Wednesday, July 26, 2023

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ စုဒ္ဒသမအစည်းအဝေး ဒုတိယနေ့ ကျင်းပ


 

 ရန်ကုန် ဇူလိုင် ၂၅

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ စုဒ္ဒသမ အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၈ နာရီက ရန်ကုန်မြို့ သီရိ မင်္ဂလာ ကမ္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ဆက်လက် ကျင်းပသည်။

အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော် ဆောင်၊ သန်လျင်မင်း ကျောင်း ပထမပြန်စာ သင်တိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာ ဘိဝံသ အမှူးပြုသည့် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် ဒုတိယပါမောက္ခချုပ်(စီမံ)နှင့် သာသနာရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ် သာသနာရေးမှူး များ တက်ရောက်ကြည်ညိုကြသည်။

အစည်းအဝေးတွင် သဘာပတိအဖြစ် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ အကျိုးတော်ဆောင် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသက ဆောင်ရွက် တော်မူပြီး အခမ်းအနားမှူးအဖြစ် တွဲဖက် အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ သီဟနာဒက ဆောင်ရွက် တော်မူသည်။

ဆက်လက်၍ အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယအဖွဲ့ခွဲ၏ စတုတ္ထအကြိမ် တာဝန်ကျရာ ကာလအတွင်း ဆောင်ရွက် ချက်များအနက် ဝိနိစ္ဆယရေးရာ ဆောင်ရွက်ချက်အပေါ် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တဝိသုဒ္ဓါစာရာဘိဝံသက လည်းကောင်း၊ သာသနာရေးရာ ဆောင်ရွက် ချက်များအပေါ် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဥတ္တရကလည်းကောင်း၊ ပညာရေးရာ ဆောင်ရွက်ချက် များအပေါ် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒဝရက လည်းကောင်း ဝေဖန်ဆွေးနွေးတော်မူကြသည်။

ထို့နောက် ဝိနိစ္ဆယရေးရာ၊ သာသနာရေးရာ၊ ပညာရေးရာကိစ္စရပ် များနှင့်စပ်လျဉ်း၍ ဆွေးနွေးဆုံး ဖြတ်တော်မူကြပြီး အစည်းအဝေးကို နံနက် ၉ နာရီခွဲတွင် ရပ်နားသည်။

မွန်းလွဲပိုင်းတွင် အစည်းအဝေး ဒုတိယပိုင်းကို ဆက်လက်ကျင်းပ ပြီး ဝိနိစ္ဆယရေးရာကိစ္စ၊ သာသနာရေးရာကိစ္စ၊ ပညာရေးရာကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေးဆုံးဖြတ်တော်မူကြသည်။

ယင်းနောက် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တတိယအဖွဲ့ခွဲ၏ စတုတ္ထအကြိမ် တာဝန်ကျရာ ကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဝေဖန်ဆွေးနွေးဆုံးဖြတ် ချက် များအပေါ် ဝိနိစ္ဆယရေးရာ ဆောင်ရွက်ချက်ကို အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ သုစိတ္တကလည်း ကောင်း၊ သာသနာ ရေးရာ ဆောင်ရွက်ချက်များကို သာသနဓဇ ဓမ္မာစရိယ ဒီဃဘာဏက ဘဒ္ဒန္တဝိရောစနက လည်းကောင်း၊ ပညာရေးရာ ဆောင်ရွက်ချက်များကို အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကောဏ္ဍညက လည်းကောင်း ပြန်ကြား လျှောက်ထားတော်မူကြသည်။

ဆက်လက်၍ အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တတိယအဖွဲ့ခွဲ၏ စတုတ္ထ အကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာကို တွဲဖက်အကျိုးတော် ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီဟနာဒက အတည်ပြုချက်ရယူပြီး အဋ္ဌမ အကြိမ် နိုင်ငံတော်သံဃမဟာ နာယက အဖွဲ့ ၄၇ ပါးစုံညီ စုဒ္ဒသမအစည်း အဝေးကို မွန်းလွဲပိုင်းတွင် အောင်မြင်စွာ ကျင်းပပြီးစီးသည်။    

ယနေ့အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီး များအား သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံဝေဠုဝန် (ရွှေကျင်) ကျောင်းတိုက် ဆရာတော်၊ မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တမာနိတဦးဆောင်သော တပည့်ဒါယကာ ဒါယိကာမ ဓမ္မမိတ်ဆွေများက ဆတ္တိံသတိမ (၃၆) ကြိမ်မြောက် အရုဏ်ဆွမ်းနှင့် နေ့ဆွမ်း တစ်နေ့တာ ဆက်ကပ်လှူဒါန်းကြသည်။

သတင်းစဉ်

No comments:

Post a Comment