Saturday, July 29, 2023

နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးကျင်းပ

 

နေပြည်တော် ဇူလိုင် ၂၈

နေပြည်တော်ကောင်စီ ရင်းနှီး မြှုပ်နှံမှုကော်မတီ ၂/၂၀၂၃ အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် နေပြည် တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေး ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး လုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်ကြရန်လိုကြောင်း၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍသည် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ဒေသန္တရဖွံ့ဖြိုးတိုးတက်မှုအတွက် သာမက တိုင်းပြည်၏ ပြည်တွင်းထုတ်ကုန်တန်ဖိုးကို တိုင်းတာတွက်ချက်ရာတွင် အရေးပါသည့် Indicator တစ်ခုအဖြစ် ပါဝင်နေကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဖိတ်ခေါ်၍ ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးကို အကောင်အထည်ဖော်ဆောင်ရွက်ကြရန်လိုကြောင်း၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများနှင့် တာဝန်ရှိသူများ အချိတ်အဆက် မိမိပူးပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ၊ အတွင်းရေးမှူး ဒေါ်ယဉ်ယဉ်နွယ်က ကော်မတီသို့တင်ပြလာသည့် အမှာစာနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးချက် အစီရင်ခံစာကို ရှင်းလင်းတင်ပြရာ ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များအပေါ် လိုအပ်သည်များပြန်လည် ဖြည့်စွက်ဆွေးနွေး ခဲ့ကြသည်။

အစည်းအဝေးတွင် နေပြည်တော်ဒေသအတွင်း အလုပ်အကိုင်ပေါင်း ၁၀၀ ကျော် ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ အတည်ပြုမိန့်ထုတ်ပေးရန် သဘောတူဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment