Sunday, July 9, 2023

ရာသီဥတုပြောင်းလဲမှုလျှော့ချရေးသစ်တောထိန်းသိမ်းရေးတွင်ပါဝင်



သစ်တောသစ်ပင်များသည် သဘာဝပတ်ဝန်းကျင်ကို မျှတကောင်းမွန်အောင်ဖြစ်ပေါ်ရေးနှင့် သက်ရှိများ ရှင်သန်ဖြစ်ထွန်းရေးအတွက် များစွာအကျိုးပြုလျက်ရှိသည်။ သစ်တောသစ်ပင်များ၏ အကျိုးကျေးဇူး ဖြစ်ထွန်းမှု များမှာ များပြားလှသည်။ သစ်တောသစ်ပင်များသည် လူသားများ အကျိုးဖြစ်ထွန်းရေးအတွက် စဉ်ဆက်မပြတ် အထောက်အကူပြုလျက်ရှိသည်။ ထို့ကြောင့် သစ်တောသစ်ပင်များ ဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းကြိုးပမ်း ကြရမည် ဖြစ်သည်။

သစ်တောသစ်ပင်များနှင့် သဘာဝပတ်ဝန်းကျင်ကို လူတို့အလွန်အကျွံအသုံးပြုမှုကြောင့် ကမ္ဘာပေါ်ရှိ သစ်တောများ တစ်စထက်တစ်စ ပြုန်းတီးလာသည်။ တစ်ချိန်တည်းတွင် ရာသီဥတု ပြောင်းလဲမှုဖြစ်ပေါ်လာကာ သဘာဝဘေးအန္တရာယ် အမျိုးမျိုးပေါ်ပေါက်လာပြီး မြစ်၊ ချောင်း၊ အင်း၊ အိုင်များ ညစ်ညမ်းမှုဖြစ်ပေါ်လာသည်။ ရေချိုခန်းခြောက်မှုများ ဖြစ်ပေါ်လာသည်။ ထို့အပြင် မြေဆီလွှာများ ပျက်စီးပြုန်းတီးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းပျောက်ဆုံးခြင်း၊ သဘာဝဘေးအန္တရာယ်များ မကြာခဏကျရောက်ခြင်း စသည့်ဆိုးကျိုးများ ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပေါ်နေသည်ကို တွေ့ရမည်ဖြစ်သည်။

ဂေဟစနစ်များ ယိုယွင်းပျက်စီးမှုများနှင့်အတူ လူသားနှင့် သက်ရှိများ အသက်ရှင်ရပ်တည်ရေး အတွက် ကြီးမားသည့် ခြိမ်းခြောက်မှုများ ရင်ဆိုင်ကြုံတွေ့လာရပြီဖြစ်၍ သစ်တောများ မပြုန်းတီးရေးနှင့် တိုးချဲ့ စိုက်ပျိုးရေးတို့ကို စဉ်ဆက်မပြတ် လုပ်ဆောင်သွားကြရန် လိုအပ်နေပြီဖြစ်သည်။ ၂၀၂၃ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက သဘာဝဘေးအန္တရာယ်များ တားဆီးကာကွယ်ရေးနှင့် ရာသီဥတုပြောင်းလဲမှု လျှော့ချနိုင်ရေး၊ နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရေးတို့အတွက် သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောပြုစု ထိန်းသိမ်းခြင်း လုပ်ငန်းများကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် အလေးအနက် တိုက်တွန်းမှာကြားခဲ့သည်။

မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုအခြေအနေကို လေ့လာကြည့်မည်ဆိုပါက ကုလသမဂ္ဂ စားရေရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ သစ်တောသယံဇာတ ဆန်းစစ်လေ့လာခြင်း အစီရင်ခံစာအရ ၂၀၀၀ပြည့်နှစ်တွင် နိုင်ငံဧရိယာ၏ ၅၁ဒသမ၅၄ရာခိုင်နှုန်း၊ ၂၀၁၀ပြည့်နှစ်တွင် နိုင်ငံဧရိယာ၏ ၄၆ဒသမ၉၆ရာခိုင်နှုန်း၊ ၂၀၁၅ခုနှစ်တွင် နိုင်ငံဧရိယာ၏ ၄၂ဒသမ၉၂ရာခိုင်နှုန်းနှင့် ၂၀၂၀ပြည့်နှစ်တွင် နိုင်ငံဧရိယာ၏ ၄၂ဒသမ၁၉ရာခိုင်နှုန်း တဖြည်းဖြည်းလျော့ကျလာသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် သဘာဝသယံဇာတသစ်တောများ ပြုန်းတီးမှုလျော့နည်းရေးကို အလေးထား ဆောင်ရွက်သွားကြရန် လိုအပ်နေသည်။

မြန်မာနိုင်ငံတွင် လူဦးရေ၅၅သန်းကျော်ရှိပြီး နိုင်ငံအကျယ်အဝန်း၊ မြေအနေအထား၊ ရာသီဥတု၊ မြစ်ချောင်းများ တည်ရှိနေမှု အနေအထားများအရ မြေပေါ်သယံဇာတဖြစ်သည့် သစ်တောများကို အခြေခံသော စက်မှုလုပ်ငန်းများအား သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြင့် ကောင်းစွာဆောင်ရွက်နိုင်သည်ကို တွေ့ရသည်။ သစ်တောများကို စနစ်တကျထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်းဖြင့် နိုင်ငံအတွက် အကျိုးများစွာဖြစ်ထွန်းနိုင်ပေသည်။ မြန်မာနိုင်ငံ၏ အဖိုးတန် သဘာဝသစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်းကို ၂၀၁၇-၂၀၁၈ခုနှစ်မှ ၂၀၂၆-၂၀၂၇ ခုနှစ်အထိ ၁၀နှစ်စီမံကိန်းရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ယခုနှစ်မိုးရာသီတွင် နိုင်ငံပိုင် သစ်တောစိုက်ခင်းများအပါအဝင် သစ်ပင်ပေါင်း ၂၄ဒသမ ၆၁၉သန်း စိုက်ပျိုးတည်ထောင်လျက်ရှိကြောင်း သိရသည်။

နိုင်ငံ၏ အဖိုးတန်သစ်တောသယံဇာတများ ရေရှည်တည်တံ့ပြီး နိုင်ငံစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်အတွက် ချမှတ်ထားသည့် မြန်မာ့သစ်တောမူဝါဒကို အခြေခံပြီး သစ်တောများကို စီးပွားရေးအမြင်၊ လူမှုရေးအမြင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအမြင် အစရှိသည့်အမြင်မျိုးစုံဖြင့် စနစ်တကျစီမံအုပ်ချုပ် ဆောင်ရွက်သွားရမည်ဖြစ်သည်။ သစ်တောသစ်ပင်များ စိုက်ပျိုးထိန်းသိမ်းခြင်းသည် ကဏ္ဍစုံတွင် အကျိုးကျေးဇူးများ ရရှိဖြစ်ထွန်းနိုင်သည်။ သစ်တောသစ်ပင်များသည် ရာသီဥတုကို မျှတကောင်းမွန်စေပြီး ဇီဝမျိုးစုံမျိုးကွဲများတိုးပွားစေသည်။ ရေမြေတောတောင်သဘာဝကို ထိန်းသိမ်းကာကွယ် ပေးသည်။ သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ကာကွယ်ပေးနိုင်သည်။ သစ်တောထွက်ကုန် ပစ္စည်းများဖြင့် စားရေရိက္ခာများ ပံ့ပိုးပေးနိုင်သည့်အပြင် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုအကျိုးကျေးဇူးများစွာ ရရှိနိုင်သည်။

သို့ဖြစ်ရာ ရာသီဥတုပြောင်းလဲမှုလျှော့ချရေး၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့ရေး၊ တစ်နိုင်ငံလုံး သစ်တောဖုံးလွှမ်းမှု ကောင်းမွန်စေရေး၊ ဂေဟစနစ်ထိန်းသိမ်းနိုင်ရေးနှင့် သစ်တောထိန်းသိမ်းရေး လုပ်ငန်းများတွင် ပြည်သူများအားလုံး အမျိုးသားရေးတာဝန်အနေဖြင့် တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။။

ကြေးမုံ (အယ်ဒီတာ့အာဘော်)

 

No comments:

Post a Comment