခြင်းအတွက် ကြည်ညိုသဒ္ဓါပွားများလျက် အလှူငွေများကို ပေးအပ်လှူဒါန်းလာသဖြင့် ဦးဆောင်ဘုရား ဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လက်ခံရယူသည်။ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် မာရဝိဇယ ဗုဒ္ဓဥယျာဉ် တည်ဆောက်ခြင်းအတွက် ယနေ့ တက်ရောက်လာကြသူများ၏ လှူဒါန်းမှုအနေ ဖြင့် ပြည်တွင်း၊ ပြည်ပအလှူရှင် ၂၇၄ ဦးမှ လှူဒါန်းငွေ ၅ ဒသမ ၀၄ ဘီလီယံ (ငွေကျပ် သန်း၅၀၀၀ ကျော်)၊ အမေရိကန် ဒေါ်လာ ၂၃၀၀၀ နှင့် ထိုင်းဘတ်ငွေတစ်သိန်း တို့ဖြစ်ကြောင်း သိရှိရသည်။

ယင်းနောက် ဦးဆောင်ဘုရား ဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က မတည်အလှူငွေများ စုပေါင်းလှူဒါန်းကြခြင်းအပေါ် ကျေးဇူးတင်စကား ပြန်လည် ပြောကြားရာတွင် ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးဖြစ်လာမည့် စကျင်ကျောက်တုံးတော်ကြီးကို စတင် လှူဒါန်းသည်မှ အနေကဇာ တင်လှူခြင်းမပြုမီအထိ လှူဒါန်းကုသိုလ်ပြုမှုများသည် ကုသိုလ်ကို အစပြုထူထောင်ကြသူ(Founder) များပင် ဖြစ်ပါကြောင်း၊ ယခု လှူဒါန်းသည့် ကုသိုလ်မှာ အများ ကုသိုလ်ပင် ဖြစ်ပါကြောင်း၊ မင်းတုန်းမင်းကြီး တည်ထားခဲ့သည့် ကုသိုလ်တော်ဘုရားကြီးရှိ ကျောက်စာများမှာ နှစ်ပေါင်း ၁၆၀ ကျော်ရှိပြီဖြစ်သော်လည်း ယခုအချိန်အထိ ပျက်စီးယိုယွင်းမှုများ မရှိကြောင်း၊ အလားတူ ပုဂံရှိ ရှေးဟောင်း ဘုရားများသည်လည်း ယနေ့ထက်တိုင် တည်တံ့ နေဆဲဖြစ်သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ မာရဝိဇယ ကျောက်ဆစ်ရုပ်ပွားတော်မြတ်ကြီးမှာ နောင်နှစ်ပေါင်းများစွာ အထိ တည်တံ့ခိုင်မြဲနေမည်ဖြစ်ပြီး မိမိတို့၏ နောင်လာနောက်သားများ အဆက်ဆက်အထိ တည်ရှိနေမည်ဟု ယုံကြည်ပါကြောင်း၊ ထို့ကြောင့် ယခုပစ္စုပ္ပန်ကာလတွင် လှူဒါန်းခဲ့မှုများသည် မွန်မြတ်သည့် ကုသိုလ်များပင် ဖြစ်ပါကြောင်း၊ ယနေ့ ရှင်းလင်းပွဲသို့ အချိန်ပေး၍ တက်ရောက်ခဲ့ပြီး မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှုအပေါ် ကြည်ညိုသဒ္ဓါ စိတ်များဖြစ်ပေါ်၍ လှူဒါန်း ကုသိုလ်ယူမှုများအတွက်လည်း ဝမ်းမြောက်နုမော် သာဓုခေါ်ဆို အပ်ပါကြောင်း၊ ယနေ့ လှူဒါန်းမှုများအတွက် တူညီသည့် ကုသိုလ်များ ရရှိပါစေ ကြောင်းနှင့် စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေကြောင်းဖြင့် ဆုမွန်ကောင်းတောင်း ပါကြောင်း ပြောကြားသည်။

ရှင်းလင်းပြောကြား

ထို့နောက် အခမ်းအနား တက်ရောက်လာကြသူများသည် မာရဝိဇယဘုရားကြီးနှင့် ဗုဒ္ဓဥယျာဉ် ပုံစံငယ်များ၊ ပိဋကတ် ကျမ်းစာအုပ်များကို ပါဠိအက္ခရာ နှင့် Romanize Language တို့ဖြင့် ရိုက်နှိပ်ထားမှုနှင့် Tablet များအတွင်း ထည့်သွင်းထားရှိမှုများကို ကြည့်ရှုကြပြီး ဦးဆောင်ဘုရား ဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တည်ထားကိုးကွယ် မှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး အခမ်းအနား တက်ရောက်လာကြသူများသည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးနှင့် မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်း လှည့်လည်ကြည့်ရှု ဖူးမြော်ခဲ့ကြပြီး မာရဝိဇယ ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ထား ကိုးကွယ်ထားရှိမှု၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း သာသနိကအဆောက် အဦများ ထည့်သွင်းတည်ဆောက်ထားရှိမှု၊ မုစလိန္ဒနဂါးရုံဘုရားနှင့် ကျောက်စာရုံစေတီတော်များ တည်ထား ကိုးကွယ်ထားရှိမှုတို့နှင့် ပတ်သက်၍ တာဝန်ရှိသူများ၏ ရှင်းလင်းပြောကြားမှုများအပေါ် စိတ်ဝင်တစား လေ့လာဖူးမြော် ကြည်ညိုခဲ့ကြကြောင်း သတင်းရရှိသည်။  

 

 

No comments:

Post a Comment