Monday, July 10, 2023

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ရေနံချောင်းမြို့နယ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်

 




မကွေး ဇူလိုင် ၁၀

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ဇူလိုင် ၈ ရက်က ရေနံချောင်းမြို့နယ် မြို့ရှောင်လမ်း စံပြတမာစိုက်ခင်းတွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနက ကျင်းပသည့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော် အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် စိမ်းလန်းစိုပြည်ရေးနှင့် သစ်တောပြုစုထိန်းသိမ်းရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် ဒေသသစ်မျိုးဖြစ်သည့် တမာပင်များ စိုက်ပျိုးခြင်းလုပ်ငန်းအား နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်အရ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း တမာပင် စိုက်ပျိုးခြင်းအနေဖြင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနက ယနေ့အထိ ချောက်မြို့နယ် ရွှေပုံတောင် အထူးစိမ်းလန်းစိုပြည်ရေးစီမံကိန်းတွင် တမာ(၁၀၅၄၄၃၄)ပင်၊ တောင်တွင်းကြီးမြို့နယ် ဗိဿနိုးရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အထူးစိမ်းလန်းစိုပြည်ရေး လုပ်ငန်းတွင် တမာ (၁၄၀၀၀) ပင် စုစုပေါင်း တမာ(၁၀၆၈၄၃၄)ပင်ကို စိုက်ပျိုးခဲ့ပြီးဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီး စံပြတမာ စိုက်ခင်း(၁၀၀)ဧက တည်ထောင်ခြင်းကိုလည်း ချောက်ခရိုင် ရေနံချောင်းမြို့နယ် မြို့ရှောင်လမ်းတွင် ၂၀၂၂ ခုနှစ် မိုးရာသီက (၂၅) ဧကနှင့် ၂၀၂၃ ခုနှစ် မိုးရာသီတွင် (၇၅) ဧက စုစုပေါင်း (၁၀၀) ဧက တမာ (၄၃၅၀၀) ပင်ကို အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက တာဝန်ယူ စိုက်ပျိုးခဲ့ပြီးဖြစ်ပါ ကြောင်း၊ ဒါ့အပြင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့တွင် ပျိုးထောင်ထားရှိသော တမာပျိုးပင်(၅၀၀၀၀၀)ကိုလည်း တိုင်းအတွင် မြို့နယ်ဌာနဆိုင်ရာ များနှင့် ရပ်ကွက်ကျေးရွာများရှိ ဒေသခံပြည်သူများက ယခု ၂၀၂၃ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးလျက်ရှိပြီး အလားတူ နှောင်နှစ် ၂၀၂၄ ခုနှစ် မိုးရာသီမှာလည်း နောက်ထပ် တမာပျိုးပင် (၅၀၀၀၀၀) ဖြန့်ဝေစိုက်ပျိုးနိုင်ရန်အတွက် အဆိုပါဌာနများတွင် ပျိုးထောင်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ယခုလို တမာပင်စိုက်ပျိုးရခြင်း ရည်ရွယ်ချက်ကတော့ သဘာဝမြေဩဇာများ ပေါများစွာရရှိပြီး လယ်ယာသီးနှံများ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအထောက်အကူပြုစေဖို့၊ တမာရွက်ကတော့ ဆေးဖက်ဝင်သည့်အတွက် မြန်မာတို့ရဲ့ အိမ်သုံးဆေးလည်းဖြစ်သည့်အပြင် သဘာဝပိုးသတ်ဆေးအဖြစ် အသုံးပြုနိုင်ဖို့၊ ဓာတုမြေဩဇာ/ ပိုးသတ်ဆေးအသုံးပြုမှု လျော့ကျစေခြင်းဖြင့် သက်ရှိသတ္တဝါများ၏ ကျန်းမာရေးကို ပိုမိုကောင်းမွန်လာစေဖို့ စတဲ့ရည်ရွယ်ချက်တွေအပြင် တိုင်းဒေသကြီးအတွင် သစ်တော ဖုံးလွှမ်းမှု တိုးတက်ကောင်းမွန်ပြီး ဂေဟစနစ်နှင့် ရာသီဥတု မှန်ကန်မျှတစေရေးကိုလည်း အထောက်အပံ့ရရှိစေမှာ ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးဟာ အပူပိုင်းဇုန်အတွင်း ကျရောက်ပြီး မိုးရေချိန်လက်မ ၄၀ အောက်သာရရှိကာ အပူချိန် ၄၇.၃ ဒီဂရီစင်တီ ဂရိတ်အထိ မြင့်မားတဲ့အပြင် ခြောက်သွေ့ ကာလလည်းကြာရှည်သည့်အတွက် မြေတိုက်စားမှုများပြီး အပေါ်ယံ မြေဆီလွှာများ ကုန်ခမ်းသွားကာ အပင်းများ သဘာဝအတိုင်းမျိုးဆက်ရန် ခက်ခဲလှပါကြောင်း၊ သစ်တောများ နည်းပါးခြင်းကြောင့် အပူချိန်လွန်ကဲခြင်း၊ မိုးခေါင်ခြင်း၊ မြေဆီလွှာပျက်ဆီးပြီး သဲကန္တာရ ဖြစ်ထွန်းနိုင်သည့် အခြေအနေ ဖြစ်ပေါ်နိုင်တဲ့အတွက် သစ်ပင်စိုက်ပျိုးခြင်းကို မဖြစ်မနေ ဆောင်ရွက်ရန် လိုအပ်လာပါကြောင်း၊ မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသရှိ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး၊ ရာသီဥတုမျှတကောင်းမွန်လာခြင်းဖြင့် စိုက်ပျိုးရေးကို အထောက်အကူဖြစ်စေရန်၊ သစ်တောသစ်ပင်များ၏ တန်ဖိုးနှင့် အနှစ်သာရကို ဒေသနေပြည်သူများ သိရှိနားလည်စေရန်၊ ရေမြေသဘာဝဝန်းကျင်ကို ထိန်းသိမ်းရန်နှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည် သာယာလှပစေဖို့နဲ့ သစ်ပင်စိုက်ပျိုးပွဲတော်များကို နှစ်စဉ်ကျင်းပပြီး သာယာလှပသည့် စိမ်းလန်းသော အညာမြေဆီသို့ကြိုးပမ်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းလိုကြောင်း စသည်ဖြင့် ပြောကြား သည်။

ထို့နောက် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက စံပြတမာ စိုက်ခင်းတွင် စိုက်ပျိုးမည့် တမာပျိုးပင်များကို တာဝန်ရှိသူများထံ ပေးအပ်ကာ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်အဖြစ် ဝန်ကြီးချုပ်နှင့်အတူ တက်ရောက်လာသူများက တမာပျိုးပင် (၁၅၀၀) ကို စုပေါင်းစိုက်ပျိုးခဲ့ကြပြီး အဆိုပါ သစ်ပင်စိုက်ပျိုးနေမှုအား ဝန်ကြီးချုပ်နှင့်အဖွဲ့က လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနက စိုက်ပျိုးခဲ့သည့် စံပြတမာစိုက်ခင်း (၁၀၀) ဧက တည်ထောင်ခြင်းစီမံကိန်းတွင် ယခင်နှစ်က စိုက်ပျိုးထားသော သစ်တောစိုက်ခင်းများ ရှင်သန်ဖြစ်ထွန်းနေမှုကိုလည်းကောင်း၊ ဦးအောင်သောင်းရိုးနှင့် ကိုးဆယ်ရိုးတို့တွင် တစ်ဖက်ပိတ်ဆည်တည်ဆောက်နေမှု လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လုပ်ငန်းများ အချိန်မီပြီးစီးရေး၊ သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီရေး၊ လုပ်ငန်းလိုအပ်ချက်များကို လမ်းညွှန်မှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး၊ ရေနံချောင်း တက္ကသိုလ်ဝန်းအတွင်း တမာပင် (၅၀၀) စိုက်ပျိုးပွဲသို့ တက်ရောက်၍ ရေနံချောင်းတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ တမာပျိုးပင်များကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မောင်ညီညာ

No comments:

Post a Comment