Wednesday, July 12, 2023

ချင်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားနှင့် စုပေါင်းဝါဆိုသင်္ကန်းအောင်မြန်စွာ ဆက်ကပ်လှူဒါန်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်


ဟားခါး ဇူလိုင် ၁၂

၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးနှင့် စုပေါင်းဝါဆိုသင်္ကန်းအောင်မြင်စွာ ဆက်ကပ်လှူဒါန်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်တို့ တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးတွင် ချင်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာဝုန်ဆွန်းထန်က (၇၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးနှင့် စုပေါင်းဝါဆိုသင်္ကန်းအောင်မြင်စွာ ဆက်ကပ်လှူးဒါန်းနိုင်ရေးတို့အတွက် ကော်မတီများ စနစ်တကျဖွဲ့စည်းထားပြီး လုပ်ငန်းတာဝန်များကိုလည်း သတ်မှတ်ပေးထားပြီးဖြစ်သည့်အပြင် ကော်မတီဝင်များအနေဖြင့်လည်း အတွေ့အကြုံရှိပြီးဖြစ်သည့်အတွက် ယခင်အတွေ့အကြုံများအပေါ်အခြေခံပြီး အားနည်းချက်အနည်းဆုံးဖြင့် အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း၊ ဖွဲ့စည်းထားသည့် ကော်မတီများအနေဖြင့်  မိမိတို့၏လုပ်ငန်းတာဝန်များကို စနစ်တကျဆောင်ရွက်ရန် လိုအပ်သကဲ့သို့ သုံးစွဲထားသည့်အသုံးစရိတ်များကိုလည်း စားရင်းစစ်ဆေးခံနိုင်အောင် စနစ်တကျဆောင်ရွက်ရန်လိုကြောင်းဖြင့် အမှာစကားပြောကြားသည်။

ယင်းနောက် (၇၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးနှင့် စုပေါင်းဝါဆိုသင်္ကန်းအောင်မြင်စွာ ဆက်ကပ်လှူဒါန်းနိုင်ရေးအတွက် ဖွဲ့စည်းထားသည့် လုပ်ငန်း(၈)ခုမှ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက ကော်မတီအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ အတည်ပြုဆုံးဖြတ်ပေးရမည့်အချက်များနှင့် မိမိတို့ကော်မတီအလိုက် သုံးစွဲရမည့် အသုံးစရိတ် ခန့်မှန်းတွက်ချက်မှုများကို Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ရှင်းလင်းတင်ပြချက်များအပေါ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးဟန်ဝင်းအောင်၊ သယံဇာတရေးရာဝန်ကြီးဦးကျော်ငြိမ်းနှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့ ဖြည့်စွက်ရှင်းလင်းဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် ( ပြန်/ဆက် )



No comments:

Post a Comment